စစ်ကောင်စီကို မောင်းထုတ်လို၍ ချင်းညီနောင်အပေါ် ကူညီရခြင်းဟု AA ပြော

ချင်းပြည်တွင် ချင်းလက်နက်ကိုင်တပ်များအကြား ဖြစ်ကြသည့် ပဋိပက္ခထဲတွင် မပါဝင်ဘဲ ချင်းပြည်ထဲမှ စစ်ကောင်စီကို မောင်းထုတ်လို၍သာ ကူညီပေးခြင်းဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ရှင်းပြလိုက်သည်။

By Admin 12 Aug 2025

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ချင်းညီနောင်အဖွဲ့ဝင် CDF-Matupi (တပ်မဟာ-၁) အား အာရက္ခတပ်တော်က လက်နက်ခဲယမ်းထောက်ပံ့ခဲ့စဉ်။  ဓာတ်ပုံ - Chinland Defense Force Matupi - Brigade 1
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ချင်းညီနောင်အဖွဲ့ဝင် CDF-Matupi (တပ်မဟာ-၁) အား အာရက္ခတပ်တော်က လက်နက်ခဲယမ်းထောက်ပံ့ခဲ့စဉ်။ ဓာတ်ပုံ - Chinland Defense Force Matupi - Brigade 1

DMG ၊ ဩဂုတ် ၁၂

ချင်းပြည်တွင် ချင်းလက်နက်ကိုင်တပ်များအကြား ဖြစ်ကြသည့် ပဋိပက္ခထဲတွင် မပါဝင်ဘဲ ချင်းပြည်ထဲမှ စစ်ကောင်စီကို မောင်းထုတ်လို၍သာ ကူညီပေးခြင်းဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ရှင်းပြလိုက်သည်။

ထို့အတူ ချင်းတပ်အချင်းချင်းအကြား အတွင်းရေးကိစ္စများ လုံးဝ ပါဝင်ပတ်သက်မှုမရှိကြောင်းလည်း ဆိုသည်။

ချင်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုဖြစ်သည့် IMC / CDF - Mara တပ်ဖွဲ့နှင့် MTC / Mara Defense Force (MDF) တို့ ပြဿနာထဲတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ချင်းဒေသခံတို့၏ ပြောဆိုမှုအပေါ် ယင်းသို့ ဖြေရှင်းလိုက်ခြင်းဖြစ်သည်။

" ချင်းညီနောင်ကို ကျနော်တို့ ULA/AA က ကူညီပေးနေတယ်ဆိုတာက စစ်ကောင်စီကို ချင်းပြည်ထဲက မောင်းထုတ်ဖို့အတွက် ကျနော်တို့က စေတနာသန့်သန့်နဲ့ ကူညီပေးနေတာဖြစ်ပါတယ် " ဟု ယမန်နေ့က ပြုလုပ်သည့် ULA/AA ၏ ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်က စတင်ပြီး ချင်းပြည်နယ်၊ မရာနယ်မြေအတွင်း Chinlan CounciL အဖွဲ့ဝင် ဖြစ်သည့် IMC / CDF - Mara နှင့် ချင်းညီနောင်အဖွဲ့ဝင် MTC / MDF တပ်ဖွဲ့တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

ထိုသို့ နှစ်ဘက်ပြဿနာများအကြား AA အနေဖြင့် MDF ဘက်မှ စစ်ကူတိုက်ပေးနေသည်ဟု Chin Land ကောင်စီဝင် CDF - Mara ဘက်က ထုတ်ပြန်ထားပြီး ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေး မြန်းချက်ကို ဦးခိုင်သုခက ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး ဦးခိုင်သုခက " ကျနော်တို့ ULA/AA အနေနဲ့ သူတို့ အချင်းချင်းဖြစ်နေတဲ့ သူတို့ရဲ့ အတွင်းကိစ္စမှာ လုံးဝ ပါဝင်ပက်သက်မှု မရှိပါကြောင်း ပြောချင်ပါတယ်။ တကယ်လို့ ULA / AA ဟာ MDF ဘက်က ဝင်တိုက်တယ်ဆိုရင် အခုစွပ်စွဲနေတဲ့ အဖွဲ့အစည်းရဲ့ ဌာနချုပ်လည်း ရှိတော့မှာ မဟုတ်ပါဘူး " ဟု ပြောသည်။

MDF ဘက်မှ AA စစ်ကူတိုက်ပေးနေသည်ဟု စွပ်စွဲချက်မှာ အခြေအမြစ်မရှိသည့် စွပ်စွဲချက်သာ ဖြစ်ပြီး ချင်းညီနောင်အား စစ်ရေးအရ ကူညီပေးနေသည်မှာလည်း ချင်းပြည်နယ်အတွင်း စစ်ကောင်စီ ကင်းစင်ရန်အတွက်သာ ဖြစ်ကြောင်း ဦးခိုင်သုခက ဆက်ပြောခဲ့သည်။

