မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တွေအကြားက ဘေးကျပ်နံကျပ် ကျောက်ကုန်သည်တွေ

မြန်မာနိုင်ငံဟာ ဖေဖော်ဝါရီ အာဏာအပြောင်းအလဲ ဖြစ်စဉ်တည်းက ပြည်တွင်း ပဋိပက္ခတွေဟာ ပရမ်းပတာ ဖြစ်ပျက်နေပါတယ်။ မြန်မာစစ်တပ်ဟာ ပြည်တွင်း ဒီမိုကရေစီလှုပ်ရှားမှုတွေကို နှိမ်နင်းဖို့ ကြိုးစားနေပြီး တစ်ချိန်တည်းမှာ စီးပွားရေးကလည်း ကပ်ဆိုက်နေပါတယ်။

By Foreign Desk 13 Nov 2021

ဓာတ်ပုံ - AFP

DMG ၊ နိုဝင်ဘာ ၁၃

(ဘာသာပြန်ဆောင်းပါး)

မြန်မာနိုင်ငံမှာ ကျောက်မျက်ဈေးကွက် အလုပ်မဖြစ်တာ လပေါင်းများစွာ ကြာလာတာနဲ့အမျှ မြန်မာကျောက်ကုန်သည်တွေဟာ ကျောက်မျက်ရောင်းချရေးမှာ မြန်မာစစ်တပ်ကို သတိထားနေရသလို ပြောက်ကျား တိုက်ခိုက်မှုတွေကိုလည်း ထိတ်လန့်နေရပါတယ်။

မြန်မာနိုင်ငံဟာ ဖေဖော်ဝါရီ အာဏာအပြောင်းအလဲ ဖြစ်စဉ်တည်းက ပြည်တွင်း ပဋိပက္ခတွေဟာ ပရမ်းပတာ ဖြစ်ပျက်နေပါတယ်။ မြန်မာစစ်တပ်ဟာ ပြည်တွင်း ဒီမိုကရေစီလှုပ်ရှားမှုတွေကို နှိမ်နင်းဖို့ ကြိုးစားနေပြီး တစ်ချိန်တည်းမှာ စီးပွားရေးကလည်း ကပ်ဆိုက်နေပါတယ်။

ကချင်ပြည်နယ် ဖားကန့်မှာ ယခင်တည်းက ကိုဗစ်ကပ်ဘေးကြောင့် ကျောက်စိမ်းတူးဖော်မှုတွေ အခက်ကြုံနေရချိန်မှာ ကျောက်စိမ်းတွင်း အနီးတစ်ဝိုက်မှာ တိုက်ပွဲရှိလာတဲ့အတွက် နိုင်ငံအတွက် ဝင်ငွေအများအပြား ရှာပေးနေတဲ့ ထုတ်ကုန်အတွက် ထောက်ပံ့ပေးနိုင်မှု ပြတ်လပ်လာပါတယ်။

မြန်မာဟာ ကမ္ဘာ့ကျောက်စိမ်း အများဆုံး ထွက်ရှိရာနေရာ ဖြစ်ပါတယ်။ မြန်မာ့ကျောက်စိမ်းဈေးကွက်ဟာ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ ဧရာမဝယ်လိုအားနဲ့ လည်ပတ်နေတာဖြစ်ပါတယ်။
မြန်မာ့ကျောက်မျက်အများစုဟာ မန္တလေးမြို့ကတစ်ဆင့် ဖြတ်သန်းပါတယ်။

အခုတော့ မန္တလေးက ကျောင်းမျက်ရတနာ ရောင်းဝယ်ရေးစခန်း (မန္တလေးကျောက်ဝိုင်း) ဟာ တိတ်ဆိတ်နေပါတယ်။

“စီးပွားရေးက လုံးလုံးကိုမကောင်းတာ” လို့ ကျောက်ကုန်သည်တစ်ဦးက ပြောပါတယ်။ ကပ်ဘေးကြောင့် ပင်မကျောက်စိမ်းဈေး ပိတ်လိုက်တဲ့အတွက် သူဟာ လမ်းဘေးမှာ လပေါင်းများစွာ ကျောက်ရောင်းခဲ့ရတယ်လို့ ဆိုပါတယ်။

