ရခိုင်အတွက် ကော်ရီဒိုဟာ ဘင်္ဂလားဒေ့ရှ်အတွက် လောင်းကြေးလား

ဘင်္ဂလားဒေ့ရှ်ကတဆင့် ရခိုင်ဒေသဆီ ပို့ပေးမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်း (Humanitarian Corridor) ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံရေးရပ်ဝှမ်းမှာ ခုတလော ကြီးကြီးမားမား ဂယက်ရိုက်ခတ်နေခဲ့တဲ့ ကိစ္စရပ်တစ်ခုဖြစ်နေပါတယ်။

By Admin 24 May 2025

ရခိုင်အတွက် ကော်ရီဒိုဟာ ဘင်္ဂလားဒေ့ရှ်အတွက် လောင်းကြေးလား

DMG ၊ အတွေးအမြင်

ဘင်္ဂလားဒေ့ရှ်ကတဆင့် ရခိုင်ဒေသဆီ ပို့ပေးမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်း (Humanitarian Corridor) ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံရေးရပ်ဝှမ်းမှာ ခုတလော ကြီးကြီးမားမား ဂယက်ရိုက်ခတ်နေခဲ့တဲ့ ကိစ္စရပ်တစ်ခုဖြစ်နေပါတယ်။

အခုနှစ်မတ်လမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက်ခဲ့တဲ့ ကု/လအ‌ထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယိုဂူတာရက်စ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရခေါင်းဆောင် ဒေါက်တာယူနွတ်စ် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့တွေ့ဆုံစဉ်မှာ အဲဒီကိစ္စကို ထုတ်ဖော်အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း မူအရသဘောတူခဲ့ကြောင်း အမျိုးသားလုံခြုံရေးအကြံပေး ခေါ်လီရော်မန်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ဒီကိစ္စရပ်အပေါ် မြန်မာနိုင်ငံနဲ့ဆက်နွယ်ကြတဲ့ နိုင်ငံတကာအသိုင်းအဝန်းအပြင်၊ ရခိုင်ပြည်အရေးကို စိတ်ပါဝင်စားကြသူတွေကပါ စဉ်ဆက်မပြတ် စောင့်ကြည့်နားစွင့်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ အိန္ဒိယအွန်လိုင်းသတင်းစာတစ်စောင်က ဖော်ပြခဲ့တဲ့ အမေရိကန် ဒု-ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အပေါ် ဆန်းစစ်တင်ပြချက်ဟာ စောင့်ကြည့်နေသူတွေကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။

အဲဒါကတော့ အမေရိကန်ဒု-ဗိုလ်ချုပ်ကြီးဟာ မြန်မာစစ်အစိုးရကိုဖြုတ်ချနိုင်ဖို့ရာ ဘင်္ဂလားဒေ့ရှ်ကတဆင့် ပေးပို့မယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းအပြင်၊ စစ်ရေးဆိုင်ရာနည်းပညာနဲ့ ရုပ်ဝတ္ထုတွေ ပံ့ပိုးပြီး "Proxy War" ဆိုတဲ့ အသုံးအနှုန်းအထိ တင်စားခဲ့ပါတယ်။

ဆိုလိုတာက အမေရိကန်ဟာ မြန်မာစစ်ကောင်စီ ပြုတ်ကျရေးအတွက် ကိုယ်တိုင်ဝင်တိုက်တာမျိုး မဟုတ်ဘဲ တတိယအင်အားစုတွေဆီကို စစ်ရေးဆိုင်ရာနည်းပညာနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ ကူညီပံ့ပိုးပေးဖို့ဆိုတာပါ။ အထူးသဖြင့် ချင်းတော်လှန်ရေးအဖွဲ့ CNF နဲ့ အာရက္ခတပ်တော် (Arakan Army)တို့ နှစ်ဖွဲ့အပေါ် ထောက်ပံ့ကူညီ ပေးသွားဖို့ဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရတယ်။

