ကျောက်တော်မြို့နယ်တွင် ညအချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ မိသားစုဝင် ၃ ဦးသေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီစိ(ရခိုင်)ရွာတွင် ယမန်နေ့ (အောက်တိုဘာလ ၃၁ ရက်) ည ၁၁ နာရီအချိန်ခန့်က ကျောက်တော်မြို့၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(ကျောက်တော်) စကခ(၉)မှ ပစ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တွင် အိပ်နေသည့် မိသားစုဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

By Admin 01 Nov 2022

ကျောက်တော်မြို့နယ်တွင် ညအချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ မိသားစုဝင် ၃ ဦးသေဆုံး

DMG ၊ အောက်တိုဘာ ၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီစိ(ရခိုင်)ရွာတွင် ယမန်နေ့ (အောက်တိုဘာလ ၃၁ ရက်) ည ၁၁ နာရီအချိန်ခန့်က ကျောက်တော်မြို့၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(ကျောက်တော်) စကခ(၉)မှ ပစ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တွင် အိပ်နေသည့် မိသားစုဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူများမှာ တစ်အိမ်တည်းနေသူများဖြစ်ကြသည့် ဖခင်ဖြစ်သူ ဦးစိုးဝင်၊ အသက်(၄၅)နှစ်၊ မိခင်ဖြစ်သူ ဒေါ်သန်းသန်းဝေ (၄၄)နှစ်နှင့် သမီးဖြစ်သူ (၆)တန်းကျောင်းသူ မဖြိုးဖြိုးဝေ (၁၃)နှစ်တို့ဖြစ်ကြသည်။

“ည ၁၁ နာရီကျော်လောက်မှာ ကျတာပါ။ သူတို့က အိပ်ပျော်နေတာပါ။ အဲအချိန် လက်နက်ကြီးက သူ့အိမ်နံရံဘေးလာကျပြီး နံရံပေါက်ကွဲပြီး သူတို့မိသားစု ထိသွားတာပါ။ ပွဲချင်းပြီး သေဆုံးသွားပါတယ်။ သူတို့မှာ မိသားစုလေးဦးရှိတာ သားအကြီးက မလေးရှားမှာ အလုပ်လုပ်နေတာပါ”ဟု အနီးနားအိမ်က ဒေသခံတစ်ဦးက ပြောသည်။

ထို့အတူ ယမန်နေ့က ပီစိရွာထဲသို့ လက်နက်ကြီးကျည်(၇)လုံး ပစ်ခတ်ခဲ့ကာ ရွာထဲသို့(၄)လုံး ကျရောက်ပြီး အခြားနေအိမ်များ ပျက်စီးသွားကာ နွားများလည်း သေဆုံးသွားကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ကြီး ၇ လုံးပစ်တာမှာ ရွာထဲကို ၄ လုံးကျပါတယ်။ တစ်လုံးက အိမ်ဘေးကိုကျတာကြောင့် ပေါက်ကွဲပြီးအိပ်နေတဲ့ မိသားစုဝင် ၃ ယောက် ပွဲချင်းပြီးဆုံးသွားတယ်။ နောက်ထပ်တစ်လုံးကတော့ အဲဒီအိမ်ဘေးက ဦးသန်းတင်အိမ်ကို အိမ်အလယ်စီးကနေ လာကျတာပါ။ ဦးသန်းတင်ကတော့ အိမ်အောက်က ဗုံးခိုတွင်းမှာ ပုန်းနေလို့လွတ်သွားတာ။ အိမ်ကတော့ ပျက်စီသွားတယ်။ နောက်ထပ်နှစ်လုံးကတော့ သူအိမ်ရှေ့မှာကျတာ နွားကတော့ ၄ ကောင်သေပြီး ၂ ကောင်ဒဏ်ရာရပါတယ်”ဟု သူကပြောသည်။

ယမန်နေ့က အဆိုပါကျေးရွာအနီးတွင် တိုက်ပွဲတစုံတရာဖြစ်ပွားခြင်း မရှိခဲ့ဘဲ ကျောက်တော်အခြေစိုက် စကခ(၉)မှ ကျေးရွာများသို့ ရမ်းသမ်းပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်းလည်း ကျေးရွာသားများက ပြောဆိုနေကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

လက်ရှိတွင် ပီစိကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်သောကြောင့် ဒေသခံများမှာ စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့က ဆင်မကျော်ရွာသို့ ကန်စောက်တောင်ခြေရှိ ၅၃၉ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၀ တန်းကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယင်းအပြင် အောက်တိုဘာလ ၁၇ နေ့၊ ညဉ့်အချိန်ကလည်း ရွာထဲသို့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပိုက်သည်(မွတ်ဆလင်)ရွာမှ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။

ဗီဒီယိုများ