ကမ္ဘာ့နိုင်ငံအများအပြား မြန်မာနှင့် သံတမန်ဆက်ဆံရေး လျှော့ချပြီး အရေးယူပိတ်ဆို့မှုများ မြှင့်တင်

မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး သံတမန်ဆက်ဆံရေးများ လျှော့ချကာ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ တို့မြှင့် ဆောင်ရွက်နေကြသည့် နိုင်ငံအရေအတွက်မှာ မြင့်တက်လာနေသည်။

By Foreign Desk 12 Feb 2021

(ဓာတ်ပုံ - Reuters)

မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး သံတမန်ဆက်ဆံရေးများ လျှော့ချကာ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ တို့မြှင့် ဆောင်ရွက်နေကြသည့် နိုင်ငံအရေအတွက်မှာ မြင့်တက်လာနေသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မိမိတို့အစိုးရအဖွဲ့သည် မြန်မာစစ်ခေါင်းဆောင်များ၏ အမေရိကန်တွင် ရှိနေသည့် အစိုးရရန်ပုံငွေ တစ်ဘီလျံခန့်ကို အသုံးပြုခွင့်မရအောင် ဆောင်ရွက်မည်ဖြစ်ကာ၊ အာဏာသိမ်းမှုနှင့် ဆက်စပ်နေသည့် စစ်တပ်ခေါင်းဆောင်များကိုလည်း ပိတ်ဆို့မှုများ ဆောင်ရွက်သွားမည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မြန်မာစစ်ခေါင်းဆောင်များ အာဏာချုပ်ကိုင်မှုကို တစ်ဆင့်ချင်းလျှော့ချပြီး အရပ်သားအစိုးရ အုပ်ချုပ်ရေးဘက်သို့ အကူးအပြောင်းများ စတင်ခဲ့သည့်အချိန်မှစ၍ အမေရိကန်အပါအဝင် အနောက်နိုင်ငံ အများအပြားသည် မြန်မာအပေါ် ချမှတ်ထားသည့်  အရေးယူပိတ်ဆို့မှု အများစုကို ရုပ်သိမ်းခဲ့ကြသည်။

ယခု အာဏာသိမ်းမှုအပေါ် အပြင်းထန်ဆုံး တုံ့ပြန်သည့် နိုင်ငံများတွင် နယူးဇီလန်လည်း ပါဝင်သည်။ မြန်မာနှင့် စစ်ရေး နိုင်ငံရေးဆိုင်ရာ ထိပ်တန်းဆက်ဆန်ရေးများအားလုံးကို ရပ်ဆိုင်းလိုက်သလို စစ်အစိုးရသို့မဟုတ် ခေါင်းဆောင်များထံ ရောက်ရှိနိုင်သည့် မည်သည့် အကူအညီမဆို ပိတ်ဆို့ အရေးယူသွားမည်ဖြစ်ကြောင်း ကတိပြုလိုက်သည်။

အမေရိကန်သည် ယခင်တည်းက မွတ်ဆလင်အရေးနှင့် ပတ်သက်၍ တပ်မတော်ခေါင်းဆောင်များအပေါ် အရေးယူပိတ်ဆို့မှုများ ယခင်တည်းက ချမှတ်ထားသည်။

သို့သော်လည်း လက်ရှိအချိန်အထိ အမေရိကန်-မြန်မာ သံတမန်ရေးရာ ဆက်ဆံရေးတွင် အပြောင်းအလဲ တစ်စုံတစ်ရာတော့ မရှိသေးပေ။ သောမတ်ဗာဒါသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သည်။

အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် တွေ့ဆုံပြီး အီးယူနိုင်ငံများနှင့် မြန်မာအကြား ဆက်ဆံရေးကို ပြန်လည်သုံးသပ်ကာ စီးပွားရေးအရ ဖိအားပေးမှု မြှင့်တင်သွားနိုင်မည့် နည်းလမ်းများကို ရှာဖွေသွားမည်ဟု  အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက်ဘော်ရဲလ်က ပြောကြားသည်။ အီးယူ၏ အရေးယူပိတ်ဆို့မှုများတွင် မြန်မာစစ်တပ်နှင့် ဆက်စပ်ပုဂ္ဂိုလ်များ ပိုင်ဆိုင်သည့် စီးပွားရေးများအပါအဝင် ဖွံ့ဖြိုးရေးအကူအညီများ လျှော့ချမှုများလည်း ပါဝင်နိုင်သည်။

အီးယူသည် ၂၀၁၄ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၈၅၀ နီးပါး ရှိသည်။

“ပြီးခဲ့တဲ့ ၁၀ နှစ်တာအတွင်း တိုးတက်လာတဲ့ ဒီမိုကရေစီအကူးအပြောင်းကို နောက်ပြန်ဆုတ်သွားစေတဲ့ အာဏာသိမ်းမှုကို ထိထိရောက်ရောက် တုံ့ပြန်ဖို့ နည်းလမ်းတစ်ခု စီစဉ်ရပါမယ်” ဟု ဂျိုးဇက်ဘော်ရဲလ်က ဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် သောကြာနေ့တွင် အထူးတွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ပြီး မြန်မာ့အကျပ်အတည်းကြောင့် လူ့အခွင့်အရေးအပေါ် ဂယက်ရိုက်ခတ်မှုကို စိစစ်သွားမည် ဖြစ်သည်။

အာဆီယံအဖွဲ့ဝင်များဖြစ်သည့် မလေးရှားနှင့် အင်ဒိုနီးရှားတို့ကလည်း အာဆီယံနိုင်ငံများအနေဖြင့် မြန်မာ့အရေးအတွက် အထူးအစည်းအဝေး ပြုလုပ်ရန် တောင်းဆိုထားသည်။ သို့သော် ဤတွေ့ဆုံမှုမှ အဓိပ္ပာယ်ရှိသည့် ရလဒ်ထွက်ရန် မသေချာပေ။

အာဆီယံအဖွဲ့ကြီးသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဖြင့် ရပ်တည်ပြီး ဆုံးဖြတ်ချက်များကို အများသဘောတူညီချက်ဖြင့်သာ ဆုံးဖြတ်လေ့ရှိသည်။ အဖွဲ့ဝင်များထဲမှ မြန်မာအပါအဝင် မည်သည့်နိုင်ငံမဆို ကန့်ကွက်ပါက ဆုံးဖြတ်ချက်များ အတည်ဖြစ်လာနိုင်ခြေ မရှိပေ။

လက်ရှိ အာဆီယံဥက္ကဌ ဖြစ်သည့် ဘရူနိုင်းနိုင်ငံကလည်း အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။ မြန်မာပြည်သူလူထု၏ သဘောထားနှင့် အကျိုးကျေးဇူးကို ထောက်ရှုပြီး ဆွေးနွေးညှိနှိုင်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် နဂိုပုံမှန်အနေအထားသို့ ပြည်လည်ရောက်ရှိရေးအတွက် ဆောက်ရွက်ကြရန် ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဗီဒီယိုများ