- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကျရောက်မှုကြောင့် ၁၀ တန်းကျောင်းသူတစ်ဦး ဒဏ်ရာရ
ဒဏ်ရာရရှိသူမှာ ၁၀ တန်းကျောင်းသူ မသိန်းသိန်းဇံဖြစ်သည်။ ၎င်းမှာ ယမန်နေ့(အောက်တိုဘာလ ၂၉ ရက်)က မိမိနေအိမ်၌ စာဖတ်နေစဉ် အနီးရှိ သစ်ပင်တစ်ပင်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ဘယ်ဖက်လက်တွင် ကျည်စထိမှန်သွားခြင်းဖြစ်သည်။
30 Oct 2022

Photo - APM
DMG ၊ အောက်တိုဘာ ၃၀
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ဆင်မကျော်(မြို)ကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၁၀ တန်းကျောင်းသူတစ်ဦးတွင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ဒဏ်ရာရရှိသူမှာ ၁၀ တန်းကျောင်းသူ မသိန်းသိန်းဇံဖြစ်သည်။ ၎င်းမှာ ယမန်နေ့(အောက်တိုဘာလ ၂၉ ရက်)က မိမိနေအိမ်၌ စာဖတ်နေစဉ် အနီးရှိ သစ်ပင်တစ်ပင်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ဘယ်ဖက်လက်တွင် ကျည်စထိမှန်သွားခြင်းဖြစ်သည်။
ကျည်စထိမှန်ခဲ့သည့် မသိန်းသိန်းဇံက “ကျမက အိမ်ထဲမှာ စာဖတ်နေတာ။ ဘေးအိမ်က သစ်ပင်မှာ လက်နက်ကြီးကျပြီးတော့ ဘယ်ဖက်လက်မှာ ကျည်စတွေထိသွားတယ်။ နောက်ပြီးတော့ အိမ်က သံဖြူတွေလည်း ပေါက်သွားတယ်။ အခုတော့ ကန်စောက်ဆေးခန်းမှာ ဆေးကုသပြီးတော့ ပြန်ဆင်းလာပါပြီ။ ဒဏ်ရာက စိုးရိမ်စရာမရှိဘူးလို့ ဆရာဝန်ကပြောတယ်”ဟု DMG သို့ ပြောသည်။
ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် (၅၃၉)တပ်ရင်းမှ လက်နက်ကြီးများ မကြာခဏပစ်ခတ်မှုရှိကြောင်း ဒေသခံများကပြောသည်။ ထို့ကြောင့် လူနေကျေးရွာများထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဟုလည်း ဆိုကြသည်။
ဆင်မကျော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်က “အိမ်တွေမှာတော့ သံဖြူတွေပေါက်သွားတာရှိတယ်။ အိမ်တစ်ဆောင်လုံး ပျက်စီးသွားတာတော့မရှိဘူး”ဟု ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်၍ မရသေးသဖြင့် တုန့်ပြန်ချက်တစ်စုံတစ်ရာ မရရှိသေးပေ။
ကျောက်တော်အခြေစိုက် ခမရ(၅၃၉)တပ်ရင်းမှ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ချောင်းတူ၊ ဗုဒ္ဓေါ၊ ရွက်ညိုတောင်၊ ဒေးဝန် စသည့်ကျေးရွာများမှ ဒေသခံ ၁၅၀၀ ကျော်မှာ စိုးရိမ်ကြောက်လန့်ပြီး ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။