အဲဒီနောက်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးတင်းမာမှုဟာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ဆို့ထားရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ချိပ်ဟာစီနာဟာကို ပြန်ပို့ပေးဖို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ တောင်းဆိုခဲ့မှုတွေ ရှိခဲ့ပါတယ်။ ဆိုတော့ အိန္ဒိယသတင်းစာရဲ့ ဖော်ပြချက်အပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့သလို တင်းမာမှုတွေလည်း ပိုများလာခဲ့ပါတယ်။

နောက်တချက်ကတော့ ဘာသာရေးအခြေခံ ပါတီကြီးတစ်ခုဖြစ်တဲ့ ဂျာမတ်-အီ-အစ္စလင်မီပါတီနဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ ဒါကာမြို့မှာတွေ့စဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရှိနေကြတဲ့ မြန်မာမွတ်ဆလင်တွေအတွက် ရခိုင်ပြည်ထဲမှာ သီးခြားနယ်‌မြေထူထောင်ပေးဖို့ ဆွေးနွေးခဲ့တာပါ။

နောက်ပိုင်းမှာတော့ ဂျာမတ်-အီ-အစ္စလင်မီပါတီက လူသားချင်းစာနာမှု လမ်းကြောင်းအတွက် အထောက်အကူပြုရေး ရည်ရွယ်ချက်သာဖြစ်တယ်လို့ ကြေငြာချက်ထုတ်ပြန် ဖြေရှင်းခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာတော့ ဒီကိစ္စအပေါ် အလေးပေးစဉ်းစားခဲ့ကြသလို၊ ဒုက္ခသည်စခန်းထဲက မွတ်ဆလင်တွေအနေနဲ့လည်း အိပ်မက်လှလှတွေ မက်ဖြစ်ခဲ့ကြမှာဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ပေါင်းဖက်ပြီး ထွက်ရပ်လမ်းမကြီးတစ်သွယ် ရရှိနိုင်ကြလိမ့်မယ်လို့ ရှုမြင်မှုတွေရှိခဲ့ပြီး ဒါဟာ သူတို့ ရခိုင်ပြည်ပြန်နိုင်ရေးနဲ့ သီးခြားနယ်မြေ တည်ထောင်ရေးအတွက် ထွက်ပေါက်အဖြစ် ယူဆခဲ့ကြတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး အကြံပေး တိုဟိဒ်ဟူစိန်က စာနာမှုလမ်းကြောင်း အကောင်အထည်ဖော်နိုင်ဖို့ရာ ရခိုင်ပြည်ရဲ့ နယ်နမိတ်အများစုကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်နဲ့ အမျိုးသားအကျိုးစီးပွါးအတွက် ဆက်ဆံရမယ်လို့ အတိအလင်းထုတ်ပြောထားသလို၊ တခြားအာဏာပိုင်တွေကတော့ ဒီစာနာမှု လမ်းကြောင်းအတွက် ဘာဆုံးဖြတ်ချက်မှ မချမှတ်ရသေးဘူးလို့ တုန့်ပြန်တာလည်း ရှိနေပါသေးတယ်။

အာရက္ခတပ်တော်ဘက်ကတော့ ဒီအစီအစဉ်ကို ကြိုဆိုကြောင်း ပြောထားတာကို တွေ့ရတယ်။ စစ်ကောင်စီ ဘက်ကတော့ ဘာအသံမှ ထွက်လာတာကို မတွေ့ရသေးပါဘူး။ ဒါပေမယ့် အာရက္ခတပ်တော်နဲ့ ထိတွေ့ဆက်ဆံနေတာကိုတော့ ဘင်္ဂလားဒေ့ရှ်စိုးရထံ စာရေးကန့်ကွက်ခဲ့တာ ရှိပါတယ်။

