မဝင့်ကြွားနိုင်တော့တဲ့ အိန္ဒိယက မင်္ဂလာပွဲတွေ

အိန္ဒိယက ထိမ်းမြားမင်္ဂလာပွဲတွေဟာ ခမ်းနားတဲ့နေရာမှာ သိပ်နာမည်ကြီးပါတယ်။ ရာချီတဲ့ဧည့်သည်၊ တစ်ချို့ပွဲတွေဆို ထောင်ချီတဲ့ဧည့်သည်တွေနဲ့ တစ်ရက်နှစ်ရက်နဲ့မပြီး ကျင်းပကြတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မိသားစုအများအပြားဟာ မဏ္ဍပ်တိုင် မတက်ပြနိုင်ကြတော့ပါဘူး။ အသုံးစရိတ်တွေ လျှော့ချနေကြရပါပြီ။

By စောသန္တာအေး 24 Jan 2020

မင်္ဂလာပွဲအတွက် ငွေကြေးအမြောက်အမြား အကုန်ကျခံ ကျင်းပနိုင်တာကို လူမှုရေးအဆင့်အတန်း တစ်ခုအဖြစ် အိန္ဒိယသားတွေ ဂုဏ်ယူဝင့်ကြွားကြပါတယ်။ (ဓာတ်ပုံ - AFP)

အိန္ဒိယက ထိမ်းမြားမင်္ဂလာပွဲတွေဟာ ခမ်းနားတဲ့နေရာမှာ သိပ်နာမည်ကြီးပါတယ်။ ရာချီတဲ့ဧည့်သည်၊ တစ်ချို့ပွဲတွေဆို ထောင်ချီတဲ့ဧည့်သည်တွေနဲ့ တစ်ရက်နှစ်ရက်နဲ့မပြီး ကျင်းပကြတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မိသားစုအများအပြားဟာ မဏ္ဍပ်တိုင် မတက်ပြနိုင်ကြတော့ပါဘူး။ အသုံးစရိတ်တွေ လျှော့ချနေကြရပါပြီ။

ဒါကတော့ ကမ္ဘာမှာ အဆင့် ၅ ချိတ်တဲ့ ဈေးကွက်ကြီး သိသိသာသာ ကျဆင်းလာနေတဲ့ လက္ခဏာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသားတွေဟာ နိစ္စဓူဝ အသုံးစရိတ်တင်မက တစ်သက်မှာတစ်ခါသာ ကျင်းပခွင့်ရတဲ့ ပွဲတော်တွေမှာပါ အသုံးစရိတ်တွေ ချွေတာလာကြပါတယ်။

ဝန်ကြီးချုပ် နာရင်ဒြာ-မိုဒီရဲ့လက်ထက်မှာ အိန္ဒိယရဲ့စီးပွားရေးဟာ ၆ နှစ်အတွင်း အနိမ့်ဆုံးအဆင့်မှာရှိပြီး အလုပ်လက်မဲ့နှုန်းဟာလည်း ဆယ်စုနှစ်လေးခုအတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ဈေးနှုန်းတွေကလည်း မတရားမြင့်တက်နေလို့ ခေါင်းလျှော်ရည်ဝယ်တာ၊ အင်တာနက်မိုဘိုင်းဒေတာ ဝယ်တာမျိုးပါမကျန် စိစစ်သုံးစွဲနေရပါတယ်။

ပါလက်-ပန်ချာမီယာဆိုတဲ့ စာရင်းကိုင်အမျိုးသမီးဆိုရင် မွမ်ဘိုင်းမှာကျင်းပမယ့် သူ့ရဲ့မင်္ဂလာပွဲအတွက် အသုံးစရိတ်တွေကို အများကြီး လျှော့ချလိုက်ရပါတယ်။ ဒီအထဲမှာ အဝတ်အစားစရိတ်၊ ဧည့်သည်အရေအတွက်ကအစ ပါဝင်ပါတယ်။
“အစက ရူပီး ၇၃,၀၀၀ တန် (မြန်မာငွေ ၁၅ သိန်းဝန်းကျင်) မင်္ဂလာဝတ်စုံ ရွေးထားတာလေ၊ ရည်းစားက ဈေးကြီးလွန်းတယ်ပြောတာနဲ့ ခုတော့ ဈေးသက်သာတဲ့ဝတ်စုံတစ်စုံ ကြည့်နေရတယ်” လို့ သူက ပြောပါတယ်။

အိန္ဒိယမှာ မင်္ဂလာခန်းဝင်ပစ္စည်းတွေ ရောင်းချတဲ့ ဈေးကွက်ရဲ့ စုစုပေါင်းတန်ဖိုးဟာ တစ်နှစ်ကို ဒေါ်လာ ဘီလီယံပေါင်း ၄၀ နဲ့ ၅၀ ကြားရှိတယ်လို့ KPMG ကုမ္ပဏီရဲ့ သုတေသနတစ်ခုအရ သိရပါတယ်။

