- အပ်စတိန်းသတင်းနှင့် ပတ်သက်၍ သမ္မတထရမ့်က ဝေါစထရိဂျာနယ်ကို တရားစွဲပြီး ဒေါ်လာ ၁၀ ဘီလျံ အလျော်တောင်း
- ကျောက်ဖြူတိုက်ပွဲ ဘယ်ခရီးရောက်နေပြီလဲ
- လေးမျက်နှာတွင် စစ်ကောင်စီ အင်အားဖြည့်ပြီးနောက် တိုက်ပွဲပြင်းနေ
- စစ်ကောင်စီလက်ချက်ကြောင့် စစ်တွေတွင် ကျေးရွာ ၁၆ ရွာထက်မနည်း ပျက်စီးနေ
- ရခိုင်တွင် စစ်ရှောင်ကျောင်းသားအချို့ ငွေကြေးမရှိ၍ ပညာမသင်နိုင်ကြ
“ဟားခါးနဲ့ ထန်တလန်ကို တိုက်မယ်ဆိုရင် CB အနေနဲ့ ပူးပေါင်းပါဝင်ဖို့ အသင့်ရှိတယ်”
ချင်းညီနောင်အဖွဲ့(CB)သည် အချိန်တိုအတွင်း အောင်မြင်မှုရလာတာ ဘာကြောင့်လဲ။ CB ၏ မဟာမိတ်ဆက်ဆံရေးအခြေအနေ၊ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက် စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို DMG က သီးသန့်မေးမြန်းထားသည်။
18 Jul 2025

DMG ၊ အင်တာဗျူး (ပထမပိုင်း)
ယနေ့ခေတ် ချင်းတော်လှန်ရေးသမိုင်းတွင် လက်တွေ့လုပ်ပြနိုင်စွမ်းနှင့် အောင်မြင်မှုအရှိဆုံး အဖွဲ့အဖြစ် ချင်းညီနောင်(CB)အဖွဲ့ကို မှတ်ချက်ပြုကြသည်။ ချင်းပြည်နယ်အတွင်း မြို့နယ် ၉ ခုရှိရာတွင် ချင်းညီနောင်အဖွဲ့က မြို့နယ် ၄ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားသည်။
ချင်းညီနောင်ကို ၂၀၂၃ ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး CDF Mindat၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)၊ PDF Zoland၊ CDF Matupi၊ CDF Kanpetlet နှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF တို့ ပါဝင်သည်။ အချိန်တစ်နှစ်ခွဲ ကာလအတွင်း စစ်ရေးအောင်မြင်မှုများ ရရှိခဲ့ပြီး ထိန်းချုပ်နယ်မြေလည်း ကျယ်ပြန်လာနေသည်။ အာရက္ခတပ်တော် (AA)နှင့်လည်း ခိုင်မာသည့် မဟာမိတ်ဆက်ဆံရေး ရှိနေသည်။
ချင်းညီနောင်အဖွဲ့(CB)သည် အချိန်တိုအတွင်း အောင်မြင်မှုရလာတာ ဘာကြောင့်လဲ။ CB ၏ မဟာမိတ်ဆက်ဆံရေးအခြေအနေ၊ ပလက်ဝအရေး၊ ထိန်းချုပ်နယ်မြေတွေကို ဘယ်လိုစီမံအုပ်ချုပ်နေသလဲ။ နောက်ထပ်စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက် စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို DMG က သီးသန့်မေးမြန်းထားသည်။
DMG - ချင်းညီနောင်တပ်ဖွဲ့ တည်ထောင်ပြီးချိန်ကစပြီး ဒီကနေ့အထိ ချင်းညီနောင်ရဲ့ စစ်ရေးရည်မှန်းချက်တွေ ဘယ်အတိုင်းအတာထိ ပြီးမြောက်နေပြီလဲဆိုတာ ဦးစွာသိပါရစေ။