အခြားတစ်ဖက်မှာ ဘင်္ဂလားဒေ့ရှ် အင်အားကြီးနိုင်ငံရေးပါတီတွေကတော့ စာနာမှုလမ်းကြောင်းကိစ္စအပေါ် စိုးရိမ်တကြီးနဲ့ ကန့်ကွက်နေကြဆဲဖြစ်ပါတယ်။ ဒါဟာ သူတို့နိုင်ငံရဲ့ အချုပ်အချာအာဏာကို တိုက်ရိုက်ထိပါး လာတာလို့ ဆိုကြပါတယ်။ ဒီကိစ္စဟာ ယာယီအစိုးရတစ်ရပ်က လုပ်ရမယ့် လုပ်ငန်းရပ်မဟုတ်ပဲ၊ ရွေးကောက်ခံ အစိုးရတစ်ရပ်ကသာ လုပ်ဆောင်ရမယ့် ကြီးမားတဲ့ကိစ္စရပ်သာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

နယ်စပ်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ စိုးရိမ်စရာဖြစ်ပြီး၊ ယာယီအစိုးတစ်ရပ်အနေဖြင့် ကိုင်တွယ်လို့မရတဲ့ အရာဖြစ်တယ်လို့ ဆိုကြပါတယ်။ အခြား,အခြားသော တက်ကြွလှုပ်ရှားသူ လူမှုရေးအဖွဲ့အစည်းတွေကလည်း ယူနွတ်စ်ရဲ့ ယာယီအစိုးရအနေနဲ့ လွတ်လပ်ပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲကိုသာ အမြန်ဆုံးကျင်းပပေးပြီး၊ အနိုင်ရပါတီထံ အာဏာလွှဲပြောင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

သို့သော် အမြင်ချင်းမတူကြသူတွေ အများအပြားရှိနေကြတာကိုလည်း တွေ့မြင်ရတယ်။ ဒီစာနာမှုလမ်းကြောင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် နှစ်ပေါင်းများစွာ ဝန်ထုတ်ဝန်ပိုးဖြစ်နေတဲ့ မြန်မာမွတ်ဆလင်အရေးကို ဖြေရှင်းသွားနိုင်မယ်လို့ ယူဆကြတယ်။

စာနာမှုလမ်းကြောင်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့အခါ သဘောတူညီမှုတွေ ရှိလာမယ်။ အဲဒီသဘောတူညီမှုတွေထဲမှာ ဒုက္ခသည်ပြန်ပို့ရေး ကိစ္စဟာလည်း မဖြစ်မနေပါရှိလာမှာဖြစ်တယ်လို့ တွက်ချက်ကြတာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်၊ တရုတ်၊ အိန္ဒိယတို့ရဲ့ ပါဝင်ပတ်သက်မှုတွေကို သတိမူကြရမှာဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်စီအကျိုးစီးပွားဟာ ရှေ့တန်းအရောက်ဆုံးလည်းဖြစ်ပါတယ်။ Corridor မဖြစ်ရင် Proxy War မဖြစ်ဘူးလား၊ Proxy War မဖြစ်လာရင် Corridor မရှိလာနိုင်ဘူးလားဆိုတာဟာ အရေးပါတဲ့ မေးခွန်းဖြစ်လာပါတယ်။

တရုတ်ကတော့ "လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာလမ်းကြောင်း" လို့ ခေါ်ဆိုနေကြတဲ့ အစီအစဉ်မှာ မပါဝင်ဘူးလို့ ပြောလာတာကိုတွေ့ရတယ်။