ULA/AA က ချင်းညီနောင် (CB) တို့သည် ခိုင်မာသည့် မဟာမိတ်ဆက်ဆံရေး ရှိကြပြီး ချင်းပြည်အတွင်း စစ်ကောင်စီ ကင်းစင်ရေးအတွက် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲချိန်တွင် ULA/AA က ချင်းညီနောင် (CB) အဖွဲ့အား စစ်ရေးအကြံဉာဏ်နှင့် လက်နက်ခဲယမ်းထောက်ပံ့ ကူညီပေးခဲ့သည်။

" အာရက္ခတပ်တော်က ကျနော်တို့ တပ်ရင်းတပ်ဖွဲ့တွေကို ပြင်ဆင်တယ်။ ရုန်းကန်ကြတယ်။ CB နဲ့ AA ရဲ့ ဆက်ဆံရေးက စာရွက်ပေါ်မှာ မဟုတ်ဘူး။ စာရွက်ပေါ်မှာ ဘယ်နှစ်ချက် အပေးအယူလုပ်ထားတယ်။ ဘယ်နှစ်ချက် သဘောတူ ထားတယ်ဆိုတာ မဟုတ်ဘူး။ ပျော့ပျောင်းတယ်။ တကယ့်ကို ယုံကြည်မှုတွေ တဖြည်းဖြည်း တည်ဆောက်ပြီးမှ လာကြတာ" ဟု ချင်းညီနောင် ပြောခွင့်ရသူ ဆလိုင်းယောမန်က ဇွန်လက DMG နှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

ထို့အတူ AA နှင့် ချင်းညီနောင်တပ်များသည် စစ်ကောင်စီ ပြုတ်ကျရေးဘုံတူညီချက်ဖြင့်သာ သွားနေကြခြင်းဖြစ်ပြီး တစ်ဖက်တွင်လည်း အင်အားအရ၊ ဝါစဉ်အရရော၊ အတွေ့အကြုံအရရော AA က ပိုပြီး ကူညီရကြောင်းလည်း ဆလိုင်းယောမန်က ဆိုသည်။

ထို့အတူ အာရက္ခတပ်တော်သည် ချင်းတပ်ဖွဲ့တစ်ခုတည်း ကူညီနေခြင်းမဟုတ်သလို တစ်နိုင်ငံလုံးတွင် ဖြန့်ကျက်ပြီး PDF အပါဝင် အခြားသော လက်နက်ကိုင်အင်အားစုများကို ထောက်ပံ့မှုများ ပေးနေသည့် အဖွဲ့ဖြစ်သည်။

" အေအေ အနေနဲ့ တစ်နိုင်ငံလုံးမှာ ဖြန့်ကျက်ပြီး တိုက်ပွဲဝင် ကူညီနေတာပါ။ PDF တွေကို ဆိုရင်လည်းသင်တန်းပေးတာ တခြားထောက်ပံ့ကူညီမှုပေးတာတွေနဲ့ ကူညီပေးနေတယ်။ ဒီအထဲကမှချင်းလက်နက်ကိုင်တွေကို အေအေ ဘာကြောင့် ကူညီပေးနေလဲဆိုတာကို ဖြေရရင် ချင်းပြည်နယ်ဟာရခိုင်နဲ့ အနီးစပ်ဆုံး ပြည်နယ်တစ်ခုလည်း ဖြစ်တာကြောင့် ဒီနယ်မြေမှာ စစ်ကောင်စီကင်း စင်သွားတာက အေအေအတွက်လည်း အားသာချက် တစ်ခုပေါ့ " ဟု ရခိုင်မှ လူမှုရေးတက်ကြွလှုပ်ရှားသည့် လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို ULA/ AA ၏ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရက ယခင်မြို့နယ် အဆင့်မှ ခရိုင်အဆင့်သို့ ဖွဲ့စည်းပြီး အုပ်ချုပ်ရေး၊ ဒေသတည်ငြိမ်ရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည်။

ပလက်ဝမြို့နယ်တွင်းက စစ်ကောင်စီတပ်စခန်းများကို ULA/ AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သည့် မြို့နယ်လည်းဖြစ်သည်။

ပလက်ဝမြို့နယ်ကို ULA/ AA က အုပ်ချုပ်ရေးယန္တရားများ အကောင်အထည်ဖော်ဆောင်ရာတွင် ဒေသခံ ချင်းပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။