- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
ဘင်္ဂလားဒေ့ရှ်ရှိ ရှိတ်ဟာဆီနာပါတီ အမာခံမြို့၌ အဓိကရုဏ်းများ ဖြစ်ပွားပြီး ၄ ဦး သေဆုံး
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂိုပါဂန့်ဂျ်မြို့တွင် ဇူလိုင်လ ၁၆ ရက်နေ့က ရှိတ်ဟာဆီနာ ပါတီကို ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခ ဖြစ်ပွားခဲ့သည့်အတွက် လူ ၄ ဦးထက်မနည်း သေဆုံးပြီး ၅၀ ဝန်းကျင် ဒဏ်ရာရခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။
17 Jul 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂိုပါဂန့်ဂျ်မြို့တွင် ဇူလိုင်လ ၁၆ ရက်နေ့က ရှိတ်ဟာဆီနာ ပါတီကို ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခ ဖြစ်ပွားခဲ့သည့်အတွက် လူ ၄ ဦးထက်မနည်း သေဆုံးပြီး ၅၀ ဝန်းကျင် ဒဏ်ရာရခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။
ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို ဖြုတ်ချမှု၌ ဦးဆောင်ပါဝင်ခဲ့သည့် ကျောင်းသားများဖြင့် ဖွဲ့စည်းထားသည့် National Citizens Party က ဗုဒ္ဓဟူးနေ့ လူထုစုဝေးပွဲပြုလုပ်မှုအား ဟာဆီနာ၏ အာဝါမီလိဂ် ပါတီဝင်များက ဝင်ရောက်နှောင့်ယှက်မှုများ ပြုလုပ်ရာမှ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။
အကြမ်းဖက်မှု ဖြစ်စဉ်များသည် ဗုဒ္ဓဟူးနေ့ တစ်ရပ်လုံးနီးပါး ဖြစ်ပွားနေခဲ့ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နံနက်ပိုင်းတည်းက ရဲကားတစ်စီး မီးရှို့ခံခဲ့ရသလို လူထုစုဝေးပွဲသို့ လာရောက်သည့် မြို့အုပ်ချုပ်ရေးမှူးကားလည်း တိုက်ခိုက်ခံခဲ့ရသည်။ နေလယ်ပိုင်း၌ အာဝါမီလိဂ်ပါတီဝင်များ၊ ပါတီလူငယ် အဖွဲ့ဝင်များသည် NCP စုဝေးပွဲနေရာသို့ ရောက်လာပြီး ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ပဋိပက္ခကို နှိမ်နင်းရန် ရဲတပ်ဖွဲ့ ဝင်ရောက်လာပြီးနောက်၌ ဖျက်ဆီးမှု၊ မီးရှို့မှု၊ ပုလင်းဗုံးများ ဖောက်ခွဲမှုတို့ အထိရှိခဲ့ကာ လူသေဆုံး ဒဏ်ရာရမှုများ ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသူ ၁၄ ဦးအထိရှိကြောင်း ပရိုသော်မ်အာလို သတင်းတစ်ရပ်၌ ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ ခေါင်းဆောင် မိုဟာမက်ယူနွတ်ကလည်း NCP စုဝေးမှုကို ယခုကဲ့သို့ နှောင့်ယှက်ခဲ့ကြခြင်းနှင့် ပတ်သက်ပြီး "အခြေခံ အခွင့်အရေးကို အရှက်ရဖွယ် ချိုးဖောက်မှု" ဟု ရှုတ်ချပြောဆိုခဲ့သည်။ စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့် ဤလုပ်ရပ်သည် အပြစ်ပေးမခံရဘဲ လွတ်သွားမည်မဟုတ် ဟုလည်း သူကဆိုသည်။
NCP ပါတီသည် ယမန်နှစ်က ရှိတ်ဟာဆီနာကို ဖြုတ်ချခဲ့သည့် လူထုလှုပ်ရှားမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇူလိုင်ချီတက်ပွဲ ကျင်းပရန် လူစုခဲ့ကြခြင်း ဖြစ်သည်။ အခြားတစ်ဘက်တွင်လည်း ဂိုပါဂန့်ဂျ်မြို့သည် အာဝါမီလိဂ်ပါတီ၏ အမာခံမြို့ဖြစ်သလို ဟာဆီနာသည်လည်း ဤမြို့ရှိ မဲဆန္ဒနယ်များအတွက် ကိုယ်စားပြုယှဉ်ပြိုင်ပြီး အနိုင်ရခဲ့ခြင်းဖြစ်သည်။