အိန္ဒိယသတင်းစာရဲ့ ရေးသားဖော်ပြချက်အရ အမေရိကန်ဟာ စာနာမှုလမ်းကြောင်းအပြင် တက္ကနာမြို့မှာ ထောက်ပို့တပ်ရင်းတည်ဆောက်ဖို့နဲ့ ကော့စ်ဘဇားမြို့မှာ ဒရုန်းစစ်ဆင်ရေးအတွက် နေရာချထားနိုင်ရေးကို အမေရိကန်က ကြိုးစားနေတယ်လို့ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ အာရက္ခတပ်တော် တစ်ခုတည်းကိုမဟုတ်ပဲ အာဆာ(ARSA) အဖွဲ့ကိုပါ စစ်ရေးအရ အကူအညီပေးဖို့ တောင်းဆိုတယ်ဆိုတဲ့ ကောလာဟာလသတင်းတွေလည်း ထွက်ပေါ်ခဲ့တာရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ တက်ကြွလှုပ်ရှားသူတချို့ကတော့ ကုလသမ္မဂကအနေနဲ့ ပထမဦးစွာ မွတ်ဆလင် ဒုက္ခသည်တွေရဲ့ မူလနေရာမှာ နေထိုင်စရာအိမ်တွေ တည်ဆောက်ပေးပြီး၊ စားရေးရိက္ခာ၊ ဆေးဝါးနဲ့ အခြားလိုအပ်ချက်တွေကို ပို့ပေးပြီးမှသာ နေရာချထားရေးကို ဆောင်ရွက်ပေးဖို့ ပြောဆိုကြတာတွေ ရှိနေပါတယ်။ အခြားတစ်ဘက်မှာလည်း အစိုးရမဟုတ်တဲ့ အာရက္ခတပ်တော်ဆီ အကူအညီပေးတာဟာ ဘဂ်လားဒေ့ရှ်အနေနဲ့ တရုတ်၊ မြန်မာ အစိုးရတို့နဲ့ဆက်ဆံရေးကို ထိခိုက်လာမှာကိုပါ ထည့်သွင်းစဉ်းစားကြတာတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီကရော စာနာမှုအထောက်အပံ့ပေးနေတဲ့ ရခိုင်က နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ရှိလာလေမလား၊ ရှိလာခဲ့ရင်ကော အကျိုးဆက်တွေကို ဘယ်သူကတာဝန်ယူမလဲ စတဲ့ကြောင့်ကြမှုတွေ ရှိလာနေတာကိုပါ တွေ့ရပါတယ်။

အခြားတဖက်မှာ စာနာမှုလမ်းကြောင်းကနေ ဒုက္ခသည်တွေ ထပ်တိုးဝင်လာကြမှာရယ်၊ မှောင်ခိုကုန်ကူးမှုတွေ ပွားများလာမှာရယ်၊ လက်နက်ကိုင်တွေ သောင်းကျန်းလာမှာရယ် စတာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီ တချို့က စဉ်းစာကြတာကိုလည်းတွေ့ရပါတယ်။

ကုလသမ္မဂ ဦးဆောင်ပေးမှုဆိုပေမယ့် စာနာမှုလမ်းရဲ့ဂိတ်တွေကို ဘယ်သူတွေက ထိန်းကွပ်ကြမှာလဲဆိုတဲ့ အချက်ကိုပါ ထောက်ပြလာကြတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း အမေရိကန်ပါဝင်နေမှုအပေါ် တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ရေငုံနှုတ်ပိတ်နေမှုတွေကိုပါ ထောက်ပြလာကြပါတယ်။

ရခိုင်ပြည်မှာဖွဲ့စည်းမယ့် အစိုးရအဖွဲ့ရဲ့အလွှာတိုင်း၊ အဆင့်တိုင်းမှာ "ရိုဟင်ဂျာ"တွေ ပါဝင်မှုကို မြင်တွေ့လိုပြီး မဟုတ်ရင် အာရက္ခတပ်တော်နဲ့ ရှေ့ဆက်ဆွေးနွေးဖို့ အကြီးအကျယ်ခက်ခဲနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ အမျိုးသားလုံခြုံရေးအကြံပေး ခေါလီ ရော်မန်က မေ ၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ တွေ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ထဲမှာ နိုင်ငံခြားရေးအကြံပေးနဲ့ အမျိုးသားလုံခြုံရေးအကြံပေးတို့ရဲ့ ကြားမှာလည်း စာနာမှုလမ်းကြောင်းနဲ့ပတ်သက်ပြီး ပြောဆိုချက်တွေမှာ မတူကွဲပြားတာတွေရှိနေတာဟာ စကတည်းက ဖြစ်ပါတယ်။ ဒီအပေါ်မှာ ပြည်သူနဲ့ နိုင်ငံတကာကလည်း ဝေဝါးနေကြတာဖြစ်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ဒီလမ်းကြောင်းဟာ စာနာမှုတင်မကပဲ၊ စစ်ရေးကူညီထောက်ပံ့ရေးထိကို သွားနိုင်သလား၊ ဒါဆိုရင် အာဆာလို အကြမ်းဖက်လက်နက်ကိုင် အဖွဲ့တွေအတွက်ကရော ဘယ်လိုရှိလာမလဲ။ စာနာမှုသပ်သပ်ဆိုရင် ဘယ်သူတွေက ဦးဆောင်ဖြန့်ဖြူးပေးမလဲ၊ ဘယ်ဒေသအထိလဲ။