“တခါတခါကျတော့ စစ်သားတွေ ပတ္တရောင်လှည့်ချိန်နဲ့ တိုးရင် လူတွေက ကြောက်ပြီးပြေးကြတာ.. တစ်ယောက်ပြေးရင် အကုန် ပြေးကြတော့တာပဲ။ ဒီတော့ စစ်သားတွေက သေနတ်ဖောက်ပြီး သတိပေးတယ်” လို့ သူကပြောပါတယ်။
အသက်ကိုဖက်နဲ့ထုပ်

မန္တလေးကျောက်ဝိုင်း ပြန်ဖွင့်ပြီး နှစ်ရက်ကြာတော့ အာဏာပိုင်တွေဟာ အခွန်တွေစကောက်ပါတယ်။ ဒီနည်းလမ်းဟာ ဆယ်စုနှစ်များစွာ ကြာမြင့်လာပြီဖြစ်တဲ့ ပြည်တွင်းစစ်မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ် နှစ်ဘက်လုံးအတွက် ဝင်ငွေရှာပေးတဲ့ လမ်းကြောင်းလည်း ဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ သူ့အပေါင်းအပါအတွေကို ပိုက်ဆံမပေးဘဲ ကျောက်မျက်ဝယ်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲလို့ Global Witness အဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။
မြန်မာစစ်တပ်ကို တုံ့ပြန်ခုခံမှုတွေ ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ ကျောက်အရောင်းအဝယ်ဟာလည်း အန္တရာယ်အသစ်တစ်မျိုး ကြုံလာရပါတယ်။

ကျောက်ဝိုင်းပြန်ဖွင့်ပြီး ရက်ပိုင်းအကြာမှာပဲ မန္တလေးက PDF အဖွဲ့ဖြစ်တဲ့ Generation-Z Power အဖွဲ့က ကျောက်မျက်ရောင်းဝယ်ရေး ဆက်လုပ်နေမယ်ဆိုရင် အသက်အန္တရာယ် ရှိနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ပြီး ရက်ပိုင်းအကြာမှာပဲ ကျောက်ဝိုင်းအနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရမှု မရှိပေမယ့် အရောင်းအဝယ် ဆက်လုပ်နေမယ်ဆိုရင် ဗုံးတွေ ထပ်ဖောက်ခွဲမယ်လို့ Generation-Z Power အဖွဲ့က သတိပေးပါတယ်။

ဒါပေမဲ့လည်း ကျောက်ဝိုင်းမှာတော့ အရင်ကလိုပဲ လှုပ်လှုပ်ရှားရှားနဲ့ ပြန်လို့ အသက်ဝင်စပြုနေပါပြီ။

တရုတ်အစိုးရဟာ ကပ်ဘေးနဲ့ နယ်စပ်တစ်လျှောက်က တိုက်ပွဲတွေကြောင့် မြန်မာနယ်စပ်ဂိတ်ကို ပိတ်ထားပါတယ်။ ဒါပေမဲ့ ကျောက်မျက်ဝယ်လိုအားက ရှိနေဆဲ ဖြစ်တဲ့အတွက် တရုတ်က ကျောက်အဝယ်တော်တွေဟာ မတည်ငြိမ်မှုကို အသုံးချပြီး ဈေးနှိမ်ဝယ်ယူတာတွေ လုပ်လာပါတယ်။

“ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကြောင့် သူတို့က ဈေးတအားနှိမ်ပြီးဝယ်တယ်” လို့ အသက် ၆၂ နှစ်အရွယ် ကျောက်ရောင်းသမားတစ်ဦးက ပြောပါတယ်။
“ဒါပေမဲ့ ကျွန်တော်တို့မှာ ရွေးစရာမရှိဘူးလေ။ ဈေးကွက်မှာ သူတို့ကို လိုအပ်တယ်။ သူတို့မဝယ်ရင် ဒါမှမဟုတ် ကျွန်တော်တို့ မရောင်းရရင် ဒီစီးပွားရေးအတွက် ရပ်တည်ဖို့နေရာ ရှိတော့မှာမဟုတ်ဘူး” လို့လည်း သူက ပြောပါတယ်။

