စစ်တွေ မြို့မဈေးကြီးအနီး စည်းကမ်းမဲ့ယာဉ်ရပ်နားနေမှုများအား ဒေသခံများဝေဖန်နေ 

ဈေးကြီးအနီးလမ်းများတွင် ယာဉ်ပိတ်ဆို့မှုများကို ယခင်က စည်ပင်နှင့်ယာဉ်ထိန်းရဲများက စည်းကမ်းထုတ် အရေးယူမှုများ ရှိခဲ့သော်လည်း  ထိရောက်မှုမရှိကြောင်း မြို့ခံများက ပြောဆိုသည်။

By Admin 10 Jan 2023

စစ်တွေ မြို့မဈေးကြီးအနီး စည်းကမ်းမဲ့ယာဉ်ရပ်နားနေမှုများအား ဒေသခံများဝေဖန်နေ 

 

DMG ၊ ဇန်နဝါရီ ၁၀ 

ရခိုင်ပြည်၊ စစ်တွေမြို့မဈေးကြီးအနီး လမ်းတစ်ဝိုက်တွင် အိန္ဒိယသုံးဘီးဆိုင်ကယ်များ (ဒေသအခေါ် တုတ်တုတ်)၊ နှစ်ဘီးဆိုင်ကယ်များနှင့် ခရီးသည်တင်ယာဉ်တချို့မှာ စည်းကမ်းမဲ့ယာဉ်ရပ်နားမှု များပြားလာသည့်အတွက် လမ်းပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်နေသည်။ ထိုကိစ္စများမှာ မြို့နယ်စည်ပင်နှင့် ယာဉ်ထိန်းရဲများက အရေးယူမှု အားနည်းနေခြင်းကြောင့်ဟု မြို့ခံများက ထောက်ပြဝေဖန် ပြောဆိုနေကြသည်။ 

စစ်တွေမြို့ခံ ဒေါ်ခင်သန်းဝေက “အန်တီတို့ သွားနေတဲ့ ဈေးလမ်းထဲမှာဆိုရင် တုတ်တုတ်ဆိုင်ကယ်တွေနဲ့ ဘေးတွဲဆိုင်ကယ်တွေက အရမ်းကို ရှုပ်ထွေးပြီး အဆင်မပြေမှုတွေ အများကြီးတွေ့ရတယ်။ အန်တီတို့က ဈေးနဲ့နီးတဲ့နေရာမှာ နေတယ်ဆိုတော့  အမြန်လိုပြီး  ဘေးတွဲဆိုင်ကယ်စီးလိုက်ပေမယ့် တခါတလေဆို လမ်းလျောက်ပြီးသွားနေတဲ့ နှုန်းထက်တောင် ပိုပြီးတော့ ကြန့်ကြာသလို ဖြစ်သွားတာတွေလည်း ရှိတယ်။ ပြီးရင် လမ်းကြောင်းလုရင်းနဲ့ကို သူတို့အချင်းချင်း စကားများပြီးတော့ စီးလာတဲ့ ခရီးသည်တွေက တခါတခါ ဘာလုပ်လို့လုပ်ရမှန်းကို မသိဘူး။ အဲလိုတွေဖြစ်ကုန်တယ်” ဟု ပြောသည်။ 

ဈေးကြီးအနီးလမ်းများတွင် ယာဉ်ပိတ်ဆို့မှုများကို ယခင်က စည်ပင်နှင့်ယာဉ်ထိန်းရဲများက စည်းကမ်းထုတ် အရေးယူမှုများ ရှိခဲ့သော်လည်း  ထိရောက်မှုမရှိကြောင်း မြို့ခံများက ပြောဆိုသည်။ ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အချိန်အတိုင်းအတာတစ်ခုထိ တင်းကြပ်စွာ လုပ်ဆောင်သင့်ကြောင်း မြို့ခံများက ပြောဆိုနေကြခြင်း ဖြစ်သည်။

“စည်းကမ်းတွေကို ထုတ်ပြန်ပြီးတော့ အရေးယူလိုက်၊ နှစ်လလောက် ပျောက်သွားလိုက်နဲ့ ဆိုရင်တော့ ဒီပုံစံအတိုင်းတွေပဲ ဆက်သွားနေမှာပဲ။ အဲဒီသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေရယ်၊ ယာဉ်ထိန်းရဲအဖွဲ့တွေက အချိန်အတိုင်းအတာတစ်ခုထိ ကြပ်ကြပ်မတ်မတ်နဲ့ ဆောင်ရွက်ပေးသွားမယ်ဆိုရင်တော့ လူတွေကလည်း နေသားတကျ ဖြစ်သွားလိမ့်မယ် ” ဟု ဒေါ်ခင်သန်းဝေက ဆက်ပြောသည်။

စစ်တွေမြို့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာမြို့ဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ဈေးလာဝယ်သူများနှင့် အမြဲစည်ကားနေသော စစ်တွေမြို့မဈေးကြီးတွင် အများပြည်သူ သွားလာရအဆင်ပြေစေရန်အတွက် စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းများကို ယခုထက်ပို စနစ်တကျဖြစ်အောင် ကိုင်တွယ်ရန် လိုအပ်နေခြင်းဖြစ်သည်။ 

“အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကိုယ်တိုင် ရုံးထိုင်တဲ့မြို့ဖြစ်တော့ စနစ်တကျဖြစ်ဖို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အာဏာပိုင်အဖွဲ့တွေကို ခေါ်ပြီးတော့ ဒီဟာကို စနစ်တကျဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုပြီး တစ်ရက်အစည်းအဝေးခေါ်ပြီး သေချာစည်းကမ်းသတ်မှတ် လိုက်မယ်ဆိုရင် အဆင်ပြေချောမွေ့သွားမယ့် သဘောရှိပါတယ်” ဟု စစ်တွေမြို့ခံ ဦးမောင်သာစိန်က ပြောသည်။ 

ယခုကဲ့သို့ စည်းကမ်းမဲ့ယာဉ်ရပ်နားမှုများ ဖြစ်နေခြင်းကို ဖြေရှင်းနိုင်ရန်အတွက် ဝန်ထမ်းနှင့်ပြည်သူ နှစ်ရပ်စလုံးတွင် တာဝန်ရှိကြောင်း ဌာနဆိုင်ရာ အငြိမ်းစားဝန်ထမ်းများက ပြောဆိုကြသည်။

အငြိမ်းစား လက်ထောက်ညွှန်ကြားရေးမှူး စည်ပင်အရာရှိ ဦးအောင်ကျော်ဝင်းက  “ရန်ကုန်မှာဆိုလို့ရှိရင် ယာဉ်ရပ်နားဖို့အတွက် နေရာတွေလုပ်ပေးထားတယ်။ ရပ်နားခတွေကို ပေးရတယ်။ တစ်နာရီဆိုဘယ်လောက်ပေးရမယ်၊ အဲလိုပေါ့။ ဒီမှာက အဲဒီစနစ် မရှိဘူးဆိုတော့ စည်းမဲ့ကမ်းမဲ့ဖြစ်တာတွေလည်း တစ်ကြောင်းပါတယ်။ တနည်းအားဖြင့်ဆိုရင် ရန်ကုန်မြို့တော်စည်ပင်တို့မှာဆိုရင် စည်းကမ်းထိန်းသိမ်းရေးအတွက် စည်ပင်ရဲ ဆိုတာရှိတယ်။ ဒီမှာက စည်ပင်ရဲမရှိဘူး။ စည်းကမ်းတွေကို ထိထိရောက်ရောက် မထိန်းသိမ်းနိုင်ဘူး။ အဲဒါကြောင့် စနစ်တကျဖြစ်နိုင်အောင် စည်ပင်ရဲအနေနဲ့ ဖော်ထုတ်ပြီး စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းတွေကို ဆောင်ရွက်သင့်တယ်လို့ မြင်မိပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့  မြို့မဈေးကြီး ဧရိယာတစ်ဝိုက် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မှု အခြေအနေများကို သိရှိနိုင်ရန် စစ်တွေမြို့နယ်စည်ပင်ရုံးကို DMG က သွားရောက်မေးခဲ့ရာ စည်ပင်အဖွဲ့တွင် လူအင်အားနည်းသည့်အတွက် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင် တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

#I002

ဗီဒီယိုများ