ဒေါက်တာ ယူနွတ်စ် အစိုးရကရော နိုင်ငံရေးပါတီတွေရဲ့ ထောက်ပြပြောဆိုမှုတွေကို လျစ်လျူရှုပြီး စာနာမှုလမ်းကြောင်းကို အကောင်အထည်ဖော်ဆောင် ပေးနိုင်မှာလား။ ဒီလမ်းကြောင်းကတဆင့် ဒုက္ခသည်တွေ ပြန်ပို့ရေးအစီအစဉ်ကရော တကယ်ရှိလာမှာလား။ တရုတ်နဲ့အိန္ဒိယ နှစ်နိုင်ငံကရော ဘာတွေ ပြောလာနိုင်လဲ စတဲ့… စတဲ့ သိလိုစရာတွေ များလွန်းနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေ၊ တတ်သိပညာရှင်တွေကတော့ ဒီစာနာမှုလမ်းကြောင်းနဲ့ ပတ်သက်ပြီး မိမိတို့နိုင်ငံအတွက် စိုးရိမ်တကြီးဖြစ်နေတာတွေကို သတင်းစာတွေမှာ ရေးသားတင်ပြ နေကြတာတွေကို တွေ့ရပါတယ်။

အထူးသဖြင့် ပထဝီနိုင်ငံရေး၊ လုံခြုံရေး၊ သံတမန်ရေးရာတွေဟာ ပြည်တွင်းရေးနဲ့ ပြည်ပရေးရာတွေကိုပါ ထိခိုက်မယ့်အကြောင်းရပ်တွေကို ဦးစားပေးဖော်ပြလာခဲ့ကြတာ တွေ့ရတယ်။ သန်းနဲ့ချီတဲ့ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးမှာ စာနာမှုလမ်းကြောင်းဖွင့်ပေးတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ပခုံးပေါ်မှာ မထင်မှတ်ပဲ ကြီးလေးတဲ့ဝန်ထုပ်ဝန်ပိုးကြီးတွေ ထပ်ပိလာမှာကို စိုးရိမ်မကင်းဖြစ်နေကြတာကို တွေ့ရပါတယ်။

အဲဒီလမ်းကြောင်းရဲ့ လုံခြုံရေးကို ကုလသမ္မဂအနေနဲ့ တိုက်ရိုက်ကွပ်ကဲမှာလား၊ သို့မဟုတ်ရင် နယ်စပ်မှာ လုံခြုံးရေးကို ထိခိုက်လာနိုင်တဲ့ တစုံတရာသောအကြောင်းခြင်းရာတွေ ပေါ်ပေါက်လာခဲ့ရင် လမ်းကြောင်းကို ဘင်္ဂလားဒေ့ရှ်က ပိတ်ထားလိုက်လို့ရနိုင်တဲ့ အခြေအနေကကော ရှိနေမှာလား စတာတွေကအစ တွေးခေါ်လာခဲ့ကြပါတယ်။