၂၀၂၃ ဒီဇင်ဘာ ၃၀ မှာ ချင်းညီနောင်ကို စတင်ဖွဲ့စည်းခဲ့တယ်။ ဒီချိန်မှာ ၃ ဖွဲ့ပဲရှိပါတယ်။ မင်းတပ်၊ ဖလမ်းနဲ့ တီးတိန်း၊ တွန်းဇံက PDF-Zoland ဒီအဖွဲ့တွေနဲ့ စခဲ့ကြတယ်။ တော်လှန်ရေးကို တော်လှန်ရေးနဲ့တူအောင် လက်တွေ့ကျကျ ကိုယ့်မြို့နယ်၊ ကိုယ်ဒေသလွတ်မြောက်အောင် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရအောင် လုပ်မယ်ဆိုပြီးတော့ ရုန်းကန်ခဲ့ကြတာ။ အဲဒီတုန်းကတော့ စစ်ရေးရည်မှန်းချက်တော့ ရှိခဲ့တယ်။ ဒါပေမဲ့ ပထမဆုံးအနေနဲ့ ကျနော်တို့က အဖွဲ့ငယ်လေးတွေပဲဖြစ်တယ်။
၂၀၂၁ ကမှ စထားတဲ့ အဖွဲ့တွေဆိုတော့ တော်တော်များများက မကြာခင်ပျောက်သွားမယ့်အဖွဲ့၊ ဘာမှမလုပ်နိုင်တဲ့ အဖွဲ့ဆိုပြီးတော့ ဝိုင်းဝန်းတိုက်ခိုက်ကြတာ။ အစောပိုင်းမှာ ကျနော်တို့ရပ်တည်ဖို့အတွက် ရုန်းကန်ခဲ့ကြရတယ်။ အိမ်မက်တွေ အကြီးကြီးရှိကြတယ်ဆိုတော့ ကြိတ်ပြီးမှအလုပ်လုပ်ကြတာပေါ့။ ဒါနဲ့ပဲ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖော်လာကြတယ်။ ကျင်ဒွေးတို့၊ မတူပီတို့ မင်းတပ်တို့ ဖလမ်း၊ ကန့်ပက်လက်တို့ကို သိမ်းပိုက်ခဲ့ကြတယ်။
၂၀၂၄ နဲ့ ၂၀၂၅ မှာ စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်အောင်ဆိုပြီးတော့ ကြွေးကြော်ခဲ့ကြတာပေါ့။ ဒါပေမဲ့လည်း နိုင်ငံရေး အပြောင်းအလဲတွေဖြစ်တာ၊ စစ်ရေးအပြောင်းအလဲတွေ ဖြစ်တာတွေကြောင့် စစ်ရေးအောင်မြင်ဖို့ထက် အုပ်ချုပ်ရေး၊ နိုင်ငံရေးတည်ငြိမ်းရေး၊ လုံခြုံရေးတွေ လိုက်မမီမှာစိုးလို့ ကျနော်တို့ အလျှော့အတင်းပြန်ညှိနှိုင်းပြီးမှ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ဟန်ချက်ညီညီ သွားဖို့လိုတယ်ဆိုပြီး ပြင်ဆင်နေတာ။
စစ်ရေးအောင်မြင်မှုမှာဆိုရင်တော့ ကျနော်တို့ ထင်မှတ်မထားလောက်အောင် အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဥပမာ- ကျနော်တို့ စတိုက်တုန်းက အာရက္ခတပ်တော်အကူအညီ အများကြီးပါပြီးမှ တိုက်လာတယ်။ နောက်ပိုင်း အာရက္ခတပ်တော်ရဲ့ အကူအညီ နည်းသထက်နည်းလာပြီးမှ ကိုယ့်အားကိုကိုး လာအောင်ပေါ့။ ကန်ပလက်ဆိုရင် သေနတ်တစ်ချက်မဖောက်ဘဲ သိမ်းလိုက်ရတယ်။ ဖလမ်းဆိုရင်လည်း အာရက္ခတော်ရဲ့ ရဲဘော်တွေမပါဘဲ သိမ်းနိုင်ခဲ့တယ်။ သူတို့ရဲ့ အကြံဉာဏ်တွေ၊ လက်နက်ခဲယမ်းအကူအညီနဲ့ပဲ မြို့ကိုရအောင် သိမ်းနိုင်တယ်ပေါ့။ ကိုယ့်အားကိုကိုးလာအောင် ကျစ်လစ်ခိုင်မာလာအောင် လုပ်လာနိုင်တယ်။
DMG - ချင်းညီနောင်အနေနဲ့ လက်ရှိ ထိန်းချုပ်နယ်မြေတွေမှာ တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးတွေ စီမံနေတယ်။ ဆိုတော့ ထိန်းချုပ်နိုင်မှုအပိုင်းနဲ့ အုပ်ချုပ်မှုအပိုင်းမှာရော အခက်အခဲတွေရောရှိလား၊ ဘာတွေဖြစ်မလဲ။
