အပူဒဏ်ကြောင့် ၂၀၂၂ အတွင်း ဥရောပတစ်ခွင် သေဆုံးသူ တစ်သောင်းခွဲအထိရှိ

၂၀၂၂ ခုနှစ် လက်ရှိအချိန်အထိ ဥရောပတစ်ခွင်တွင် ပြင်းထန်အပူဒဏ်ကြောင့် သေဆုံးခဲ့ရသူ အရေအတွက်သည် အနည်းဆုံး တစ်သောင်းခွဲရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြောကြားလိုက်သည်။

By Admin 10 Nov 2022

အပူဒဏ်ကြောင့် ၂၀၂၂ အတွင်း ဥရောပတစ်ခွင် သေဆုံးသူ တစ်သောင်းခွဲအထိရှိ

ဓာတ်ပုံ - National Geographic

DMG | နိုဝင်ဘာ ၁၀

၂၀၂၂ ခုနှစ် လက်ရှိအချိန်အထိ ဥရောပတစ်ခွင်တွင် ပြင်းထန်အပူဒဏ်ကြောင့် သေဆုံးခဲ့ရသူ အရေအတွက်သည် အနည်းဆုံး တစ်သောင်းခွဲရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြောကြားလိုက်သည်။

 “နိုင်ငံတွေဆီကနေ လက်ရှိအထိ ရရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၂ အတွင်း အပူဒဏ်ကြောင့် သေဆုံးခဲ့ရသူပေါင်း အနည်းဆုံး တစ်သောင်းခွဲအထိ ရှိတယ်လို့ ခန့်မှန်းရပါတယ်” ဟု WHO ၏ ဥရောပဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်းကလူဂီက ကြေညာချက်တွင် ထည့်သွင်းပြောကြားထားသည်။

မှတ်တမ်းများ စတင်ကောက်ယူခဲ့သည့် အချိန်မှစ၍ ဇွန်လမှ သြဂုတ်လအထိ သုံးလတာသည် ဥရောပတွင် အပူရှိန် အမြင့်ဆုံးရှိခဲ့သည်။ အထူးမြင့်တက်ခဲ့သည့် အပူရှိန်ကြောင့် မိုးခေါင်ရေရှားမှုသည် အလယ်ခေတ်နောက်ပိုင်းတွင် အဆိုးဆုံးအခြေအနေ ဖြစ်ခဲ့သည်။ 

စပိန်နှင့် ဂျာမနီတို့မှာ အပူဒဏ်ကို အဆိုးဆုံးရင်ဆိုင်ခဲ့ရသော နိုင်ငံများဖြစ်သည်။ ဗြိတိန်တွင် ဇွန်လနှင့် ဇူလိုင်လအတွင်း ပထမဆုံးအကြိမ်အဖြစ် အပူရှိန်သည် ၄၀ ဒီဂရီဆဲစီးယပ်အထိ မြင့်တက်ခဲ့သည်။

နွေရာသီ သုံးလအတွင်း ဂျာမနီတွင် သေဆုံးသူ ၄၅၀၀ ခန့်ရှိခဲ့ပြီး စပိန်တွင် ၄၀၀၀ ခန့်၊ ယူကေတွင် ၃၂၀၀ နှင့်အထက်၊ ပေါ်တူဂီတွင် ၁၀၀၀ ကျော်ရှိခဲ့သည်။

အပူဒဏ်ကြောင့် သေဆုံးသူအရေအတွက်ကို အခြားနိုင်ငံများထံမှလည်း ရရှိလျက်ရှိသဖြင့် သေဆုံးသူအရေအတွက်သည် ပိုမိုမြင့်တက်လာနိုင်ခြေ ရှိသည်ဟု ကလူဂီက ပြောကြားသည်။

အပူဒဏ်ကြောင့် လူ့ခန္ဓာသည် ကိုယ့်ကိုယ်ကိုယ် အအေးပေးနိုင်စွမ်းမရှိတော့သည့် အတွက် ဥရောပတစ်ခွင်တွင် ရာသီဥတုကြောင့် သေဆုံးရသူများ ရှိလာခြင်းဖြစ်ကြောင်း WHO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြင်းထန်အပူရှိန်များသည် နှလုံးရောဂါရှင်၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှင်များနှင့် ဆီးချိုသွေးချို ရောဂါသည်များအတွက် အန္တရာယ်ရှိနိုင်ကြောင်းလည်း WHO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဗီဒီယိုများ