အိန္ဒိယတွင် ငွေဖြင့်ကစားရသည့် အွန်လိုင်းဂိမ်းအားလုံးကို ဗဟိုအစိုးရက စောင့်ကြည့်ကြီးကြပ်မည်

အိန္ဒိယနိုင်ငံတွင် ငွေကြေးအသုံးပြုကာ ကစားရသည့် အွန်လိုင်းဂိမ်းများအားလုံးကို ဗဟိုအစိုးရက စောင့်ကြည့်ကြီးကြပ်မည့် ဥပဒေတစ်ရပ် ပြင်ဆင်လျက်ရှိကြောင်း နီးစပ်သူ သတင်းရင်းမြစ်များကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 05 Dec 2022

အိန္ဒိယတွင် ငွေဖြင့်ကစားရသည့် အွန်လိုင်းဂိမ်းအားလုံးကို ဗဟိုအစိုးရက စောင့်ကြည့်ကြီးကြပ်မည်

ဓာတ်ပုံ - Live Casino Comparer

DMG | ဒီဇင်ဘာ ၅

အိန္ဒိယနိုင်ငံတွင် ငွေကြေးအသုံးပြုကာ ကစားရသည့် အွန်လိုင်းဂိမ်းများအားလုံးကို ဗဟိုအစိုးရက စောင့်ကြည့်ကြီးကြပ်မည့် ဥပဒေတစ်ရပ် ပြင်ဆင်လျက်ရှိကြောင်း နီးစပ်သူ သတင်းရင်းမြစ်များကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အိန္ဒိယတွင် အွန်လိုင်းဂိမ်းများကို ကျွမ်းကျင်မှုဖြင့် ကစားရသော ဂိမ်းများနှင့် ကံကျကစားရသော ဂိမ်းများဟူ၍ နှစ်မျိုးခွဲထားရာတွင် ယခင်က ကျွမ်းကျင်မှုဖြင့် ကစားရသောဂိမ်းများကိုသာ ဗဟိုအစိုးရက ကြီးကြပ်ရန်နှင့် ကံကျကစားရသော ဂိမ်းများကိုမူ သက်ဆိုင်ရာ ပြည်နယ်အစိုးရများက ကြီးကြပ်ရန် စီစဉ်ခဲ့သည်။

သို့သော်လည်း အောက်တိုဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် အစိုးရအစည်းအဝေး၌ အဆိုပါအချက်ကို ပယ်ဖျက်ပြီး ဂိမ်းနှစ်မျိုးလုံးကို ဗဟိုမှကြီးကြပ်ရန် မိုဒီအစိုးရကိုယ်စားလှယ်က တောင်းဆိုခဲ့သည်။

အိန္ဒိယတွင် အွန်လိုင်းဂိမ်းနယ်ပယ်သည် တဟုန်ထိုး တိုးပွားလာနေပြီး အထူးသဖြင့် လူငယ်များအကြား ကျယ်ပြန့်လျက်ရှိသည်။ ထိုကဲ့သို့ တိုးပွားလာမှုနှင့်အတူ သုံးစွဲသူများအကြား ဂိမ်းစွဲခြင်းများ၊ ငွေကြေးဆုံးရှုံးမှုများနှင့်အတူ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းများအထိ ရှိလာနေခြင်းအပေါ် စိုးရိမ်မှုများ မြင့်တက်လာချိန်၌ အစိုးရက ယခုကဲ့သို့ ဥပဒေသစ် ရေးဆွဲနေခြင်း ဖြစ်သည်။

ယခုဥပဒေသစ်ကို ဝန်ကြီးချုပ်မိုဒီရုံးနှင့် သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲနေခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ အွန်လိုင်းဂိမ်း ဈေးကွက်သည် ၂၀၂၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇ ဘီလျံအထိ တန်ဖိုးရှိလာမည်ဟု သုတေသနကုမ္ပဏီ Redseeer က သုံးသပ်ထားသည်။

ယခုရေးဆွဲနေသည့် ဥပဒေသစ်တွင် ဂိမ်းစွဲခြင်းကို လျှော့ချနိုင်ရန်အတွက် အွန်လိုင်းဂိမ်းများတွင် သတိပေးချက်များနှင့် အကြံပြုချက်များ အလှည့်ကျဖော်ပြပေးရန်၊ စပေါ်ငွေနှင့် ထုတ်ယူငွေများ ကန့်သတ်ထားပေးရန် စသည့်အချက်များကိုပါ ထည့်သွင်းရေးအတွက် သြဂုတ်လက ပြုလုပ်ခဲ့သည့် အစိုးရညှိနှိုင်းအစည်းအဝေး၌ အကြံပြုခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဗီဒီယိုများ