ကျောက်တော်တွင် လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရ၊ နေအိမ်အချို့ပျက်စီး

ရခိုင်ပြည်၊ ကျောက်တော်မြို့၊ ကုလားတန်မြစ်အရှေ့ဖက်ကမ်းရှိ ပိန္နဲချောင်းကျေးရွာနှင့် ဝက်မှိုင်းကျေးရွာတို့တွင်  ယနေ့(အောက်တိုဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီကျော်အချိန်က လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံနှစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့ ပျက်စီးသွားကြောင်း သိရသည်။

By Admin 19 Oct 2022

ကျောက်တော်တွင် လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရ၊ နေအိမ်အချို့ပျက်စီး

ပိန္နဲချောင်းကျေးရွာတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသေးသည့် လက်နက်ကြီးကျည်တစ်လုံးကို တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၁၉

ရခိုင်ပြည်၊ ကျောက်တော်မြို့၊ ကုလားတန်မြစ်အရှေ့ဖက်ကမ်းရှိ ပိန္နဲချောင်းကျေးရွာနှင့် ဝက်မှိုင်းကျေးရွာတို့တွင်  ယနေ့(အောက်တိုဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီကျော်အချိန်က လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံနှစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့ ပျက်စီးသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသူနှစ်ဦးမှာ ဝက်မှိုင်းကျေးရွာမှ ကိုမောင်ကျာ်သန်း(၂၄)နှစ်နှင့် ကိုကျော်မောင် (၂၆)နှစ်တို့ ဖြစ်ကြသည်။ ယနေ့ နေ့လယ်ပိုင်းတွင် အဆိုပါကျေးရွာနှင့် တစ်မိုင်ခန့်ဝေးသည့် ကစ္ဆပနဒီတံတား စစ်ဆေးရေးဂိတ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ဒဏ်ရာရရှိသွားကြခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးကပြောသည်။

“ရွာအဆုံးက ဆန်စက်အနီးကိုတော့ လက်နက်ကြီးကျည်တစ်လုံး ကျတယ်။ အပျက်အစီးတော့ မရှိပါဘူး။ ဒါပေမဲ့ ဆန်စက်အနီးအနားမှာ ထိုင်နေတဲ့ ကောင်လေးနှစ်ယောက်ကတော့ လက်နက်အစအနတွေ ထိသွားတယ်။ သိပ်အများကြီးတော့ မဟုတ်ပါဘူး”ဟု ၄င်းကပြောသည်။

ယင်းအပြင် ကစ္ဆပနဒီတံတားစစ်ဆေးရေးဂိတ်အနီးရှိ ပိန္နဲချောင်းကျေးရွာသို့လည်း ယနေ့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ ကျရောက်ခဲ့သဖြင့် နေအိမ်အချို့ပျက်စီးသွားကာ မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များလည်း ရွာထဲတွင်ရှိနေသေးကြောင်း ရွာသားတစ်ဦးက ဆိုသည်။

“ပထမတော့ တံတားနားက ပေါက်သံတစ်ကြိမ် ကြားလိုက်ရတယ်။ မိုင်းပေါက်တာလား ဆိုတာတော့ ကျနော်တို့လည်း မသိရဘူး။ ပေါက်သံကြားတာနဲ့ တံတားပေါ်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရွာတွေကို တရစပ်ပစ်တယ်။ အိမ် ၃/၄ ဆောင်လောက် ပျက်စီးတာရှိတယ်။ ပြီးတော့ မပေါက်သေးတဲ့ လက်နက်ကြီးတွေလည်း အိမ်ထဲမှာ တွဲကျနေတယ်။ ရွာမှာတော့ ဘယ်သူမှ မရှိတော့ဘူး။ အဲဒီအတိုင်း ပစ်ထားခဲ့ရတယ်”ဟု ၄င်းကပြောသည်။

လက်ရှိတွင် ပိန္နဲချောင်းကျေးရွာသားများမှာ အနီးအနားရှိ ကျောက်တန်း၊ သဝင်ကိုင်း ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လျက် ရှိကြကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းအား ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ကျောက်တော်မြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း ကစ္ဆပနဒီတံတား စစ်ဆေးရေးဂိတ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပိုက်သည်(မွတ်ဆလင်)ကျေးရွာမှ အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့သည်။

ဗီဒီယိုများ