တရုတ်အဝယ်တော်တွေ တည်းခိုလေ့ရှိတဲ့ ဟိုတယ်တွေဆီ လှည့်လည်သွားလာပြီး လပေါင်းများစွာ ကျောက်ရောင်းခဲ့ရသူ ဦးမျိုးမင်းဇော်ကလည်း “ဈေးတွေက ထိုးကျနေတာ” လို့ ပြောပါတယ်။
“အရင်က ၁၀ သိန်းလောက်တန်တာကို အခု ၅ သိန်းလောက်နဲ့ ရောင်းရတယ်” လို့ သူက ဆိုပါတယ်။

အရင်ကတော့ ဖားကန့်ကထွက်တဲ့ ကျောက်စိမ်း ရ၀ ကနေ ၉၀ ရာခိုင်နှုန်းအထိဟာ မန္တလေးဘက်ကို တရားဝင်လမ်းကြောင်းနဲ့ ရောက်မလာတော့ဘဲ တရုတ်ပြည်ဘက်ကိုဘဲ မှောင်ခိုလမ်းကြောင်းနဲ့ ဝင်သွားတယ်လို့ Global Witness အဖွဲ့က ဖော်ပြပါတယ်။

အခုကတော့ ကျောက်စိမ်းတွင်းတွေ နားတစ်ဝိုက်မှာလည်း တိုက်ပွဲတွေ ရှိလာတဲ့အတွက် အဲဒီက အချက်အလက်တွေ ရရှိဖို့ ပိုမိုခက်ခဲသွားပြီလို့ Global Witness အဖွဲ့က အကြီးတန်း အစီအစဉ်မှူး ဟန်နာဟင်းစထရွန်းက ပြောပါတယ်။

“ဝယ်လိုအားများပြီး ထုတ်လုပ်နိုင်စွမ်း နည်းနေတဲ့အတွက် တရုတ်ဘက်မှာလည်း ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ကျွန်မတို့ ကြားရပါတယ်” လို့ သူက ပြောပါတယ်။
မန္တလေးမြို့ တစ်ဖက်ကမ်းက ကျောက်စိမ်းပုတီးလေးတွေ ရောင်းချသူ  ဒေါ်သန္တာအတွက်ကတော့ သူ့ရဲ့ ထုတ်ကုန်တွေကို ပြည်တွင်းကလူတွေကို ရောင်းချရတာ ပိုအန္တရာယ် ကြီးတာပြီလို့ ပြောပါတယ်။

“ဈေးကိုသွားရတာ စိုးရိမ်ရတယ်” လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။
“လူတိုင်းက ဘယ်အချိန် ဗုံးထပေါက်မလဲပဲ ကြောက်နေကြရတာ… ဒါပေမဲ့ ဝမ်းရေးကလည်း ရှိသေးတော့ မသွားလို့မရဘူး”  လို့ သူက ပြောပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့မှာ မန္တလေးကျောက်ဝိုင်းမှာ ဗုံးတစ်လုံးပေါက်ကွဲပြီး ရဲတစ်ယောက် သေဆုံးသွားပါတယ်။ အဲဒီနေ့မှာပဲ အာဏာပိုင်တွေက နိုဝင်ဘာ ၅ ရက်နေ့အထိ ကျောက်ဝိုင်းအတွင်း မဖွင့်သေးတဲ့ ဆိုင်ခန်းတွေကို ယာယီပိတ်သိမ်းမယ်လို့ ကြေညာပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့ ရောက်တော့ ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ပါတယ်။

“ကျွန်တော်တို့တော့ ဘေးကြပ်နံကြပ် ဖြစ်နေပြီ” လို့ အောင်အောင် (အမည်လွှဲ) က အေအက်ဖ်ပီကို ပြောပါတယ်။
“ဆိုင်မဖွင့်ရင် ဆိုင်ခန်းတွေ ပိတ်သိမ်းခံရမယ်လို့ ပြောတယ်။ PDF တွေကလည်း ဈေးထဲမှာ အရောင်းအဝယ် မလုပ်ဖို့ပြောတယ်” လို့ သူက ဆိုပါတယ်။

ဗီဒီယိုများ