ပြင်သစ်နိုင်ငံ ပါရီမြို့လယ်မှာ ပစ်ခတ်မှုဖြစ်ပွားသဖြင့် သုံးဦးသေဆုံး

ပြင်သစ်နိုင်ငံ ပါရီမြို့လယ်ရှိ ကာဒစ်ရှ်ယဉ်ကျေးမှုစင်တာတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က သေနတ်သမားတစ်ဦး ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်အတွက် သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 24 Dec 2022

ပြင်သစ်နိုင်ငံ ပါရီမြို့လယ်မှာ ပစ်ခတ်မှုဖြစ်ပွားသဖြင့် သုံးဦးသေဆုံး

ဓာတ်ပုံ - AP

DMG | ဒီဇင်ဘာ ၂၄

ပြင်သစ်နိုင်ငံ ပါရီမြို့လယ်ရှိ ကာဒစ်ရှ်ယဉ်ကျေးမှုစင်တာတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က သေနတ်သမားတစ်ဦး ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်အတွက် သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြို့လယ်ရှိ ဈေးဆိုင်ငယ်များနှင့် ကဖီးများရှိရာ Rue d’Enghien လမ်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သံအများအပြား ကြားခဲ့ရကြောင်း ဖြစ်စဉ်အနီးတစ်ဝိုက်တွင် ရှိနေခဲ့သူများကို ကိုးကားပြီး သတင်းတွင် ဖော်ပြသည်။

အခင်းဖြစ်ပွားရာနေရာတွင် လက်နက်ကိုင် လုံခြုံရေးဝန်ထမ်းများ ရောက်ရှိနေပြီး အဆိုပါလမ်းကြောတစ်လျှောက် ပိတ်ထားကာ လူနာတင်ယာဉ်များလည်း ရောက်နေသည်ကို တွေ့ရသည်။

အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်၍ အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း အစိုးရရှေ့နေရုံးက ပြောကြားသည်။ ပစ်ခတ်မှု ပြုလုပ်ရသည့် အကြောင်းရင်းကို မူ တိတိပပ မသိရသေးပေ။

သေနတ်သမားသည် ကာဒစ်ရှ်ယဉ်ကျေးမှုစင်တာကို ပစ်မှတ်ထားကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ခံရသော စင်တာသည် ပါရီဒေသတစ်ဝိုက်တွင် ရောက်ရှိနေထိုင်နေကြသည့် ကာဒစ်ရှ်လူမျိုးစုများကို အကူအညီပေးရန် ပြပွဲများ၊ ဖျော်ဖြေရေးပွဲများ ပြုလုပ်လေ့ရှိသည့် လူမှုရေးအဖွဲအစည်းတစ်ခုက အသုံးပြုလေ့ရှိသည့် နေရာဖြစ်သည်။

ပစ်ခတ်မှုများ ပြီးဆုံးသွားပြီးနောက်ပိုင်း ကာဒစ်ရှ်ဆန္ဒပြသမားများသည် ရဲတပ်ဖွဲ့က ချထားသည့် အရံအတားများကို ကျော်ဖြတ်ခြင်း၊ ရဲများကို ပစ္စည်းများဖြင့် ပစ်ပေါက်ခြင်း၊ အမှိုက်ပုံးများကို မီးတင်ရှို့ခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် ရဲများနှင့် ထိပ်တိုက်တွေ့ခဲ့ကြကြောင်း အေပီသတင်းတစ်ရပ်၌ ဖော်ပြသည်။

ဆန္ဒပြသူများအား လူစုခွဲရန် ရဲများက မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့ရကြောင်းလည်း သတင်းတွင် ဖော်ပြသည်။

ဆန္ဒပြသူအချို့သည် ကာဒစ်ရှ်လုပ်သားပါတီ (ပီကေကေ) ကို ထောက်ခံကြွေးကြော်မှုများ ပြုလုပ်ခဲ့ကြသည်။ ပီကေကေသည် တူရကီအစိုးရ၊ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံအချို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော အဖွဲ့အစည်းဖြစ်သည်။

ဗီဒီယိုများ