အခက်အခဲကတော့ စစ်ကောင်စီကိုမောင်းထုတ်နိုင်ပြီး နယ်မြေထိန်းချုပ်နိုင်မှု ရသွားပေမဲ့ ဒေသမှာ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ကျတော့ စစ်ကောင်စီက တောက်လျှောက်ဗုံးကြဲနေတာရှိတယ်။ နောက်လူသားအရင်းအမြစ် တတ်သိပညာရှင်အားလိုတယ်။ နောက်ငွေကြေး အရင်းအမြစ်ပေါ့။ ဥပမာ - လမ်းတွေဖောက်လုပ်ဖို့၊ လမ်းတွေပျက်စီးနေတာ ပြင်ဆင်ဖို့ကျတော့ လုပ်ချင်သလောက် လုပ်လို့မရဘူး။ ငွေကြေးအရ အားနည်းချက်တွေ ရှိတာပေါ့။ ချင်းပြည်ဆိုတာကလည်း မြန်မာတစ်ပြည်လုံးမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး ပြည်ဖြစ်တယ်။
ပြီးတော့ ဒီလိုတော်လှန်ရေးကာလမှာ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ဆိုတာ အချိန်အများကြီး ယူရတယ်။ အခြေခံအုတ်မြစ်ကောင်းအောင် စိတ်ရှည်ရှည်နဲ့ ဘက်ပေါင်းစုံက ပါဝင်လာနိုင်အောင်နဲ့ ရရှိထားတဲ့ လွတ်မြောက်မှု၊ လွတ်လပ်မှု မဆုံးရှုံးသွားအောင် ခုခံကာကွယ်နေရတယ်။ ဒီကြားထဲ လေကြောင်း တိုက်ခိုက်ခံရတယ်။ ခုဏကပြောသလို တတ်သိပညာရှင်တွေ အားနည်းတာတွေကတော့ အခက်ခဲတွေပေါ့။ ဒါပေမဲ့ အခက်အခဲပေါင်းစုံကြားထဲကပဲ ကျနော်တို့က နေသားကျနေပါပြီ။ ဒီကြားထဲကပဲ ပညာရေးတွေ၊ ကျန်းမာရေးတွေ ဝန်ဆောင်မှုတွေ ပေးနိုင်တာ။ အုပ်ချုပ်ရေးဝန်ဆောင်မှုတွေ ပေးနေတာ။ တရားစီရင်ရေး ဝန်ဆောင်မှုတွေ၊ ကျေးရွာတွေမှာ ရာဇဝတ်မှု လျှော့နည်းသွားအောင်လုပ်တာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတာကအစ လုပ်နေတာတွေရှိတယ်။
DMG - ချင်းပြည်မှာ မြို့နယ် ၉ ခုရှိတဲ့အထဲ ဟားခါး၊ ထန်တလန်၊ တီးတိန် ၃ မြို့နယ်ကိုသာ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တော့တယ်။ ဒီအထဲက တီးတိန်မြို့ကိုလည်း တိုက်ခိုက်မယ်လို့ CB က ပြောထားတာရှိတယ်။ ဒီတော့ ဘယ်လိုပြင်ဆင်မှုတွေ ရှိနေလဲ။
ကျနော်တို့ ၆ ဖွဲ့ထဲမှာ ၅ ဖွဲ့ရဲ့ နယ်မြေတွေ စစ်ကောင်စီလက်အောက်က လုံးဝကင်းစင်သွားပါပြီ။ ဆိုတော့ တီးတိန်ပဲ ကျန်တော့တယ်။ ဒါက ကျနော်တို့ ထုတ်ဖော်ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ CB ရဲ့ နောက်ထပ်ပစ်မှတ်က တီးတိန်ဖြစ်ပါတယ်။ ပြင်ဆင်မှုတော့ ရှိပါတယ်။ စစ်ကောင်စီနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကြားမှာ တစ်ခုကွာခြားတာက စစ်ကောင်စီက အွန်လိုင်းပေါ်မှာ ဘယ်သူတွေဘာတင်နေလဲ။ ဘယ်လိုလုပ်နေလဲဆိုတာ တောက်လျှောက်ကြည့်နေတယ်။
စစ်ကောင်စီက လိုင်းပေါ်မှာ ဟောင်ဖွာဟောင်ဖွာ မလုပ်ဘူး။ သူက သူလုပ်စရာရှိတာပဲ လုပ်တယ်။ အခုပဲ ကလေး (ဒကစ)ဖက်က ချင်းပြည်မြောက်ဖက်ကို ထိုးစစ်ဆင်လာတာရှိတယ်။ ပြောချင်တာက ကျနော်တို့ဖက်က ပြင်ဆင်သလို စကစကလည်း ပြင်ဆင်မှုတွေလုပ်တယ်။ လက်ဦးမှုယူတဲ့ သဘောပေါ့နော်။ စစ်ကောင်စီက တီးတိန်းမြို့သိမ်းတိုက်ပွဲ မလုပ်နိုင်အောင် ပြင်ဆင်တဲ့သဘောမျိုးတွေ တွေ့ရတယ်ပေါ့။ ဘယ်အချိန် ဘယ်လိုဖြစ်လာမလဲ ဆိုတာကတော့ တော်လှန်ရေးအရွေ့ ရွေ့လာတာနဲ့အမျှ ပြည်သူတွေသိလာပါလိမ့်မယ်။ လောလောဆယ်တော့ ကျနော်တို့ ပြင်ဆင်နေတယ်။ အလုပ်လုပ်နေတယ်လို့ ပြောချင်ပါတယ်။
DMG - ဆက်လက်ပြီးတော့ ဟားခါးနဲ့ ထန်တလန်ကို CNF/CAN နယ်မြေဆိုပြီးတော့ ထားခဲ့မလား။ သို့မဟုတ် ဒီမြို့တွေကိုလဲ CB က သိမ်းပိုက်မဲ့အခြေအနေရှိမလား။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မြင်ရတာက ချင်းပြည်ထဲမှာ မြို့သိမ်းတိုက်ပွဲတွေ ဖော်တော့မယ်ဆိုရင် ဟိုအဖွဲ့တိုက်မယ်၊ ဒီအဖွဲ့ မတိုက်ရဆိုပြီးတော့ ပိုင်ရှင်ခံ အငြင်းပွားမှုတွေ ထုတ်ပြန်တာ ခဏခဏတွေ့နေရလို့ပါ။
ကျနော်တို့ ချင်းတော်လှန်ရေးမှာ ခက်တယ်ဗျာ။ ကိုယ်တိုင်ဦးဆောင်မှု ပေးနိုင်သလားဆိုတော့လည်း မပေးနိုင်ဘူး။ အတူတူ လက်တွဲလုပ်ကြမလားဆိုတော့လည်း မလုပ်နိုင်ဘူး။ ဒါကြောင့် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်အားကိုယ်ကိုးပြီးမှ လုပ်နိုင်တဲ့လူတွေနဲ့ ပူးပေါင်းပြီးလုပ်ကြတော့လည်း ဖျက်လိုဖျက်ဆီး လိုက်လုပ်တယ်ပေါ့။ ဒါက ချင်းပြည်နယ်မှာတွေ့နေရတဲ့ တော်လှန်ရေးအခြေအနေပဲ။ ဒီဟားခါး၊ ထန်တလန်အထဲမှာ ဟားခါးဆိုရင် ဗျူဟာပေါ့နော်။ ဟားခါးဗျူဟာ ၃ ရင်းထဲက ၂၆၈ က ဖလမ်း… ဒါကို သိမ်းပိုက်လိုက်ပြီ။ ၂၆၉ တီးတိန်ကျန်တယ်။ ဟားခါးက တကယ်တမ်းကျတော့ ခမရ ၂၆၅ နဲ့ ဗျူဟာလောက်ပဲရှိမယ်။ ထန်တလန်မှာကျတော့ အခြေစိုက်တပ်ရင်း ဘာမှမရှိဘူး။ ကာကင်းသဘောမျိုးလောက်ပဲရှိတယ်။ ဒါကို သူတို့ (CNF/CAN)က အကြိမ်ကြိမ်တိုက်တယ် မရဘူး။ ပြန်ဆုတ်လာရတယ်ပေါ့လေ။ ကျနော်တို့ CB ရဲ့ နယ်မြေတွေ လွတ်မြောက်သွားလို့ရှိရင် ကူချင်ပေမဲ့ တခါတလေ စေတနာက ဝေဒနာဖြစ်သွားနိုင်တာပေါ့။
တစ်ချို့ CDF တွေ၊ ဟားခါး CDF တို့ ဆိုလို့ရှိရင် တော်လှန်ရေးကို တကယ်လုပ်ချင်တယ်။ လွတ်မြောက်ချင်တယ်။ အဲဒီမှာ CNF/CNA က အချိန်မတန်သေးဘူး ယူဆဟန်ရှိပုံပေါ်ပါတယ်။ တိုက်မယ်၊ မတိုက်ဘူး ဆိုတာကိုတော့ သူတို့အချင်းချင်း အငြင်းပွားမှုရှိတာတွေ့ရတယ်။ ကျနော်တို့နဲ့ ဘယ်လို့ပူးပေါင်းဆောင်ရွက်မှုတွေ ရှိမလဲ ဆိုတာကတော့ ကူညီလည်း ကူညီရဦးမယ်၊ ဗိန်လိန်လည်း ဖြစ်မှာမျိုးတော့ မလိုချင်ဘူးပေါ့လေ။ တကယ်လို့ ဟားခါး၊ ထန်တလန်ကို တိုက်မယ်ဆိုရင် ပူးပေါင်းဖို့ကတော့ အဆင်သင့်ပါ။ ဒါပေမဲ့ ကျနော်တို့ ဘယ်လိုမျိုး ပူးပေါင်းဖို့နဲ့ ဘယ်လိုမျိုးတိုက်ယူကြမလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း လုပ်ထားဖို့တော့လိုတာပေါ့။
