မြောက်ကိုရီးယား၏ ရန်စမှုများအား ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဟု တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယော သတိပေး

မြောက်ကိုရီးယား၏ရန်စမှုများ ရှိလာလျှင် “မဆိုင်းမတွ ပြင်းပြင်းထန်ထန်” လက်တုံ့ပြန်ရန် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယောက ဇူလိုင် ၆ ရက်နေ့တွင် စစ်တပ်အား အမိန့်ပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ မြောက်ကိုရီးယားက ငါးနှစ်တာအတွင်း ၎င်း၏ ပထမဆုံးနျူကလီးယားစမ်းသပ်မှုကို ပြုလုပ်လာနိုင်သည်ဟူသည့် စိုးရိမ်မှုများ ရှိနေချိန်၌ ယခုကဲ့သို့ သမ္မတက ညွှန်ကြားလိုက်ခြင်းလည်း ဖြစ်သည်။

07 Jul 2022

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယော။ (ဓာတ်ပုံ - Reuters)

DMG ၊ ဇူလိုင် ၈

မြောက်ကိုရီးယား၏ရန်စမှုများ ရှိလာလျှင် “မဆိုင်းမတွ ပြင်းပြင်းထန်ထန်” လက်တုံ့ပြန်ရန် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယောက ဇူလိုင် ၆ ရက်နေ့တွင် စစ်တပ်အား အမိန့်ပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ မြောက်ကိုရီးယားက ငါးနှစ်တာအတွင်း ၎င်း၏ ပထမဆုံးနျူကလီးယားစမ်းသပ်မှုကို ပြုလုပ်လာနိုင်သည်ဟူသည့် စိုးရိမ်မှုများ ရှိနေချိန်၌ ယခုကဲ့သို့ သမ္မတက ညွှန်ကြားလိုက်ခြင်းလည်း ဖြစ်သည်။

မေလတွင် စတင်တာဝန်ယူခဲ့သော သမ္မတယွန်းဆော့ယောသည် စစ်ဦးစီးချုပ်များနှင့် ပထမဆုံးအစည်းအဝေးကို ဦးဆောင်တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကို ဟန့်တားရာတွင် ပြင်းထန်သည့် လုပ်ဆောင်နိုင်စွမ်းများအား တောင်းဆိုခဲ့သည်ဟု သမ္မတရုံးက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း မကြုံစဖူး အရှိန်အဟုန်ဖြင့် ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်နေခဲ့ပြီး ၎င်း၏ သတ္တမမြောက် နျူကလီးယား စမ်းသပ်မှုအတွက် ပြင်ဆင်နေသည်ဟု ယုံကြည်ရသည်။

၂ဝ၁၇ ခုနှစ်နောက်ပိုင်း လာရောက်လည်ပတ်ကြောင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ကြေညာခဲ့သည့် အမေရိကန်လေတပ် အက်ဖ်-၃၅အေ ကိုယ်ပျောက်တိုက်လေယာဉ်များ တောင်ကိုရီးယားသို့ ရောက်ရှိလာပြီးနောက် တစ်ရက်အကြာ မဟာမိတ်များနှင့် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားတို့က လက်နက်များ ခင်းကျင်းပြသမှု ပြင်းထန်နေချိန်တွင် အဆိုပါ စစ်ရေးတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။

“တောင်ကိုရီးယားနှင့် အရှေ့မြောက်အာရှဝန်းကျင်တွင် လုံခြုံရေးမရေရာမှုများ ယခင်ကထက် ပိုမိုကြီးထွားလာနေသောကြောင့် နိုင်ငံ၏လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် ခိုင်မာသော ကာကွယ်ရေးစွမ်းရည်များ အသင့်ရှိသင့်ကြောင်း သမ္မတယွန်းဆော့ယောက မှာကြားခဲ့သည်” ဟု သမ္မတရုံးက ပြောကြားသည်။

သမ္မတယွန်းဆော့ယောသည် ပြီးခဲ့သည့် သီတင်းပတ်က မက်ဒရစ်မြို့၌ ပြုလုပ်သည့် နေတိုးထိပ်သီးအစည်းအဝေး ပြင်ပတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့နှင့် တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားအပေါ် “ပိုမိုသည့် အဟန့်အတားများ”အား အားဖြည့်ဆောင်ရွက်ရန်အတွက် နောက်ထပ်နည်းလမ်းများကို ရှာဖွေရန် သဘောတူခဲ့သည်။

ဗီဒီယိုများ