လွတ်လပ်ရေးအရသာကို ပြည်သူတွေ ခံစားဖူးကြပြီလား

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းကစလို့ တိုင်ပြည်ရဲ့ အချုပ်အခြာအာဏာကို စစ်တပ်ကသာ ကြီးစိုးခဲ့တာများပြီး တိုင်းရင်းသားလက်နက်ကိုင်ရှိတဲ့ ဒေသတွေမှာ ဥပဒေမဲ့ ကျင့်သုံးခဲ့တဲ့ဖြစ်စဉ်တွေ အများအပြားရှိခဲ့ပါတယ်။

Admin 04 Jan 2023

 

အယ်ဒီတာ့အာဘော်

အင်္ဂလိပ် ကိုလိုနီဘဝကနေ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာဟာ စိန်ရတုအထိမ်းအမှတ်ဖြစ်တဲ့ ၇၅ နှစ် တိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးဆိုတဲ့ စကားလုံးဟာ လက်ရှိအချိန်ထိ ပြည်သူတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိသေးဘဲ အုပ်ချုပ်သူအဆက်ဆက်အတွက် အခမ်းအနားကျင်းပဖို့ စကားလုံးတစ်ခုအဖြစ်သာ ရှင်သန်လို့နေပါသေးတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အင်္ဂလန်အထိ သွားရောက်အရေးဆိုခဲ့ပေမဲ့လည်း အောင်မြင်မှု မရရှိတဲ့အခါမှသာ တိုင်းရင်းသားပေါင်းစည်းညီညွတ်ရေး ဆိုတဲ့စကားလုံး ပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။ အမှန်တကယ်တော့ လက်ရှိအချိန်ထိ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဆိုတာကို အကောင်အထည် မဖော်နိုင်သေးလို့ ပြည်တွင်းစစ် တာရှည်နေရတာသာ ဖြစ်ပါတယ်။

တောင်တန်း-ပြည်မ ပေါင်းစည်းရေးဆိုတာဟာလည်း ရုပ်ပြတစ်ခုသာဖြစ်ခဲ့ပြီး ၁၉၄၇ ပင်လုံကတိကဝတ် ဆိုတာဟာလည်း အာဏာရှင်အဆက်ဆက်ရဲ့ လှည့်စားခြယ်လှယ်မှုတွေကြောင့် ပျောက်ဆုံးသွားခဲ့ရပါတယ်။

ကရင်တစ်ကျပ်-ဗမာတစ်ကျပ်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိစကားကို နောက်ထပ် အာဏာရရှိလာသူတွေက အကောင်အထည်ဖော်လာကြတဲ့အခါ ကရင်တစ်ကျပ်-ဗမာတစ်ကျပ်တင် မကတော့ဘဲ ရခိုင်တစ်ကျပ်-ဗမာတစ်ကျပ်၊ ရှမ်းတစ်ကျပ်-ဗမာတစ်ကျပ် လုပ်လိုက်ကြတဲ့အခါ တိုင်းရင်းသားလူမျိုးကြီး ၇ မျိုးက ၇ ကျပ် ဗမာလူမျိုးက ၇ ကျပ်ဆိုတဲ့ပုံစံမျိုး ဖြစ်လာပြီး တိုင်းနှင့်ပြည်နယ် ၁၄ ခုမှာ ဗမာကိုယ်စားပြုတိုင်း ၇ တိုင်းနှင့် တိုင်းရင်းသားလူမျိုးတွေကို ကိုယ်စားပြုတဲ့ ပြည်နယ် ၇ ပြည်နယ်သာ ဖြစ်လာခဲ့ရပါတော့တယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကတည်းက သခင်သန်းထွန်းဦးဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ(CPB)နှင့် စောဘဦးကြီး ဦးဆောင်တဲ့ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(KNDO)တို့ဟာ ၁၉၄၇ ခုနှစ်ကတည်းက တောခိုခဲ့ကြတာကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရယူခဲ့မှုမှာ ချို့ယွင်းချက်တွေရှိခဲ့တယ်လို့ သုံးသပ်လို့ ရနိုင်ပါလိမ့်မယ်။ အဲဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ အားလုံးနီးပါးဟာလည်း လက်နက်ကိုင်လမ်းစဉ်ကိုပဲ ရွေးချယ်ခဲ့ကြတာကို တွေ့ရပါတယ်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးကြေညာစာတမ်း အပိုဒ် ၅ မှာ “ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလကလည်းကောင်း၊ ယခုမျက်မှောက်တွင်လည်းကောင်း၊ နောင်လာလတံ့သော အနာဂတ်ကာလ၌လည်းကောင်း၊ ငါတို့ ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျား/မ မခြား သစ္စာတော်ခံနိုင်ငံသားဟူသရွေ့ ဒို့၏အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည်” ဟု ပြဌာန်းထားပေမဲ့လည်း လက်ရှိအချိန်ထိ မဟာဗမာဝါဒီ အာဏာရှင်တို့ရဲ့ အုပ်စိုးခြယ်လှယ်မှုအောက်မှာသာ ရှင်သန်နေကြရတဲ့အတွက် တိုင်းရင်းသာလူမျိုးစုတွေအနေနဲ့ လက်နက်ကိုင် လမ်းစဉ်ကိုပဲ ဆုပ်ကိုင်နေကြရဆဲဖြစ်ပါတယ်။

