ယူကရိန်းမှာ သေဆုံး သို့မဟုတ် ဒဏ်ရာရတဲ့ ရုရှားတပ်ဖွဲ့ဝင် ၁ သိန်းရှိကြောင်း အမေရိကန်ပြော

၉ လကြာမြင့်လာပြီဖြစ်တဲ့ ရုရှားတို့ရဲ့ ယူကရိန်းကျူးကျော်စစ်အတွင်း ယူကရိန်းအရပ်သား ၄၀၀၀၀ နဲ့ ရုရှားစစ်သား ၁၀၀၀၀၀ ကျော် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရရှိခဲ့တယ်လို့ အမေရိကန်အဆင့်မြင့်အရာရှိ ဗိုလ်ချုပ် Mark Milley ကပြောပါတယ်။

By Admin 12 Nov 2022

ယူကရိန်းမှာ သေဆုံး သို့မဟုတ် ဒဏ်ရာရတဲ့ ရုရှားတပ်ဖွဲ့ဝင် ၁ သိန်းရှိကြောင်း အမေရိကန်ပြော

ယူကရိန်းအရှေ့တောင်ပိုင်းကို ဝင်ရောက်လာတဲ့ ရုရှားစစ်ယာဉ်တန်း။ (ဓာတ်ပုံ - AP)

DMG ၊ နိုဝင်ဘာ ၁၂

၉ လကြာမြင့်လာပြီဖြစ်တဲ့ ရုရှားတို့ရဲ့ ယူကရိန်းကျူးကျော်စစ်အတွင်း ယူကရိန်းအရပ်သား ၄၀၀၀၀ နဲ့ ရုရှားစစ်သား ၁၀၀၀၀၀ ကျော် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရရှိခဲ့တယ်လို့ အမေရိကန်အဆင့်မြင့်အရာရှိ ဗိုလ်ချုပ် Mark Milley ကပြောပါတယ်။

“လူတွေလည်း ဒုက္ခအကြီးအကျယ်ရောက်ကုန်ကြပြီ”လို့ လည်း နယူးယောက်ရဲ့ “The Economic Club” ကို ဖြည့်စွက်ပြီးပြောခဲ့ပါသေးတယ်။

စစ်ပွဲအစောပိုင်းကာလတုန်းက သိမ်းပိုက်ထားတဲ့ ယူကရိန်းနိုင်ငံတောင်ပိုင်းမြို့တော် ခါဆန်မြို့ကနေ ရုရှားတပ်တွေ ထွက်ခွာသွားခဲ့ပါပြီ။ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတဲ့ ဆောင်းရာသီအခြေအနေက နှစ်နိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းဖို့ အခွင့်အရေးတွေ ပေးစွမ်းနိုင်တယ်လို့ ဗိုလ်ချုပ် Mark Milley က ပြောပါတယ်။

ယူကရိန်းသမ္မတ ဇာလန်စကီးကလည်း ဖြစ်နေတဲ့စစ်ပွဲကို အဆုံးသတ်ပြီး ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လမ်းဖွင့်ထားပြီး ယူကရိန်းမြေကနေ ရုရှားစစ်သားတစ်ယောက်မကျန် ထွက်ခွာသွားဖို့၊ စစ်လျော်ကြေးပေးဖို့နဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေအနေနဲ့ တရားစွဲခံရမယ် အခြေအနေမျိုးမှာရှိနေတယ်လို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

ရုရှားစစ်တပ်တွေ ခါဆန်မြို့က ထွက်ခွာသွားပြီဆိုပေမယ့် ဟန်ဆောင်တာမျိုးလည်း ဖြစ်နိုင်ကြောင်း ယူကရိန်း သမ္မတက သတိပေးပြောကြားခဲ့ပါတယ်။ အမေရိကန်စစ်တပ်ရဲ့ အဆင့်အမြင့်ဆုံး စစ်အရာရှိဖြစ်တဲ့ Mark Milley က ခါဆန်မြို့မှာ ရုရှားစစ်သား ၂၀၀၀၀ ကနေ ၃၀၀၀၀ အထိရှိနေတဲ့အတွက် ဆုတ်ခွာမှုက ရက်သတ္တပတ်များစွာ ကြာမြင့်နိုင်တယ်လို့ ပြောပါတယ်။

ရုရှားအနေနဲ့ နွေဦးရာသီထိုးစစ်အတွက် သူ့တပ်တွေ ပြန်ပြီးနေရာချဖို့ ဆုတ်ခွာတာမျိုးဖြစ်နိုင်ပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်လည်း အခွင့်အရေးတစ်ခုဖြစ်တယ်လို့ သူကပြောပါတယ်။

စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဖို့အတွက်ကလည်း ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံးက စစ်ရေးနည်းလမ်းနဲ့ အောင်ပွဲရမှာမဟုတ်ဘူးဆိုတာ အပြန်အလှန်သဘောပေါက်ဖို့ လိုပါတယ်။ ဒါကြောင့်လည်း တခြားနည်းလမ်းတစ်ခုကို လှည့်ကြည့်သင့်ပါတယ်လို့ ပထမကမ္ဘာစစ်အပြီးကို ဥပမာတစ်ခုအနေနဲ့ Milley က ကိုးကားပြောဆိုသွားပါတယ်။

ဗီဒီယိုများ