မောင်တောမြို့မှ ဈေးဆိုင်များ ရောင်းအားကျဆင်းနေ

“ဟိုဖက်ကလူတွေပြန်လာရင်တော့ အရောင်းအဝယ်ပြန်ကောင်းလာနိုင်ပါတယ်။ အခုကလူတွေမရှိတော့ ဘယ်သူ့ကို သွားရောင်းရပါ့မလဲ” ဟု မောင်တောမြို့မှ ဈေးသည် ဦးမောင်ထိန်က ပြောသည်။

By ဝံသ(မောင်တော) 17 Nov 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများ ပြန်လည်ဝင်ရောက်လာပါက စီးပွားရေးပြန်အဆင်ပြေလာနိုင်ကြောင်း ဈေးသည်များက ဆိုကြသည်။ (ဓာတ်ပုံ - ချလူးအောင်)

ဝံသ(မောင်တော) | DMG
နိုဝင်ဘာ ၁၇ ၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဈေးဆိုင်များ ရောင်းအားကျလျက်ရှိနေကြောင်း ၎င်းဈေးမှဆိုင်သည်များက ပြောဆိုကြသည်။

ယခုကဲ့သို့ ဈေးဆိုင်များရောင်းအားကျဆင်းနေသည်မှာ ၂၀၁၇ ခုနှစ် မောင်တောဒေသ အကြမ်းဖက်မှုဖြစ်ပွားပြီး နောက်ပိုင်းမှ စတင်ကျဆင်းလာခြင်းဖြစ်ကာ ယခုအချိန်ထိလည်း ယခင်ကဲ့သို့ ရောင်းအား မကောင်းသေးကြောင်း မောင်တောဈေးကြီးတွင် အထည်ဆိုင်ရောင်းချနေသူ ဦးမာမတ်နော်ဆိမ် က ပြောသည်။

“အရင်တုန်းက ရာနှုန်းပြည့်ရောင်းအားရှိခဲ့တယ်။ အခုကတော့ ၃၀ ရာခိုင်နှုန်းလောက်သာ ရှိတော့တယ်။ ၇၀ ရာခိုင်နှုန်းကျဆင်းသွားတယ်” ဟု ဦးမာမတ်နော်ဆိမ် က ဆိုသည်။

မောင်တောမြို့မဈေးတွင် ဈေးဆိုင်ခန်းပေါင်း ၄၀၀ ကျော်ရှိပြီး ၂၀၁၂ ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်တွင် ဈေးသည်များ အရောင်းအဝယ်ထိခိုက်မှုရှိခဲ့ကာ ယခု ၂၀၁၇ ဖြစ်စဉ်နောက်ပိုင်းတွင် အရောင်းအဝယ် ပိုကျဆင်းလာခြင်းဖြစ်ကြောင်း ဈေးသည်များက ဆိုကြသည်။

မောင်တောမြို့မှ ဈေးသည်များ အရောင်းအဝယ်ပုံမှန်ဖြစ်လာစေရန် ၂၀၁၇ ဖြစ်စဉ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများ ပြန်လည်ဝင်ရောက်လာရန်လိုအပ်ကြောင်းလည်း ဆိုကြသည်။

အခြားတစ်ဖက်တွင်လည်း စစ်တွေနှင့် မောင်တောကို လွတ်လပ်စွာသွားလာနိုင်ပါက မောင်တောမြို့မှ ဈေးသည်များ အရောင်းအဝယ် အဆင်ပြေလာနိုင်ကြောင်း မောင်တောဈေးသည်များက သုံးသပ်ပြောဆိုကြသည်။

စစ်တွေနှင့် မောင်တောကို ကုန်ရောင်းဝယ်သွားလာနိုင်သည့် အငူမော်-မောင်တောကားလမ်းမှာ တပ်မတော်နှင့် AA တို့ဖြစ်ပွားနေသည့် တိုက်ပွဲဖြစ်နှင့် ကားလမ်းတွင် မိုင်းပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ကုန်စည်စီးနင်းမှုမှာ ယခင်ထက်လျော့နည်းသွားခဲ့ရသည်။

“ဟိုဖက်ကလူတွေပြန်လာရင်တော့ အရောင်းအဝယ်ပြန်ကောင်းလာနိုင်ပါတယ်။ အခုကလူတွေမရှိတော့ ဘယ်သူ့ကို သွားရောင်းရပါ့မလဲ” ဟု မောင်တောမြို့မှ ဈေးသည် ဦးမောင်ထိန်က ပြောသည်။

၂၀၁၇ ခုနှစ်က မောင်တောဒေသအတွင်း ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခဲ့ရာ မောင်တောဒေသမှ လူဦးရေ ၇ သိန်းကျော်ခန့်သည် တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရ်ှသို့ ထွက်ပြေးသွားခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

၎င်းတို့ပြန်ဝင်လာရေးအတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၁၉ ခုနှစ် သြဂုတ်လတို့တွင် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် လွှဲပြောင်းလက်ခံရန်စီစဉ်ခဲ့သော်လည်း တစ်ဦးမျှ ပြန်ဝင်လာခြင်းမရှိခဲ့သေးပေ။

ယင်းသို့ ထွက်ပြေးသွားသူများ ပြန်ဝင်မလာသည်မှာ မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို သိထားသည်များရှိသလားဟု မောင်တောမြို့မှ ဈေးသည် မွတ်ဆလင်များကိုမေးမြန်းကြည်ရာ ၎င်းတို့အနေဖြင့်လည်း မသိကြောင်းသာ တုန့်ပြန်ခဲ့ကြသည်။

သို့သော် ထွက်ပြေးသွားသူများ မိမိတို့သဘောဆန္ဒဖြင့် ရခိုင်ပြည်နယ်ထဲသို့ ပြန်လည်ဝင်ရောက်လာသူများမှာ ယနေ့အထိ ၃၉၇ ဦးရှိနေပြီဖြစ်ကြောင်း မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