အိန္ဒိယပြည် ဝင်ခွင့် အထောက်ထားမှာ ပတ်စပို့ မဟုတ်ကြောင်း ဦးခိုင်သုခ ရှင်းပြ

အိန္ဒိယနိုင်ငံနှင့် ပလက်ဝမြို့နယ်ချင်း ထိစပ်နေသည့် နယ်စပ်ဂိတ်များတွင် ဒေသခံများ လုံခြုံရေးအတွက် နယ်စပ် ဖြတ်ကျော် အထောက်အထားများကို အာရက္ခတပ်တော် (AA)က ထုတ်ပေးနေကြောင်း သတင်းရရှိသည်။

By Admin 04 Sep 2025

အန္ဒိယ- ပလက်ဝ နယ်စပ်လမ်းပိုင်းတစ်နေရာကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လက တွေ့ရစဉ်။
အန္ဒိယ- ပလက်ဝ နယ်စပ်လမ်းပိုင်းတစ်နေရာကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လက တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၄

အိန္ဒိယနိုင်ငံနှင့် ပလက်ဝမြို့နယ်ချင်း ထိစပ်နေသည့် နယ်စပ်ဂိတ်များတွင် ဒေသခံများ လုံခြုံရေးအတွက် နယ်စပ် ဖြတ်ကျော် အထောက်အထားများကို အာရက္ခတပ်တော် (AA)က ထုတ်ပေးနေကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်ကနေ အိန္ဒိယနိုင်ငံသို့ သွားမည်ဆိုလျှင် ပတ်စပို့ (နိုင်ငံကူးလက်မှတ်) ကို ပလက်ဝနယ်စပ်ဂိတ်တွင် AA အာဏာပိုင်များထံမှ ထုတ်ယူရသည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ဦးခိုင်သုက အောက်ပါအတိုင်း ရှင်းပြလာသည်။

" ဒီဟာကတော့ အွန်လိုင်းပေါ်မှာ ဖွနေကြသလို နိုင်ငံကူးလက်မှတ် မဟုတ်ပါဘူး။ ကျန်းမာရေး၊ လူမှုရေး ကိစ္စတွေအတွက် နယ်စပ်ဖြတ်ကျော်သွားလာမှုတွေနဲ့ ပတ်သက်လို့ ကျနော်တို့ဖက်က လုံခြုံရေးဆိုင်ရာ လိုအပ်ချက်တွေ ကြီးကြပ်နိုင်ဖို့ အထောက်အထားတစ်ခုအနေနဲ့ မှတ်တမ်းတင်ထားတာသာ ဖြစ်ပါတယ်" ဟု ပြောသည်။

ဆက်လက်၍ " ကုန်သွယ်ရေးဆိုတာထက် လူသားချင်းစာနာမှုဆိုင်ရာအရေးပေါ် လိုအပ်ချက်တွေအတွက် အကူအညီပေးနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်တာသာ ဖြစ်ပါတယ်" ဟု ဦးခိုင်သုခက ရှင်းပြသည်။

ထို့အတူ အိန္ဒိယ နယ်စပ်လုံခြုံရေးနှင့် အဝင်အထွက်များကို စနစ်တကျ မှတ်တမ်းပြုလုပ်နိုင်ရန် တာဝန်ခံမှုရှိစေရန် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်အား ပြည်သူများကို AA က ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အာရက္ခတပ်တော်က ထုတ်ပေးသည့် နယ်စပ်ဖြတ်ကျော်ခွင့်ကဒ်မှာ Passport မဟုတ်ဘဲ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် ကုန်သည်များ၏ လုံခြုံမှုအတွက် ယာယီကဒ်ပြားပုံစံမျိုး ထုတ်ပေးခြင်းသာဖြစ်သည်ဟု အိန္ဒိယကုန်သည်တစ်ဦးက ပြောသည်။

