- လေးမျက်နှာသို့ ရေကြောင်းမှ တစ်ဆင့် စစ်ကောင်စီ အင်အားဖြည့်နေ
- ပါကစ္စတန်မှာ မိုးကြီးရေလျှံမှုကြောင့် ၂၄ နာရီအတွင်း လူ ၅၀ ကျော်သေဆုံး
- ဘင်္ဂလားဒေ့ရှ်ရှိ ရှိတ်ဟာဆီနာပါတီ အမာခံမြို့၌ အဓိကရုဏ်းများ ဖြစ်ပွားပြီး ၄ ဦး သေဆုံး
- ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာရန်သွားသည့် လူငယ်အယောက်နှစ်ဆယ်ကို AA က စစ်မှုထမ်းသင်တန်းပို့
- ပေါက်တော၊ မြေငူကျွန်းက စစ်ဘေးရှောင်များ ထမင်းရည်သောက်နေကြရ
ပါကစ္စတန်မှာ မိုးကြီးရေလျှံမှုကြောင့် ၂၄ နာရီအတွင်း လူ ၅၀ ကျော်သေဆုံး
ပါကစ္စတန်တွင် မုတ်သုံကာလ မိုးသည်းထန်မှုနှင့်အတူ ရေလျှံမှုများ ဖြစ်ပွားနေသည့်အတွက် ပြီးခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ ၅၄ ဦးအထိ ရှိခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
17 Jul 2025

ပါကစ္စတန်တွင် မုတ်သုံကာလ မိုးသည်းထန်မှုနှင့်အတူ ရေလျှံမှုများ ဖြစ်ပွားနေသည့်အတွက် ပြီးခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ ၅၄ ဦးအထိ ရှိခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပန်ဂျပ်ခရိုင်၏ နေရာအများအပြား၌ ဇူလိုင်လ ၁၆ ရက်နေ့တည်းက မနားတမ်း ရွာသွန်းနေသည့် မိုးကြောင့် မြို့ပေါ်ဧရိယာများတွင် ရေလျှံမှုများ ရှိနေသလို နေအိမ်အချို့လည်း ရေစီးကြောင့် ပြိုကျမှုများ ရှိနေသည်။
ရာဝါပင်ဒီမြို့ကို ဖြတ်စီးသည့် နူလာလိုင်မြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကြောင်းတလျှောက် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် နေရပ်စွန့်ခွာ တိမ်းရှောင်ကြရန် အာဏာပိုင်များက သတိပေးညွှန်ကြားထားသည်။
"ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်း ရွာသွန်းနေတဲ့မိုးကြောင့် သေဆုံးသူ ၅၄ ဦးရှိပြီး ဒဏ်ရာရသူ ၂၂၇ ဦးအထိ ရှိခဲ့ပါတယ်။ သေဆုံးမှု အများစုဟာ ပန်ဂျပ်ပြည်နယ်က ဖြစ်ပါတယ်" ဟု အမျိုးသား သဘာဝဘေးဒဏ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ကြာသပတေးနေ့၌ အေအက်ဖ်ပီ သတင်းဌာနသို့ ဖြေကြားထားသည်။
လက်ရှိသည်းထန်နေသော မိုးသည် သောကြာနေ့အထိ ဆက်လက်ရွာသွန်းနိုင်ကြောင်း ပါကစ္စတန် မိုးလေဝသဌာနက သတိပေးထားသလို ရာဝါပင်ဒီ အုပ်ချုပ်ရေးအဖွဲ့ကလည်း ကြာသပတေးနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။
ပါကစ္စတန်တွင် ယခုနှစ် မုတ်သုံကာလအတွင်း သေဆုံးသူ အရေအတွက်သည် ၁၈၀ ခန့်အထိ ရှိနေပြီဖြစ်ကြောင်း အစိုးရ၏ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ဌာနက ထုတ်ပြန်ထားသည်။ ၎င်းတို့အနက် ၇၀ ဦးမှာ ကလေးငယ်များဖြစ်သည်။
သေဆုံးသူအများစုမှာ နေအိမ်ပြိုကျခြင်း၊ ရုတ်ခြည်းရေလျှံခြင်း၊ ဓာတ်လိုက်ခြင်းတို့ကြောင့် သေဆုံးရသူများ ဖြစ်သည်။
ပါကစ္စတန်သည် ကမ္ဘာတစ်ဝန်းရှိ ဥတုရာသီ အပြောင်းအလဲ၏ ရိုက်ခတ်မှုဒဏ်ကို အခံရဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။ နိုင်ငံလူဦးရေ ၂၅၅ သန်းသည် ပြင်းထန်သည့် ရာသီဥတု အပြောင်းအလဲ ဒဏ်ကို ရင်ဆိုင်နေရသည်။
၂၀၂၂ ခုနှစ်ကလည်း နိုင်ငံတွင်း ဧရိယာသုံးပုံတစ်ပုံခန့်အထိ ရေလျှံခဲ့သည့် ဖြစ်ရပ်များကြောင့် သေဆုံးသူ အရေအတွက်သည် ၁၇၀၀ ဦးအထိ ရှိခဲ့သည်။