DMG - မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တဲ့အခါ CB အနေနဲ့ ဘယ်လိုအခက်ခဲတွေ ကြုံရလဲ။ ဥပမာ - လူထု၊ အင်အား၊ ထောက်ပို့၊ ရိက္ခာ၊ လက်နက်ခဲယမ်း စသဖြင့်ပေါ့လေ။
၂၀၂၁ မှာ စပေါ်လာတဲ့အဖွဲ့အနေနဲ့တော့ အကုန်လုံးအခက်ခဲရှိတယ်။ လူထုထောက်ခံမှုကိုလည်း ကျနော်တို့ ကြိုးစားရတယ်။ လူထုထောက်ခံမှုရှိတော့လည်း တပ်ဖွဲ့မှာ အင်အားရှိအောင်လုပ်ရတယ်။ တပ်ဖွဲ့လူဦးရေ ကိန်းဂဏန်းအရ အင်အားများသော်လည်းပဲ ကျစ်လစ်တဲ့၊ စည်းကမ်းရှိတဲ့၊ အမိန့်နာခံအောင် အားထုတ်ရတယ်။ လက်နက်ခဲယမ်း အားထုတ်ရတယ်။ တစ်ခါတလေတော့ တစ်ချို့တပ်ဖွဲ့ဝင်တွေက စည်းကမ်းရှိတယ်။ အမိန့်နာခံမှု ကောင်းတယ်။ ဒါပေမဲ့ ရှေ့တန်းမှာကျ တိုက်ရည်ခိုက်ရည် လုံးဝမရှိဘူး။ ဒီအတွက်လည်း ကျနော်တို့ ပြန်ပြင်ဆင်ရတယ်။
မြို့သိမ်းတိုက်ပွဲ တစ်ခုလုပ်တယ်ဆိုတာက နောက်ကထောက်ပို့ တအားရုန်းကန်ရတယ်။ ကံကောင်းတော့ ကျင်ဒွေးတို့၊ မတူပီတို့မှာ ဥပမာကောင်းတွေ၊ သင်ခန်းစာကောင်းတွေ ရခဲ့တယ်။ ဒီတော့ ကိုယ်ထင်ထားတာထက် အများကြီးပြင်ဆင်ရတယ်။ အများကြီးပိုလုပ်ရတယ်။ လက်နက်ခဲယမ်းဆိုတာက သေနတ်ဖောက်ပြီ ဆိုကတည်းက မပြီးမချင်း ပြတ်လို့မရဘူး။ ဒီလိုကျတော့ ကျနော်တို့ ဘယ်အချိန်ပြီးမလဲဆိုတာက ဘယ်လောက် ရဲစွမ်းသတ္တိရှိရှိ တိုက်ပွဲဝင်သလဲ။ ဗျူဟာကျကျ ဘယ်လောက်လှုပ်ရှားနိုင်သလဲ။ ရဲဘော်တွေ တိုက်ရည်၊ ခိုက်ရည် ဘယ်လိုရှိသလဲ အမျိုးမျိုးပေါ့နော်။ အခက်အခဲကတော့ ပေါင်းစုံနေတာပဲ။
ဝါရင့်တော်လှန်ရေးသမား KIA တို့၊ KNU တို့ တစ်ခြားအဖွဲ့ကြီးတွေတောင်မှပဲ တစ်ချို့မြို့တွေကို သိမ်းဖို့ခက်ခဲတာ။ မသိမ်းနိုင်ခဲ့တာတွေကိုကြည့်ရင် မြို့သိမ်းတိုက်ပွဲဟာ ဘယ်လောက်ခက်ခဲလဲ သိရပါတယ်။ ဥပမာ - ဖလမ်းတို့၊ မင်းတပ်တို့၊ မတူပီဆိုလည်း ဗျူဟာပဲ။ မင်းတပ်ဆိုရင်လည်း ဗျူဟာကုန်းပေါ့။ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့သူတွေ ထိုင်ခဲ့တယ်။ စစ်ဒေသမှူးတို့ ထိုင်တာ။ ဖလမ်းဆိုလည်း အင်အားဖြည့်တာကို လူအယောက် ၂၀၀ ၊ ၃၀၀ လောက်နဲ့ ခုနှစ်ကြိမ်၊ ရှစ်ကြိမ်လောက် အင်အားဖြည့်တာဆိုတော့ အဲဒီမှာခက်ခဲမှုကတော့ ပြောလို့မကုန်နိုင်ဘူး။
တစ်ခါတလေကျ ကျနော်တို့ကိုယ်တိုင် ဒီမြို့သိမ်းတိုက်ပွဲတွေကို ဘယ်လိုလုပ်နိုင်ခဲ့လဲဆိုတာ မယုံနိုင်လောက်အောင် တော်တော်ပင်ပန်းရတာပေါ့နော်။ ပြောမပြတတ်အောင် ခက်ခဲပါတယ်။ ဒါကြောင့်လည်း မြို့မသိမ်းနိုင်ကြတာ။ တကယ့်တကယ် ဗျူဟာတွေရှိတယ်။ စစ်ဒေသမှူးတွေ၊ ဗိုလ်မှူးကြီးတွေ ထိုင်တဲ့ဟာမျိုးဆိုရင် တော်ရုံတန်ရုံ သိမ်းရခက်တယ်ဆိုတော့ ဘယ်လောက်တောင် ပေးဆပ်ထားကြသလဲပေါ့ ဒီလိုမျိုးတွေ ခက်ခဲပါတယ်။
DMG - အရင်ကာလတုန်းက CB ဟာ အင်အားသေးတယ်ဆိုပြီး ပြောဆိုဝေဖန်မှုတွေလည်း တွေ့ခဲ့ရတယ်။ အခုတော့ ချင်းပြည်မှာ တကယ့်လက်တွေ့လုပ်ပြနိုင်တဲ့ အဖွဲ့တစ်ခုဖြစ်နေပြီ။ ဒါတွေက ဘာကြောင့်လို့ သုံးသပ်လို့ရလဲဗျာ။ ဆက်စပ်ပြီးတော့ အခု CB အပေါ်မှာ ချင်းလူထုထောက်ခံမှု ပြည်တွင်း၊ ပြည်ပ အခြေအနေရော အရင်နဲ့အခု ဘယ်လိုရှိမလဲ။
မြန်မာနိုင်ငံမှာလည်း မီဒီယာအာရုံစိုက်မှုနည်းတာက ချင်းပြည်ပါတယ်။ ဥပမာ ကရင်ဖက်၊ ကရင်နီဖက်၊ ရှမ်းမြောက်ဖက်တို့ဆိုရင် နိုင်ငံတကာမီဒီတာတွေ၊ ပြည်တွင်းကမီဒီယာတွေ တော်တော်အာရုံစိုက်ကြတယ်။ ချင်းဖက်မှာဆိုရင် အာရုံစိုက်မှုနည်းတယ်။ ပြည်တွင်းတောင်မှ အာရုံစိုက်မှုတအားနည်းတော့ နိုင်ငံတကာတော့ ပြောမနေပါနဲ့တော့။ ပြည်တွင်းက တော်တော်များများတောင် ချင်းရဲ့ Political lens တွေကို ဘာမှမသိခဲ့ဘူး။ ကျနော်တို့ ကိုယ်တိုင်လည်း အာဏာမသိမ်းခင် ဘာမှမသိခဲ့ဘူး။
၂၀၂၁ က အစိမ်းသပ်သပ် မအူမလည်နဲ့ ကိုယ်တိုင်ကိုယ်ကျဝင်ကြည့်တော့မှ မြင်သွားတယ်။ ၂၀၂၁ ကုန်သွားတော့ ၂၀၂၂၊ ၂၀၂၃ ရောက်တော့ ကျနော်တို့က ချင်းပြည်က ဘယ်အဖွဲ့က ဘယ်လိုစကားပြောတယ်။ ဘယ်အဖွဲ့က ဘယ်လို...ဘယ်လို ရှိတယ်ဆိုတာ အကုန်လုံးသိပြီးသွားပြီ။ ကျနော်တို့ ဒီပုတ်ထဲကဒီပဲတော့ အဖြစ်မခံနိုင်ဘူး။ တကယ်လွတ်မြောက်အောင် တိုက်ထုတ်မယ်ပေါ့။
စစ်ကောင်စီကို တိုက်ထုတ်မယ်ဆိုရင် ချင်းတော်လှန်ရေး တော်တော်များများက တစ်ချို့တွေကကျတော့ အဖွဲ့သာဖွဲ့ထားတာ အလုပ်မဖြစ်ဘူး။ တစ်ချို့အဖွဲ့တွေ နေရာမှာ စစ်ကောင်စီ မရှိဘူး။ တပ်ရင်းတွေ မရှိဘူး။ ချင်းပြည်နယ်က တော်တော်ကျယ်ပြီးတော့ စစ်တပ်က ဟားခါးဗျူဟာနဲ့ မတူပီဗျူဟာနှစ်ခုပဲရှိတာ။ နောက်ပိုင်းကျမှ ပလက်ဝမှာ တစ်ချို့အခြေချထိုင်လာကြတာ။ အရင်တုန်းက မရှိဘူးလေ။ မြို့နယ်ပေါင်း ၈ မြို့နယ် နယ်မြေတော်တော်ကျယ်တဲ့နေရာမှာ တပ်ရင်းက ၅ ခု၊ ၆ ခုလောက်ပဲ ရှိတယ်ဆိုတော့ စစ်ကောင်စီ လုံးဝမရှိတဲ့ နယ်မြေတွေ၊ ဒေသတွေ အများကြီးရှိတယ်။ အဲဒီမှာ CDF တစ်ခုထောင်ခဲ့ပြီးမှ ဘယ်မှာလည်း တိုက်ပွဲဝင်စရာမလို ဘာမှလုပ်စရာမလိုတဲ့ အဖွဲ့တွေ CDF တွေလည်းများတယ်ဆိုတော့ စစ်ကောင်စီကို တကယ်တိုက်ဖို့ဆိုတာက တစ်ချို့ ဝါရင့်တော်လှန်ရေးသမားတွေက စစ်ကောင်စီကို ငယ်ကြောက်ပုံစံလို ဖြစ်သွားကြပြီ။
စစ်ကောင်စီကို အပင်ပန်းခံပြီး တိုက်ထုတ်ဖို့မစဉ်းစားဘဲ နိုင်ငံရေးဖက်ကပဲ သံတမာန်ရေးလိုလို ဘာလိုလိုပေါ့။ ဒီလိုမျိုးတွေပဲ စဉ်းစားကြတော့ ကျနော်တို့အပင်ပန်းခံပြီး တကယ်လုပ်မယ်ဆိုတာကကျတော့ ခေါင်းထဲမှာ သိလာကြတာ။ ဆိုတော့ ကျနော်တို့စလုပ်တယ်။ သမိုင်းရေးတာကို မှန်တယ်ပဲပြောရမလား။ ဒါပေမဲ့ ကျနော်တို့ နောက်ကွယ်ကလည်း ကြိုးစားအားထုတ်မှုတွေနဲ့ တဖြည်းဖြည်းတက်လာတာ။ မင်းတပ်၊ ကန်ပက်လက်တို့ သိမ်းနိုင်တော့ တစ်နိုင်ငံလုံးက CB ဆို တော်တော်လေးသိလာတယ်။ နိုင်ငံတကာကလည်း ထောက်ခံလာတယ်။ ဒီတစ်အခါကျမှ ချင်းပြည်ရဲ့ Political lens ထဲမှာ တော်လှန်ရေးကို အလွဲသုံးစားလုပ်နေတာ တော်လှန်ရေး အဖွဲ့တွေအချင်းချင်းထဲမှာ အကွဲကွဲဖြစ်အောင် လုပ်နေတယ်။ ဘာညာ တစ်စတစ်စ ပေါ်လာတာပေါ့။ ဒီလိုပေါ်လာတော့ ပြည်သူတွေက ချင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေကိုလည်း သိလာတယ်။
ချင်းမှာ အဖွဲ့တွေကိုပေါင်းလိုက်ရင် အဖွဲ့ပေါင်း ၂၀ ကျော်တယ်။ တစ်မြို့နယ်ထဲ၊ မျိုးနွယ်စု တစ်ခုတည်းသော်လည်းကောင်း၊ နှစ်ဖွဲ့လောက်ဖြစ်နေတာ။ တစ်မြို့နယ်ထဲမှာပဲ လေးငါးဖွဲ့လောက်ဖွဲ့ နေတာတွေပေါ့။ ဒါတွေကို ပြည်သူတွေက မသိကြဘူး။ စိတ်လည်း မဝင်စားကြဘူး။ အခုလိုမျိုး ဘူးပေါ်သလိုမျိုး ပေါ်လာတော့မှ ပြည်သူတွေကသိကြတာ။ အခုတော့ ပြည်တွင်းပြည်ပ တောက်လျှောက် အာရုံစိုက်လာကြတယ်။ ချင်းပြည်ကို စစ်ကောင်စီကင်းစင်အောင်လုပ်ဖို့က CB ပဲ လုပ်နိုင်မယ်။ CB အပေါ်မှာပဲ မူတည်တယ်ဆိုတာကို ပြည်သူတော်တော်များများက လက်ခံလာကြတယ်။
DMG - ချင်းညီနောင်နဲ့ အာရက္ခတပ်တော်တို့အကြား ဘယ်အတိုင်းတာထိ မဟာမိတ်ဆက်ဆံရေးရှိကြလဲ။ AA ဖက်ကရော၊ CB ဘက်ကရော အပြန်အလှန် ဘယ်လိုအကူအညီတွေ ပေးထားတာရှိလဲ။
တော်လှန်ရေး ၂၀၂၁ မှာ စတယ်။ ချင်းအဖွဲ့တွေက အခြေခံဖွဲ့စည်းပုံဥပဒေရေးဖို့ တအားကြိုးစားကြတာ။ အကုန်လုံးက ပြဿနာတွေဖြစ်ကြပြီးတော့ ကွဲကြ၊ ပြဲကြ၊ ငြင်းခုံကြပေါ့။ ဟုတ်ပြီ ဥပဒေလည်းဆွဲပြီးပြီ၊ အစိုးရလည်း ဖွဲ့နိုင်လိုက်ပြီ ဘာမှလည်းဖြစ်မလာဘူး။ ပြည်ပြေးအစိုးရပဲ ဖြစ်နေတာပဲ။ ဝန်ကြီးတွေပါခန့်တယ်။ ဘာမှလည်း မလုပ်နိုင်ဘူး။ ဆိုတော့ ကျနော်တို့ ပထမနှစ်နှစ်၊ သုံးနှစ်လောက်က စာရွက်ရေးတဲ့ NCA လိုပေါ့။ နိုင်ငံရေးနဲ့ညှိနှိုင်းမယ်ဆိုရင် ပြေလည်သွားမယ်ပေါ့။
စစ်ကောင်စီရဲ့ အမာခံတပ်တွေ ဒီမြို့မှာ ထီးထီးကြီးထိုင်နေတာကို အိမ်မက်မက်ပြီး လမ်းလျောက်နေသလိုမျိုး ဖြစ်နေတာ။ ကျနော်တို့က အိပ်မက်ကနိုးလာသူတွေပေါ့လေ။ တကယ်ပင်ပင်ပန်းပန်းနဲ့ လမ်းလျှောက်မယ်လို့ နိုးလာတဲ့အခြေအနေမျိုးမှာ ကျနော်တို့ အာရက္ခတပ်တော်နဲ့ ချိတ်ဆက်တယ်။ အာရက္ခတပ်တော်က ကျနော်တို့ တပ်ရင်းတပ်ဖွဲ့တွေကို ပြင်ဆင်တယ်။ ဒီကနေ ပြန်စတယ်။ ရုန်းကန်ကြတယ်။ CB နဲ့ AA ရဲ့ ဆက်ဆံရေးက စာရွက်ပေါ်မှာ မဟုတ်ဘူး။ စာရွက်ပေါ်မှာ ဘယ်နှစ်ချက် အပေးအယူလုပ်ထားတယ်။ ဘယ်နှစ်ချက် သဘောတူ ထားတယ်ဆိုတာ မဟုတ်ဘူး။ ပျော့ပျောင်းတယ်။ တကယ့်ကို ယုံကြည်မှုတွေ တဖြည်းဖြည်းတည်ဆောက်ပြီးမှ လာကြတာ။