" အဲဒီလက်မှတ်က အိန္ဒိယနိုင်ငံဖက်ကို သွားတဲ့အခါ တရာမဝင်ဖြတ်ကျော်မှုတွေ မရှိအောင် နောက်လုံခြုံမှု ရှိအောင်ဆိုပြီး ယာယီထုတ်ပေးတဲ့ ကဒ်အဆင့်သာရှိတယ်။ ထုတ်ပေးတဲ့ နေရာမှာလည်း ဒီဟာက Passport မဟုတ်ဘူးဆိုတာ ရုံးက ရှင်းပြပြီးသားဖြစ်တယ် " ဟု ပြောသည်။

လက်ရှိ အာရက္ခတပ်တော်က ထုတ်ပေးနေသည့် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ကို ပြီးခဲ့သည့် ဩဂုတ် လလယ်ပိုင်းကစ၍ ထုတ်ပေးနေခြင်းဖြစ်ပြီး သတ်မှတ်ချိန် တစ်ပတ်အထိ အိန္ဒိယနိုင်ငံထဲတွင် နေထိုင်ခွင့်ရမည်ဖြစ်သည်။

ထို့အတူ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ရောက်သည့်အခါ AA ထုတ်ပေးသော နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်မှာ အသုံးဝင်မှုမရှိကြောင်း ကုန်သည်များက ပြောသည်။

သို့သော် အိန္ဒိယကနေ ပလက်ဝဘက်ခြမ်းသို့ ပြန်ဝင်လာပါက အဆိုပါ လက်မှတ်ကို ပြပြီး နယ်စပ်ဂိတ်တိုင်းကို ဖြတ်သန်းနိုင်ကြောင်း သိရသည်။

" အိန္ဒိယ ဘက်ကိုသွားတာမှာတော့ အဓိက အိန္ဒိယ နယ်ခြားစောင့်တပ် အာသံရိုင်ဖယ်တပ်က လုံခြုံရေး တင်းကျပ်တာရှိပါတယ်။ ကျနော်တို့ သွားတော့ အဲဂိတ်က ပိတ်ထားလို့ ပြန်လာခဲ့ရတယ်။ အပြန်တွေမှာလည်း စစ်ဆေးမှုတွေ တင်းကျပ်တာတွေ ရှိတယ်။ လမ်းခရီး ကြမ်းရတဲ့အထဲ ကြန့်ကြာတာပေါ့ဗျာ " ဟု နောက်ထပ် ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက ရခိုင်ပြည်ကို ကုန်စည်စီးဆင်းခွင့် ပိတ်ပင်ထားခြင်းကြောင့် ရခိုင်ပြည်သူများ လိုအပ်သည့် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီများကို မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ကနေ ပလက်ဝ နယ်စပ်လမ်းကြောင်းအတိုင်း အဓိက တင်းသွင်နေရခြင်း ဖြစ်သည်။

ထို့အတူ ပလက်ဝဒေသခံများနှင့် ရခိုင်ပြည်သူအများအပြားမှာလည်း လူမှုရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများတွင် အိန္ဒိယကို မှီခိုနေရသည်။

ယခင်က ရခိုင်ပြည်သို့ မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပန်းတောင်း-တောင်ကုတ်-ကျောက်ဖြူလမ်းနှင့် ဧရာဝတီ-ငသိုင်းချောင်း-ဂွ လမ်းများနေ အခြေခံစားသောက်ကုန်၊ အဝတ်အထည်စသည့် လိုသမျှပစ္စည်းများကို ရန်ကုန် ၊ မန္တလေး ပြည်မကနေတင် သွင်းခဲ့ပြီး အိမ်ဆောက် ပစ္စည်းနှင့် အခြား စက်ပစ္စည်းများကို ပင်လယ်လမ်းကြောင်းကနေ ကုန်သင်္ဘောကြီးများဖြင့် ရခိုင်ပြည် စစ်တွေမြို့က ဖြန့်ဝေနေခြင်းဖြစ်သည်။

လက်ရှိတွင် ရခိုင်သို့ ပုံမှန်ကုန်သွယ်ရေးလမ်း ပိတ်ဆို့ခံထားရသဖြင့် အဓိက လိုအပ်နေသည့် အခြေခံကုန်ပစ္စည်းများ ဒေသတွင်းသို့ အလွယ်တကူ မရောက်နိုင်သဖြင့် ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ပြည်သူများ အလူးအလဲ ခံစားနေကြရသည်။