ကုလသမ္မဂ လုံခြုံရေးကောင်စီရဲ့ တာဝန်ယူမှုအပိုင်းနဲ့ အိန္ဒိယ၊ တရုတ်တို့ရဲ့ သဘောထားတွေကိုပါ ရယူဖို့လိုတယ်လို့ ဆိုကြပါတယ်။ အခြားဖက်မှာ အာရက္ခတပ်တော်ဟာ ဘယ်လောက်ပဲ ရခိုင်ပြည်မှာ ဩဇာလွှမ်းမိုးမှုရှိနေပါစေ၊ မိမိတို့နဲ့ယနေ့အထိ တရားဝင်ဆက်ဆံနေရတာက မြန်မာစစ်ကောင်စီပဲ ဖြစ်နေသေးတာကြောင့် နှစ်နိုင်ငံဆက်ဆံရေးရဲ့ ရှေ့အလားအလာကို ထည့်တွက်ရမယ်လို့ဆိုကြတာတွေ ရှိနေသေးတာကို အဖြေထုတ်ကြဖို့လိုကြောင့်လည်း အကြံပြုကြပါတယ်။

ဘင်္ဂလားဒေ့ရှ် လက်ရှိကြားဖြတ်အစိုးရအနေနဲ့ အရေးတကြီးလုပ်ဖို့လိုအပ်နေတဲ့ ရွေးကောက်ပွဲတစ်ရပ် အောင်အောင်မြင်မြင်ဆောင်ရွက်ပေးဖို့နဲ့ ရွေးကောက်ပွဲ အနိုင်ရတဲ့ပါတီကို အစိုးရဖွဲ့စေပြီး အာဏာလွှဲပြောင်းရေးကိုသာ အလေးထားဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။

မေလ ၂၁ ရက်က သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ခေါ်လီ ရော်မန်က "ကျွန်တော် ပြတ်ပြတ်သားသား ပြောချင်ပါတယ်၊ မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး၊ ဘယ်သူနဲ့မှလည်း စကားပြောမှာ မဟုတ်ပါဘူး၊ မည်သည့်ဆုံးဖြတ်ချက် သို့တည်းမဟုတ် ဒီအရေးကိစ္စ ထည့်သွင်းစဉ်းစားမှာကိုလည်း သက်ဆိုင်သူအားလုံးနဲ့တိုင်ပင်ပြီး ပြုလုပ်သွားမှာဖြစ်တယ်။ ရခိုင်ပြည်နယ် မတည်မငြိမ်ဖြစ်နေသရွေ့ မွတ်ဆလင် ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ ပြောလို့မရဘူး။ ပြီးတော့ နေရပ်ပြန်ပို့ရေးဗျူဟာကိုလည်း ပြောလို့မရဘူး" လို့ ပြောပါတယ်။

ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးဟာ မူတစ်ရပ်အနေနဲ့ရှိထားပြီးဖြစ်သလို တည်ငြိမ်တဲ့အခြေအနေ ဖြစ်လာချိန်မှာ ဒုက္ခသည်တွေနေရပ်ပြန်ရေးကို လုပ်ဆောင်မယ်လို့ အာရက္ခတပ်တော်က ပြောထားတယ်လို့ ခေါ်လီ ရော်မန်က ဆိုပါတယ်။

နိဂုံးချုပ်ရရင် ရခိုင်ပြည်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းကိစ္စဟာ ပြီးခဲ့တဲ့ မတ်လကစပြီး ယခုအထိ သုံးလနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ မဟာဝဲဂယက်ကြီးတစ်ခုအနေဖြင့် ရှုပ်ထွေးပွေလီနေခဲ့ပါတယ်။ ဒီနေ့မှာတော့ အမျိုးသားလုံခြုံရေးအကြံပေး ခေါ်လီရော်မန်ရဲ့ သတင်းစာရှင်းလင်းပွဲက သူတို့နိုင်ငံသားတွေအပေါ် ယာယီအနေနဲ့ နှစ်သိမ့်စေနိုင်ခဲ့မှာဖြစ်ပြီးတော့ နောင်အခါမှာ ဘယ်သို့ဘယ်ပုံဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

လပြည့်ဦး - ရေးသည်