ကင်ညာမှာ ဘာသာရေးအယူသီးမှုနှင့် ဆက်စပ်ပြီး သေဆုံးသူအလောင်း တွေ့ရှိမှု ၄၆ ဦးအထိရှိလာ

ကင်ညာနိုင်ငံတွင် ဘာသာရေးအယူသီးမှု တစ်ခုကြောင့် သေဆုံးခဲ့သူများကို လိုက်လံရှာဖွေလျက်ရှိရာ လက်ရှိအချိန်အထိ ၄၆ လောင်းအထိ ရှိနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဧပြီလ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

By Admin 24 Apr 2023

ဓာတ်ပုံများ - Reuters, AFP, Shutterstock
ဓာတ်ပုံများ - Reuters, AFP, Shutterstock

ကင်ညာနိုင်ငံတွင် ဘာသာရေးအယူသီးမှု တစ်ခုကြောင့် သေဆုံးခဲ့သူများကို လိုက်လံရှာဖွေလျက်ရှိရာ လက်ရှိအချိန်အထိ ၄၆ လောင်းအထိ ရှိနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဧပြီလ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

နိုင်ငံအရှေ့ပိုင်း မာလင်ဒီမြို့အနီးတွင် ပြီးခဲ့သောသီတင်းပတ်တွင် အလောင်းများ စတင်တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က ရှာဖွေရေးလုပ်ငန်းများကို ဆက်တိုက် ဆောင်ရွက်နေခြင်း ဖြစ်သည်။

“ဒီနေ့မှာ ၂၆ လောင်း ထပ်မံတူးဖော်တွေ့ရှိပါတယ်။ ဒါနဲ့ပါဆိုရင် တွေ့ထားတဲ့အလောင်း အရေအတွက် စုစုပေါင်း ၄၆ လောင်းအထိ ရှိသွားပါပြီ” ဟု မာလင်ဒီမြို့ မှုခင်းစုံစမ်းစစ်ဆေးရေး အကြီးအကဲ ချားလ်ကာမိုးက ပြောကြားသည်။

Good News International Church ဘုရားကျောင်း၏ ခေါင်းဆောင် Makenzia Nthenge က ‘ယေရှုခရစ်တော်နှင့် ဆုံတွေ့ရန်’ ဟုဆိုကာ နောက်လိုက်များအား အစာငတ်ခံခိုင်းရာမှ ယခုကဲ့သို့ သေဆုံးမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ Makenzia Nthenge နှင့် အပေါင်းအပါ ၆ ဦးကို လက်ရှိတွင် ဖမ်းဆီးထားသည်။

ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည့် ဘုရားကျောင်းအဖွဲ့ဝင်တစ်ဦးဆိုလျှင် အားအင်ကုန်ခမ်းနေသော်လည်း အစာစားရန် ငြင်းဆန်ခဲ့သည်ဟု ဟူစိန်ခါလစ်က ပြောကြားသည်။ ခါလစ်သည် ယခုဖြစ်စဉ်အား ရဲတပ်ဖွဲ့သို့ သတင်းပေးခဲ့သည့် ဟာကီအာဖရိက လူ့အခွင့်အရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

ယခုရှာဖွေမှုသည် သေဆုံးသူများသာမကဘဲ အသက်ရှင်ကျန်ရစ်သူများအတွက်ပါ ဆောင်ရွက်နေခြင်းဟု ချားလ်ကာမိုးက ပြောသည်။

မာလင်ဒီမြို့အနီးရှိ ရှာကာဟိုလာသစ်တောဧရိယာ ဧက ၈၀၀ ခန့်ကို စည်းတားကာ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

ရှာဖွေရေးအဖွဲ့များသည် ကိရိယာအပြည့်အစုံဖြင့် တစ်ကိုယ်လုံး အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ကာ နှာခေါင်းစည်းများ တပ်ဆင်၍ ရှာဖွေရေးဆောင်ရွက်နေသည်ကို အေအက်ဖ်ပီဓာတ်ပုံသမား မြင်တွေ့ခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။ အနီးတစ်ဝိုက်တွင်လည်း ပလတ်စတစ်ဖြင့် ထုပ်ပိုးထားသည့် အလောင်းအများအပြား တွေ့ရသည်ဟု သတင်းတွင် ဖော်ပြသည်။

ဘုရားကျောင်းမှ အဖွဲ့ဝင်အချို့သည် အာဏာပိုင်များကို တိမ်းရှောင်ကာ အနီးအနားရှိ တောအုပ်တွင် ပုန်းခိုနေကြသည်ဟု ဟူစိန်ခါလစ်က ယူဆသည်။

“ဒီကိစ္စရဲ့ အတိမ်အနက်ကို သိနိုင်ပါတယ်။ လူတွေရှိနေဆဲဖြစ်ပြီး သူတို့ဟာ စက္ကန့်တိုင်းမှာ သေဆုံးကောင်း သေဆုံးနေကြပါလိမ့်မယ်” ဟု သူကပြောသည်။

အစိုးရအနေဖြင့် ယုံကြည်သူများ အစာငတ်ခံပြီး မသေဆုံးမီ ကယ်တင်နိုင်ရေးအတွက် တပ်ဖွဲ့များစေလွှတ်ကာ ရှာဖွေပေးရန်လည်း ဟူစိန်ခါလစ်က တောင်းဆိုထားသည်။

Makenzia Nthenge သည် ပြီးခဲ့သည့်လက ကလေးငယ်နှစ်ဦး သူတို့မိဘများ လက်ထဲတွင် အစာငတ်ကာ သေဆုံးသွားပြီးနောက်၌ ရဲတပ်ဖွဲ့ထံ၌ လာရောက်၍ အဖမ်းခံခဲ့သည်။ ထိုစဉ်က ကင်ညာရဲတပ်ဖွဲ့က သူ့ကို အာမခံငွေ ကင်ညာငွေ တစ်သိန်းဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ဗီဒီယိုများ