ချင်းနဲ့ ရခိုင်ဆိုတာ နယ်ချင်းသာ ဆက်နေကြတာ။ ဥပမာ - ကျနော် ရခိုင်ပြည်ကို ၂၀၂၁ နောက်ပိုင်းမှ တစ်ခေါက်ပဲ ရောက်ဖူးတယ်။ ၂၀၂၁ မတိုင်ခင်အထိ ရခိုင်စကား ကောင်းကောင်းပြောတဲ့သူလည်း မတွေ့ဖူးဘူး။ ရခိုင်နဲ့ ချင်းက သူတို့လည်း တခါမှမလာဘူး။ ကျနော်တို့လည်း တစ်ခါမှမသွားဘူး။ မင်းတပ်ကနေ နယ်အဖြောင့်တိုင်းလိုက်ရင် မြောက်ဦးတို့ဆိုတာ နီးနီးလေးပဲ။ ဒါပေမဲ့ မြောက်ဦးတို့ထက် ပိုဝေးတဲ့ မန္တလေး၊ ပခုက္ကူတို့ ရန်ကုန်တို့ပဲ ကျနော်တို့သွားကြတယ်။ အခုမှ စတွေ့ရတဲ့လူတွေ စချိတ်ဆက်နေတဲ့သူတွေ ယုံကြည်မှုကို တည်ဆောက်ကြတယ်။ အပြန်အလှန် ကူညီရိုင်းပင်းကြတယ်။ ကျနော်တို့မှာ စစ်ကောင်စီ ပြုတ်ကျဖို့ ဘုံရည်မှန်းချက်နဲ့ သွားနေကြတာဖြစ်တယ်။ မြေပြင်မှာ သွေးသောက်ရဲဘော် အသက်ပေးကာကွယ်ကြတဲ့ ရဲဘော်ရဲဖက်အဖြစ်နဲ့ပဲ ဆက်လက်ခရီးသွားနေကြတုန်းပဲ။ တစ်ဖက်မှာလည်း အင်အားအရ၊ ဝါစဉ်အရရော၊ အတွေ့အကြုံအရရော AA က ပိုကြီးတော့ AA ကပိုကူညီရတာပေါ့။
နောက်ရခိုင်ဒေသ လွတ်မြောက်အောင် လက်နက်ခဲယမ်းတွေ ရခိုင်ပြည်ကိုသွင်းတဲ့အချိန်မှာ ကျနော်တို့ ဒေသကဖြတ်ပြီး သွားရတာပေါ့။ စစ်ကောင်စီ အာဏာသိမ်းတဲ့အချိန်မှာ ကျနော်တို့က မင်းတပ်မြို့နယ်မှာ မြို့ပေါ်ကလွဲပြီး နယ်တွေအားလုံးကို ထိန်းသိမ်းထားနိုင်ခဲ့ကြတယ်။ CB မပေါ်လာခင်ကတည်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ စစ်ကောင်စီမြို့ပေါ်မှာပဲ နေနိုင်အောင် နယ်တွေအကုန်လုံးကို ထိန်းချုပ်ထားနိုင်တယ်။ ဆိုတော့ အာရက္ခတပ်တော်က ထိုးစစ်အကြီးတွေ ဆင်နွဲ့တော့မယ့်အချိန်မှာ အာရက္ခဒေသ လွတ်မြောက်ဖို့ လက်နက်ခဲယမ်း အများအပြားက ကျနော်တို့ဒေသက ဖြတ်သွားရတာပေါ့။
ဒီလိုမျိုး အကူအညီတွေ လုပ်ထားနိုင်တာကို စစ်ကောင်စီကသိတာပေါ့။ သိတဲ့အတွက်လည်း မင်းတပ်မြို့နယ်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီဗုံးကြဲတာဆိုရင် အကြိမ်ပေါင်း ၃၀၀ တောင် ရှိတော့မယ်။ ဆိုတော့ ခုဏကပြောသလို အာရက္ခဒေသ လွတ်မြောက်အောင်လုပ်မယ့် လက်နက်ခဲယမ်းတွေကို သယ်တဲ့အချိန်နဲ့ တခြားအရာတွေကိုလည်း တက်နိုင်သလောက် အပြန်အလှန် ကူညီကြတာပေါ့။ နည်းတယ်များတယ်ဆိုတာထက် ကိုယ်ဖက်က ဘယ်လောက်တတ်နိုင်လဲ။ ဘယ်လောက်ပါဝင်နိုင်လဲ။ သူတို့က ဘာလုပ်ချင်လဲ။ တစ်ခုခုလုပ်စရာရှိရင် တိုင်တိုင်ပင်ပင် အပြန်အလှန်ရိုင်းပင်းကူညီပြီးတော့ လုပ်ကြတာများပါတယ်။
(အင်တာဗျူး ဒုတိယအပိုင်းကို ဆက်ရန်ရှိ.....)