မင်္ဂလာအခမ်းအနားတွေဟာ တစ်ပတ်လောက်အထိ ကြာတတ်ပြီး ပျော်ပွဲရွှင်ပွဲ၊ အစားအသောက်၊ ဂီတနဲ့ အကဖျော်ဖြေမှု၊ လက်ဆောင်ပဏ္ဍာမျိုးစုံ ပါဝင်လေ့ရှိပါတယ်။ တစ်ချို့ပွဲတွေဆိုရင် နိုင်ငံခြားသားတွေတောင် လက်မှတ်ဝယ်ပြီး လာတက်လို့ရပါတယ်။

ဒေါ်လာသန်း ၁၀၀ အကုန်ကျခံ ကျင်းပတယ်လို့ မီဒီယာတွေမှာ ဖော်ပြကြတဲ့ သူဌေးကြီး မူကက်ရှ်-အန်ဘာနီရဲ့သမီး မင်္ဂလာပွဲ။ (ဓာတ်ပုံ - India Today)

မကြာသေးခင်က ကျင်းပသွားတဲ့ အာရှသူဌေးကြီး မူကက်ရှ်-အန်ဘာနီရဲ့ သမီး မင်္ဂလာပွဲမှာဆိုရင် စုစုပေါင်း ကုန်ကျစရိတ် ဒေါ်လာသန်း ၁၀၀ ဝန်းကျင်အထိ ရှိတယ်လို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ မင်္ဂလာပွဲကို ဖိတ်ကြားထားတဲ့ ဧည့်သည်တွေထဲမှာ အဆိုတော် ဘီယွန်ဆေးနဲ့ ဟီလာရီကလင်တန်လို နာမည်ကြီးတွေကအစ ပါဝင်ပါတယ်။ ဧည့်သည်တွေ များလွန်းတဲ့အတွက် တည်းခိုဖို့ ကြယ်ငါးပွင့်အဆင့်ဟိုတယ် ငါးလုံး ငှားထားရတယ်လို့ The Straits Times သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဒီဘက်ကာလမှာတော့ အန်ဘာနီလို မဟာဘောဂ သူဌေးသူကြွယ်တွေလောက်ပဲ ဒီလိုခမ်းနားတဲ့ ပွဲပြင်ကနားတွေ ကျင်းပကြပါတော့တယ်။ မိသားစုတွေဟာ အလွန်အမင်းသုံးစွဲတာမျိုးထက် ခြိုးခြံချွေတာပြီး စုဆောင်းဖို့ကို ပိုဦးစားပေးနေကြရပါပြီ။

“ဟိုတုန်းက အိန္ဒိယမင်္ဂလာပွဲတွေဆိုတာ ဧရာမဖျော်ဖြေပွဲကြီးတွေလိုပဲ။ ခုတော့ ပြောင်းလဲသွားပါပြီ” လို့ မင်္ဂလာပွဲတွေ စီစဉ်ကျင်းပပေးတဲ့ Wedding Asia အေဂျင်စီထူထောင်သူ မာနင်ဒါ-ဆက်သီ က ပြောပါတယ်။

ငွေသားသုံးစွဲမှု တားမြစ်ချက်

သိသာတဲ့ အပြောင်းအလဲတွေဟာ ၂၀၁၆ စက်တင်ဘာနဲ့ နောက်နှစ် ဇန်နဝါရီလ အကြား အိန္ဒိယရဲ့ မင်္ဂလာပွဲရာသီမှာ စတင်ခဲ့ပါတယ်။ တရားဝင်ကြေညာမထားတဲ့ ဝင်ငွေတွေကို ထိန်းချုပ်ဖို့စတင်လိုက်တဲ့ ခြေလှမ်းတစ်ရပ်အနေနဲ့ ရူပီး ၅၀၀ တန်နဲ့ ၁၀၀၀ တန် လို ငွေစက္ကူအရွက်ကြီးတွေသုံးစွဲခွင့်ကို အိန္ဒိယအစိုးရက ဆိုင်းမဆင့်ဗုံမဆင့် ကန့်သတ်လိုက်ပါတယ်။ ပြင်ပမှာသုံးစွဲနေတဲ့ ဒီငွေစက္ကူတွေရဲ့ ၈၀ ရာနှုန်းခန့်ကိုလည်း အစိုးရကသိမ်းဆည်းပြီး အကြွေတွေနဲ့ ပြန်လဲပေးလိုက်ပါတယ်။

စီးပွားရေးကျဆင်းမှုဒဏ်ကို မင်္ဂလာအခမ်းအနား စီစဉ်သူတွေလည်း ခံရပါတယ်။ (ဓာတ်ပုံ - AFP)

ဝန်ကြီးချုပ်မိုဒီရဲ့ လုပ်ဆောင်ချက်ကြောင့် ဈေးကွက် ကပြောင်းကပြန်ဖြစ်တဲ့ဒဏ်ကို ခံလိုက်ရတဲ့အထဲမှာ သတို့သမီးဝတ်စုံ စီစဉ်ပေးတဲ့ဆိုင်တွေလည်း ပါဝင်ပါတယ်။
“အဲဒီတုန်းက ဘာပွဲမှ မလုပ်ကြတဲ့အတွက် ကျွန်တော်တို့လည်း ဘာမှမရောင်းရဘူး” လို့ မွမ်ဘိုင်းက စန်ပါ ဒီဇိုင်းစတူဒီယိုဆိုင်ရှင် ဗီရှာ-ဟာရီယာနီ က ပြောပါတယ်။ သူ့ဆိုင်ကို လနဲ့ချီ ပိတ်ထားခဲ့ရပါတယ်။