လက်ရှိမှာလည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုတဲ့ မရေရာတဲ့ အခင်းအကျင်းကြားမှာ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဆိုသလို စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကတော့ ခရီးဆက်နေတာကို မြင်တွေ့နေကြရမှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းကစလို့ တိုင်ပြည်ရဲ့ အချုပ်အခြာအာဏာကို စစ်တပ်ကသာ ကြီးစိုးခဲ့တာများပြီး တိုင်းရင်းသားလက်နက်ကိုင်ရှိတဲ့ ဒေသတွေမှာ ဥပဒေမဲ့ ကျင့်သုံးခဲ့တဲ့ဖြစ်စဉ်တွေ အများအပြားရှိခဲ့ပါတယ်။ မျက်မှောက်ခေတ် ပွင့်လင်းလာတဲ့အခြေအနေမှာတောင် မြန်မာစစ်တပ်အနေနဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ လူသားမဆန်တဲ့ ရက်စက်မှုတွေကို ဆက်လက်ကျူးလွန်နေဆဲပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မွေးဖွားလာသူတစ်ယောက်အတွက် မွေးရာပါအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးနဲ့ ဥပဒေကြောင်းအရ အကာအကွယ်ပေးထားတဲ့ အခွင့်အရေးတွေကိုပါ ဆုံးရှုံးနေကြရပြီး လွတ်လပ်ရေးဆိုတဲ့ အသုံးအနှုန်းဟာလည်း အာဏာရှိသူတချို့ရဲ့ လက်ထဲမှာသာ ရှိလို့နေပါတယ်။

တိုက်ပွဲဖြစ်ရာဒေသတဝိုက်မှာ လက်နက်ကိုင်မဟုတ်တဲ့ ဒေသခံတွေအပေါ် အကြမ်းဖက်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားတာ၊ ကျေးရွာတွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာမျိုးတွေကြောင့် လွတ်လပ်ရေးရယူထားတဲ့ နိုင်ငံတစ်ခုဆိုပေမဲ့လည်း ပြည်သူတွေအနေနဲ့ လွတ်လပ်မှုအရသာကို ခံစားခွင့် မရရှိသေးတာကိုလည်း မြင်တွေ့နေရပါတယ်။

မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းပိုက်စဉ်အခါက ရခိုင်ဒေသဟာ အစောဆုံး ကိုလိုနီနယ်မြေထဲမှာ ပါဝင်ခဲ့တယ်ဆိုပေမဲ့ ဒေသဖွံ့ဖြိုးရေးအပါအဝင် ကျန်းမာရေး၊ ပညာရေးကအစ တိုးတက်မြင့်မားခဲ့ပြီး လယ်ယာမြေစိုက်ပျိုးဧကတွေပါ တိုးလာခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကာလနဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်လည်း ကိုလိုနီခေတ်မှာ ပိုပြီးအောင်မြင်ခဲ့တာကို တွေ့ရပါလိမ့်မယ်။ ဒီလို အကြောင်းအရာတွေကြောင့်ပဲ လွတ်လပ်ရေးဆိုတဲ့ စကားလုံးဟာ နားခါးစရာတစ်ခုဖြစ်လာခဲ့ပြီး ပြည်ထောင်စုဆိုတဲ့ စကားလုံးဟာလည်း တိုင်းရင်းသားလူမျိုးစုတွေအတွက် စိတ်ကူးယဉ်အိမ်မက် တစ်ခုအဖြစ်သာ ရှိလို့နေပါတော့တယ်။

ဒီမိုကရေစီ ဘိုးအေကြီးလို့ တင်စားနေကြေတဲ့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လွတ်လပ်ရေးကြေညာစာတမ်းပါ လူတစ်ယောက်စီရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အပြည့်အဝခံစားခွင့် ရရှိနေကြပေမဲ့လည်း မြန်မာနိုင်ငံအတွင်းမှာတော့ အာဏာရှိမှ အခွင့်အရေးရှိတဲ့ အနေအထားမျိုးကို ရင်ဆိုင်ဖြတ်သန်းလာခဲ့ကြရတာဟာ အခုဆိုရင် နှစ်ပေါင်း ၇၅ နှစ်အထိ ရှိခဲ့ပြီလည်းဖြစ်ပါတယ်။

နိုင်ငံရေးရေစီးကြောင်း အတက်အကျ၊ အပြောင်းအလဲတွေကြားမှာ လွတ်လပ်ရေးလို့ ကြွေးကြော်ခဲ့ကြ၊ နောက်တစ်ဖန် ဖက်ဒရယ်လို့ဟစ်အော်ခဲ့ကြပြီး လက်နက်ကိုင်အုပ်စုတွေကြားမှာ မတူကွဲပြားမှုတွေနဲ့ မိမိတို့လူမျိုး လွတ်မြောက်ရေး/လွတ်လပ်ရေးကို လက်ရှိအချိန်ထိ ရှာဖွေနေကြဆဲဖြစ်ပါတယ်။

လွတ်လပ်ရေးနေ့ဆိုတဲ့ အထိမ်းအမှတ် ရက်တစ်ရက်ဟာ နှစ်ပေါင်း ၇၅ နှစ်တိုင် ရောက်ရှိလာခဲ့ပေမဲ့လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်) ကိုင်ဆောင်ထားရင်တောင် အသွားအလာ ကန့်သတ်ခံထားရသူတွေအတွက် လွတ်လပ်ရေးဆိုတဲ့ စကားလုံးကတော့ နားခါးစရာတစ်ခုအဖြစ်သာ ဆက်ရှိနေပါလိမ့်မယ်။

အမှန်တကယ် လွတ်လပ်ရေးဆိုတဲ့ အရသာဟာ အထိမ်းအမှတ်ရတုတွေ မဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီရဲ့ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေကို ခံစားခွင့်ရရှိနိုင်ဖို့ဖြစ်တဲ့အတွက် လွတ်လပ်ရေးဆိုတဲ့ စကားလုံးအနှစ်သာရ ပေါ်လွင်လာစေဖို့ ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်နေပါသေးတယ်။

ဗီဒီယိုများ