ဘူးသီးတောင်တွင် လက်နက်ကြီးကျည်စထိမှန်၍ မွတ်ဆလင် ဘာသာရေးဆရာတစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဖိုခေါင်ချောင်း(မွတ်ဆလင်)ကျေးရွာမှ ဘာသာရေးဆရာတစ်ဦးမှာ ယမန်နေ့ (အောက်တိုဘာလ ၂၇ ရက်) ည (၆)နာရီခန့်တွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း မိသားစုဝင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

By Admin 28 Oct 2022

ဘူးသီးတောင်တွင် လက်နက်ကြီးကျည်စထိမှန်၍ မွတ်ဆလင် ဘာသာရေးဆရာတစ်ဦး ဒဏ်ရာရ

လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် ဖိုခေါင်ချောင်း(မွတ်ဆလင်)ကျေးရွာမှ ဘာသာရေးဆရာ ဆေးကုသမှု ခံယူနေစဉ်။

DMG ၊ အောက်တိုဘာ ၂၈

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဖိုခေါင်ချောင်း(မွတ်ဆလင်)ကျေးရွာမှ ဘာသာရေးဆရာတစ်ဦးမှာ ယမန်နေ့ (အောက်တိုဘာလ ၂၇ ရက်) ည (၆)နာရီခန့်တွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း မိသားစုဝင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဒဏ်ရာရရှိသူမှာ အသက်(၆၃)နှစ်အရွယ် ဦးနိုရူဆလင်ဖြစ်ပြီး ၎င်းသည် ဖိုခေါင်ချောင်းကျေးရွာနှင့် တစ်မိုင်ခန့်ဝေးသည့် စိမ်ညှင်းပြားကျေးရွာသို့ တရားဟောပြောရန်သွားသည့်လမ်းတွင် အနီးသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု သားဖြစ်သူ မာမတ်ယာဂုက DMG သို့ပြောသည်။

“သူက သောကြောနေ့တွေဆိုရင် ရွာတွေမှာ ဘာသာရေးတရားတွေဟောတဲ့ ဘာသာရေးဆရာ တစ်ဦးပါ။ မနေ့က အဲဒီ(စိမ်းညှင်းပြား)ရွာကို တရားဟောမယ်ဆိုပြီးတော့ သွားတာ။ သူနဲ့အတူ နောက်နှစ်ယောက်ပါသေးတယ်။ အဲဒီမှာ စိမ်းညှင်းပြားရွာကို မရောက်ခင် အနားမှာ လက်နက်ကြီးကျပြီးတော့ ကျည်ထိသွားတာပါ”ဟု ၎င်းကဆိုသည်။

ထိုသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဦးနိုရူဆလင်မှာ စအို တွင် ကျည်ထိမှန်ခဲ့ပြီး လက်ရှိ တွင် ဘူးသီးတောင် ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ဖိုခေါင်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မီရိုဆောင်က DMG သို့ပြောသည်။

“ဒဏ်ရာရတာကတော့ စအိုထဲမှာ ကျည်ဝင်သွားတာပါ။ အခုတော့ သူက ဘူးသီးတောင်ဆေးရုံမှ ဆေးကုသမှု ခံယူနေပါတယ်။ ကျည်ကိုတော့ အခုထုတ်ဖို့လုပ်နေပါတယ်။ နောက်ထပ် ဒဏ်ရာရတာတော့ မရှိဘူး။ ဒဏ်ရာကတော့ သိပ်စိုးရိမ်စရာ မရှိပါဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါ လက်နက်ကြီးကျည်မှာ ကံပြင်(မွတ်ဆလင်)ကျေးရွာဖက်မှ ကျရောက်လာခြင်းဖြစ်ကာ ယင်းကျေးရွာထဲတွင် မြန်မာစစ်တပ်က တပ်စွဲထားကြောင်းလည်း ဒေသခံများကပြောဆိုကြသည်။

ထိုသို့ မြန်မာစစ်တပ်က ကံပြင်ကျေးရွာအတွင်း တပ်စွဲထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ပြောဆိုချက်များအပေါ် တုန့်ပြန်ချက်ရရှိနိုင်ရန် ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားအုပ်စု၊ ဒိုင်းနက်ပြင် (မွတ်ဆလင်)ကျေးရွာအနီးတွင် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ကျည်စထိမှန်ခဲ့ကာ ဘူးသီးတောင်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။

ဗီဒီယိုများ