စစ်တွေ‌မြို့မဈေးကြီး ဆိပ်ခံတံတားကို မပြုပြင်နိုင်သေး၍ ဈေးရောင်းဝယ်လာသည့် ခရီးသည်များ အခက်ကြုံ

“မိုခါ”မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် စစ်တွေမြို့က မြို့မဈေးကြီးဆိပ်ခံတံတားကို မုန်တိုင်းအလွန် ၄ လကျော် ကြာသည့်တိုင် ပြန်လည်မပြုပြင်နိုင်သေး၍ ခရီးသည်များနှင့် စက်လှေသမားများ အခက်အခဲ ကြုံနေရကြောင်း ပြောဆိုကြသည်။

By Admin 16 Sep 2023

မုန်တိုင်းကြောင့်ပျက်စီးသွားသည့် စစ်တွေမြို့၊ ဈေးကြီးဆိပ်ခံတံတားကို စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
မုန်တိုင်းကြောင့်ပျက်စီးသွားသည့် စစ်တွေမြို့၊ ဈေးကြီးဆိပ်ခံတံတားကို စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၁၆

“မိုခါ”မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် စစ်တွေမြို့က မြို့မဈေးကြီးဆိပ်ခံတံတားကို မုန်တိုင်းအလွန် ၄ လကျော် ကြာသည့်တိုင် ပြန်လည်မပြုပြင်နိုင်သေး၍ ခရီးသည်များနှင့် စက်လှေသမားများ အခက်အခဲ ကြုံနေရကြောင်း ပြောဆိုကြသည်။

အဆိုပါဆိပ်ခံတံတား ပျက်စီးနေသဖြင့် သွားလာရေးနှင့် ကုန်တင်ကုန်ချလုပ်ရာတွင် အခက်အခဲဖြစ်ရသည်ဟု စက်လှေမောင်းသည့် ကိုအောင်နိုင်ဦးက ပြောသည်။

“မိုခါနဲ့ တံတားက ပျက်စီးသွားတော့ အဆင်မပြေကြဘူး။ လူနာတွေနဲ့ အသက်ကြီးလူတွေ အတက်အဆင်းမှာ အဆင်မပြေကြဘူး။ ရေကျသွားရင် လှေကိုတွန်းချကြရတယ်။ ဝန်တင်၊ ဝန်ချကအစ အဆင်မပြေကြဘူး” ဟု ကိုအောင်နိုင်ဦးက ပြောသည်။

ပေါက်တော၊ မြေပုံ၊ မင်းပြားမြို့နယ်များရှိ ကျေးရွာများမှ ဒေသခံများမှာ ဈေးရောင်းဈေးဝယ်ရန် စစ်တွေမြို့သို့ လာကြရာတွင် အဆိုပါ ဈေးကြီးဆိပ်ခံတံတားကို အသုံးပြုနေကြခြင်းဖြစ်သည်။ အလားတူ ခရီးသည်တင်ဘုတ် အစီး ၆၀ ကျော်အပါအဝင် စက်လှေပေါင်း ၂၀၀ ခန့်မှာလည်း ၎င်းဆိပ်ခံတံတားကို အသုံးပြုပြီး နေ့စဉ်သွားလာ လှုပ်ရှားနေကြခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာမှ ခရီးသည် ဒေါ်သန်းသန်းနုက “ကမ်းတက်ရတာက ပေါင်ကျော်၊ ဒူးကျော်နဲ့ မိုးရွာတဲ့နေ့တွေဆိုရင် သွားတောင်မသွားရဲဘူး။ ကြောက်ဖို့ကောင်းတယ်။ တက်တောင် မတက်ဝံ့ဘူး။ မိုးရွာလေတိုက်ရင် မမြင်ရတော့ မသွားဝံ့ဘူး။ တံတားကပျက်နေတော့ အန္တရာယ်ဖြစ်မှာကိုလည်း ကြောက်ရတယ်” ဟု ပြောသည်။

ခရီးသည်များနှင့် စက်လှေသမားများ အခက်အခဲဖြစ်နေသည့်အတွက် ပျက်စီးနေသည့် တံတားကို အမြန်ဆုံးပြုပြင်ပေးရန် တောင်းဆိုနေကြသည်။

ပေါက်တောမြို့နယ်၊ ဆင်တက်မော် လိုင်းဘုတ်မောင်းသည့် ကိုအောင်မြင့်က “ခရီးသည်တွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ တံတားမရှိတော့ ဘယ်လိုမှ အဆင်မပြေကြဘူး။ အရင်ကတည်းက ဒီတံတားကပဲ တက်နေကြတာ။ အခု မိုခါကြောင့်ပျက်စီးသွားလို့ အတက်အဆင်းက လုံးဝအဆင်မပြေကြဘူး။ ဒီတံတားကို အမြန်ဆုံးလုပ်ပေးစေချင်တယ်။ ခရီးသည်တွေ အဆင်ပြေမှပဲ လိုင်းဘုတ်သမားတွေလည်း အဆင်ပြေမယ်” ဟု ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကို ဆက်သွယ်ရာတွင် အဆိုပါ ဆိပ်ခံတံတားမှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် သက်ဆိုင်ကြောင်း ပြောသည်။ မြန်မာ့ဆိမ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများနှင့် အဆက်သွယ်ရရှိရန် DMG မှ ကြိုးပမ်းနေဆဲဖြစ်သည်။

စစ်တွေမြို့ ဈေးကြီးဆိပ်ခံတံတားမှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် လက်အောက်တွင်ရှိပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဦးစီးဌာနက ခရီးသည်တင်ဘုတ်များထံမှ တစ်ရက်လျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် အခွန်ကောက်ခံကြောင်း သိရသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် လူဦးရေ ၁၁ သိန်း ကျော် ထိခိုက်နစ်နာခဲ့ရပြီး အဆောက်အအုံပေါင်း နှစ်သောင်းလေးထောင်ကျော် ပျက်စီးခဲ့သည်ဟု ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

#I006

ဗီဒီယိုများ