ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်

ရုရှားက ဆင်နွှဲနေသည့် ယူကရိန်းကျူးကျော်စစ်အား ရက် ၅၀ အတွင်း မရပ်ပါက စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုများ ရင်ဆိုင်ရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားကို ဇူလိုင်လ ၁၄ ရက်နေ့က ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 15 Jul 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် နေတိုးအဖွဲ့ အထွေထွေ အတွင်းရေးမှူး မာ့ခ််ရူတီတို့ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့က အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် တွေ့ဆုံနှုတ်ဆက်စဉ်။ ဓာတ်ပုံ - AP

"ရက်ပေါင်း ၅၀ အတွင်းမှာ သဘောတူညီချက်တစ်ရပ် မရရင် အလွန်ပြင်းထန်တဲ့ အခွန်ကောက်ခံမှုတွေ လုပ်ဆောင်သွားမယ်။ အခွန်ကို ၁၀၀ ရာခိုင်နှုန်းလောက်အထိ ကောက်သွားမှာ" ဟု နေတိုးအဖွဲ့ အထွေထွေ အတွင်းရေးမှူး မာ့ခ်ရူတီနှင့် အိမ်ဖြူတော်၌ ဘဲဥပုံရုံးခန်းအတွင်း တွေ့ဆုံစဉ် ထရမ့်က ပြောဆိုသည်။

သမ္မတထရမ့်သည် သုံးနှစ်ကျော် ကြာမြင့်လာပြီဖြစ်သည့် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ကနဦးတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးကို အဓိက ဝေဖန်ပြောကြားနေခဲ့သူ ဖြစ်သည်။ နောက်ပိုင်းတွင်မူ ထရမ့်သည် ရုရှားသမ္မတ ပူတင်အပေါ် မကျေမနပ်မှုများ ပိုမို၍ ပြသလာနေသည်ကို တွေ့နေရသည်။

"သူနဲ့ စကားပြောတုန်းကတော့ တော်တော် ပြေပြေလည်လည်ပဲ။ ညလည်းရောက်ကော ဒုံးကျည်တွေ ပစ်တော့တာပဲ" ဟု သမ္မတထရမ့်က ပူတင်ကို ရည်ညွှန်းပြောဆိုသည်။ "ဒီအတိုင်းချည်း ထပ်တလဲလဲ ဖြစ်နေတာ" ဟုလည်း ထရမ့်ကပြောသည်။

ရက် ၅၀ အတွင်း ငြိမ်းချမ်းရေး သဘောတူညီချက် မရလျှင် အခွန်တိုးကောက်မည်ဟု ဆိုသော်လည်း ကောက်ခံမည့် ပုံစံကိုမူ ထရမ့်က အသေးစိတ် မပြောပေ။

ဤအစီအစဉ်သည် မော်စကိုအား ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမှ ဖယ်ထုတ်နိုင်ရန်အတွက် ရုရှား၏ ကုန်သွယ်ဘက် မဟာမိတ်များကို ပစ်မှတ်ထားကာ အဓိက ကောက်ခံသွားမည့် သဘောဖြစ်သည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ထို့အပြင် ထရမ့်က ဥရောပမဟာမိတ်များသည်လည်း ကန်ဒေါ်လာ ဘီလျံပေါင်းများစွာ သုံးစွဲကာ အမေရိကန်ထံမှ လက်နက်များဝယ်ယူရန် လုပ်နေပြီး အဆိုပါလက်နက်များမှာ ယူကရိန်းကို ထောက်ပံ့ရန် ဖြစ်သည်ဟုလည်း ဥရောပသမဂ္ဂ အထွေထွေအတွင်းရေးမှူးနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

နေတိုးအဖွဲ့က အမေရိကန်မှ ဝယ်ယူမည့် လက်နက်များတွင် ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေး ဒုံးခွင်းစနစ်လည်း ပါဝင်သည်။ အဆိုပါလက်နက်သည် ရုရှား၏ ဒရုန်းနှင့် လက်နက်ကြီးများကို ကာကွယ်ရေးအတွက် ယူကရိန်းက အဓိကအသုံးပြုရမည့် လေကြောင်းရန်ကာကွယ်ရေး စနစ်လည်း ဖြစ်သည်။

အမေရိကန်သည် ယူကရိန်းအတွက် လက်နက်များကို နေတိုးအဖွဲ့မှတစ်ဆင့် ထောက်ပံ့မည်ဖြစ်ကာ အဆိုပါလက်နက်များအတွက် နေတိုးအဖွဲ့က ကျသင့်ငွေ အပြည့်အဝ ပေးချေရမည်ဟု ပြီးခဲ့သော သီတင်းပတ်အတွင်း သမ္မတထရမ့်က ပြောကြားခဲ့သည်။