အာဖဂန်ငလျင်ကြောင့် သေဆုံးသူ ၂၂၀၀ ကျော်လာပြီ

အာဖဂန်နစ္စတန်နိုင်ငံတွင် ပြီးခဲ့သော သီတင်းပတ်အကုန်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူ အရေအတွက်သည် စက်တင်ဘာလ ၄ ရက်နေ့အထိ ထုတ်ပြန်ထားသော စာရင်းအရ ၂၂၀၀ ကျော်နေပြီဖြစ်သည်။

By Admin 05 Sep 2025

ဓာတ်ပုံ - Reuters
ဓာတ်ပုံ - Reuters

အာဖဂန်နစ္စတန်နိုင်ငံတွင် ပြီးခဲ့သော သီတင်းပတ်အကုန်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူ အရေအတွက်သည် စက်တင်ဘာလ ၄ ရက်နေ့အထိ ထုတ်ပြန်ထားသော စာရင်းအရ ၂၂၀၀ ကျော်နေပြီဖြစ်သည်။

ဒဏ်ရာရသူ အရေအတွက်မှာလည်း လက်ရှိအချိန်အထိ ၃၆၀၀ ကျော်သွားပြီဖြစ်ကြောင်း တာလီဘန်အစိုးရက ထုတ်ပြန်ထားသည်။

သြဂုတ်လ ၃၁ ရက်နေ့ညဉ့်က လှုပ်ခတ်ခဲ့သော အဆိုပါငလျင်သည် ပြင်းအား ၆.၀ မဂ္ဂနီကျုရှိကာ ပါကစ္စတန်နယ်စပ်အနီး တောင်ထူထပ်ရာ ဒေသတွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူအများစုမှာ ငလျင်ဒဏ်ကို အဓိက ရင်ဆိုင်ခဲ့ရသည့် ကူနာခရိုင်မှဖြစ်သည်။ ဤအရပ်သည် နဂိုတည်းက သွားလာရ အလွန်ခက်ခဲသည့် ဒေသဖြစ်သလို ငလျင်နောက်ပိုင်း ကျောက်စိုင်ကျောက်ခဲများ ပြိုကျမှုများကြောင့်လည်း ကယ်ဆယ်ရေး လုပ်ငန်းများမှာ နှောင့်နေးနေပြီး လက်ရှိအထိ အပြီးမသတ်နိုင်သေးခြင်း ဖြစ်သည်။

"ပြိုကျသွားတဲ့ အဆောက်အအုံတွေ အောက်ကနေ အလောင်းတွေ ရာပေါင်းများစွာ တွေ့ရှိခဲ့ရပါတယ်" ဟု အာဖဂန်အစိုးရ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် ဟမ်ဒူလာဖီရက်က X လူမှုကွန်ရက်ပေါ်၌ ရေးသားထားသည်။

ငလျင်ဧရိယာများတွင် အပျက်အစီးများကြား၌ ယခုအချိန်အထိ အလောင်းများ ဆွဲထုတ်နေရဆဲဖြစ်သဖြင့် သေဆုံးသူအရေအတွက် ပိုများလာဦးမည်ဖြစ်ကြောင်း ကယ်ဆယ်ရေး ဝန်ထမ်းများက ပြောကြားထားသည်။