ပြန်အဆင်ပြေနိုးနိုး စောင့်ဆိုင်းနေခဲ့တဲ့ မျှော်လင့်ချက်တွေလည်း သက်ဆိုးမရှည်ခဲ့ပါဘူး။ ဘယ်လောက်မှမကြာ ၂၀၁၇ အရောက်မှာ အိန္ဒိယအစိုးရဟာ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေအပေါ် အခွန်ကောက်ခံတဲ့ စနစ်သစ်တစ်ခုကို အလောသုံးဆယ် စတင်လိုက်ပြန်ပါတယ်။ တောင့်ခံထားတဲ့ အသေးစား စီးပွားရေးတော်တော်များများလည်း ဒီတစ်ချီမှာ အပြီးတိုင် ရပ်ဆိုင်းသွားပါတော့တယ်။

အဲဒီအချိန်ကစလို့ လူတွေက ပိုက်ဆံအများအပြား သုံးစွဲဖို့ ဝန်လေးလာကြတဲ့အတွက် သူ့ဆိုင်တောင် အကြွေးမတင်အောင် ရုန်းကန်နေရတယ်လို့ ဟာရီယာနီက AFP သတင်းဌာနကို ပြောပါတယ်။
“အခွန်လည်းဆောင်ရတယ်၊ ဝန်ထမ်းတွေကိုလည်း လစာပေးရတယ်၊ ဖောက်သည်တွေကိုလည်း အထူးလျှော့ဈေး ပေးရသေးတယ်” လို့ သူကဆိုပါတယ်။

ဝမ်းနည်း အရှက်ရမှု

အကျဘက်ရောက်နေတဲ့ စီးပွားရေးအခြေအနေတွေက အိန္ဒိယ လူလတ်တန်းစားတွေကို ပိုက်ဆံစုဖို့ တွန်းအားပေးနေတယ်လို့ သုံးသပ်သူတွေက ပြောကြပါတယ်။

“စီးပွားရေးကျဆင်းမှုနဲ့အတူ မင်္ဂလာပွဲအသုံးစရိတ်တွေလည်း လျှော့ချလာကြတာပေါ့။ ဧရာမသူဌေးကြီးတွေကလွဲပြီး ကျန်တဲ့သူတွေ အကုန်လုံး ဒီဒဏ်ကိုခံရတယ်။” လို့ အိန္ဒိယအာရှ ရန်ပုံငွေအကြံပေး အဖွဲ့က ပရာဒစ်-ရှာ က AFP ကိုပြောပါတယ်။

အိန္ဒိယမှာ လက်ထပ်မင်္ဂလာပွဲတွေကို ခမ်းခမ်းနားနား ကျင်းပကြတာဟာ ဓလေ့ထုံးစံဖြစ်ပါတယ်။ (ဓာတ်ပုံ - AFP)

မင်္ဂလာပွဲမှာ ငွေကြေးအမြောက်အမြား အကုန်ကျခံ ကျင်းပနိုင်မှုကို လူမှုရေးအဆင့်အတန်း တစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားလေ့ရှိတဲ့ နိုင်ငံတစ်ခုအတွက်တော့ ဒီအလှည့်အပြောင်းဟာ ဝမ်းနည်းဖွယ်ရာ အရှက်ရဖွယ်ရာ ဖြစ်ရပ်တစ်ခုပါ။

ကျွန်မတို့ရဲ့ အိမ်နီးချင်းတွေကိုတောင် မဖိတ်ထားဘူး၊ ရှက်စရာတော့ဖြစ်တာပေါ့လေ။ ဒါပေမဲ့ လက်ရှိအခြေအနေအရ ကျွန်မတို့လည်း မလှုပ်သာဘူး” လို့ သူ့သားအတွက် မင်္ဂလာပွဲ စီစဉ်နေသူ တာရာ-ရှက်တီ ဆိုတဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက AFP ကိုပြောပါတယ်။
“ကျွန်မတို့ခေတ်ကဆိုရင် အများကြီးကုန်ကျခံ ကျင်းပကြတယ်။ ဧည့်သည်ဆိုရင်လည်း ထောင်နဲ့ချီ လာကြတာ။ ကျွန်မရဲ့ မင်္ဂလာပွဲဆို အရမ်းခမ်းနားကြီးကျယ်တယ်။ ကျွန်မသားရဲ့ပွဲနဲ့တော့ ဆီနဲ့ရေလိုကွာတယ်” လို့ သူက ဆိုပါတယ်။

စောသန္တာအေး
(ကိုးကား - AFP, The Straits Times, One India, India Today)

ဗီဒီယိုများ