၂၀၂၁ တွင် မြန်မာနိုင်ငံ၌ အလုပ်အကိုင်ဆုံးရှုံးမှု ၁.၆ သန်းအထိရှိခဲ့ကြောင်း ILO ပြော

မြန်မာနိုင်ငံတွင် ကပ်ဘေးကြီးနှင့်အတူ စစ်တပ်အာဏာသိမ်းမှုကိုပါ ရင်ဆိုင်ခဲ့ရသည့် ၂၀၂၁ ခုနှစ်အတွင်း စက်ရုံများ၊ ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ထိခိုက်နစ်နာမှုများ ရှိခဲ့ပြီး အလုပ်အကိုင် ဆုံးရှုံးမှုစုစုပေါင်း ၁.၆ သန်းခန့် ရှိခဲ့ကာ အမျိုးသမီးများအပေါ် ထိခိုက်မှု ပိုများခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ပြောကြားလိုက်သည်။

By DMG 31 Jan 2022

ဓာတ်ပုံ - AP

DMG ၊ ဇန်နဝါရီ ၃၁

မြန်မာနိုင်ငံတွင် ကပ်ဘေးကြီးနှင့်အတူ စစ်တပ်အာဏာသိမ်းမှုကိုပါ ရင်ဆိုင်ခဲ့ရသည့် ၂၀၂၁ ခုနှစ်အတွင်း စက်ရုံများ၊ ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ထိခိုက်နစ်နာမှုများ ရှိခဲ့ပြီး အလုပ်အကိုင် ဆုံးရှုံးမှုစုစုပေါင်း ၁.၆ သန်းခန့် ရှိခဲ့ကာ အမျိုးသမီးများအပေါ် ထိခိုက်မှု ပိုများခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ပြောကြားလိုက်သည်။

နိုင်ငံသည် ကိုဗစ်ကပ်ဘေးကြီးကို ရင်ဆိုင်နေရချိန်၌ နိုင်ငံရေးမငြိမ်သက်မှု၊ အကြမ်းဖက်မှု၊ မလုံခြုံမှုနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုများပါ ထပ်တိုးကြုံလာရသဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီးကို ဘက်ပေါင်းစုံမှ ရင်ဆိုင်နေရကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်သည့် ILO အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပုံမှန်ဝန်ထမ်းလုပ်ငန်းနှင့် ကျပန်းလုပ်ငန်း နှစ်မျိုးလုံးကို ထည့်သွင်းတွက်ချက်ထားသည့် လုပ်ငန်းဆုံးရှုံးမှု ပမာဏသည် တစ်နိုင်ငံလုံး အလုပ်အကိုင်စုစုပေါင်း၏ ၈ ရာခိုင်နှုန်းအထိရှိသည်။

၂၀၂၁ တွင် မြန်မာ့စီးပွားရေးသည် ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်ဟု ခန့်မှန်းရကြောင်းလည်း ILO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အာဏာပိုင်များက အလုပ်သမား အစုအဖွဲ့များအား ဖြိုခွင်းလာမှုနှင့်အတူ စက်ရုံလုပ်ငန်းများ ရပ်ဆိုင်းလာသည့်အတွက် အလုပ်သမားအများအပြားမှာ လုပ်ခလစာ ပိုမိုနည်းပါးသည့် အလုပ်များ သို့မဟုတ် လယ်ယာလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေရသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းခြင်း သို့မဟုတ် စီမံကိန်းများ ရုပ်သိမ်းခြင်းကြောင့် ဆုံးရှုံးခဲ့ရသော ဆောက်လုပ်ရေးအလုပ်အကိုင် ၃ သိန်းခွဲခန့်အထိ ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကပ်ဘေးကြောင့် နိုင်ငံတွင်း ခရီးသွားလာမှုအများစုကို ကန့်သတ်ထားသဖြင့် ဟိုတယ်များပိတ်သိမ်းခဲ့ရပြီး ခရီးသွားနှင့် အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများ ရပ်နားလိုက်ရသဖြင့် ဆုံးရှုံးရသော အလုပ်အကိုင် အရေအတွက်ပေါင်း ၈ သိန်းခန့်ရှိသည်။

ဆုံးရှုံးရသော လုပ်ငန်းအများစုမှာ အမျိုးသမီးများ လုပ်ကိုင်နေကြသော အလုပ်များဖြစ်သည်ဟု ILO က ဆိုသည်။ နိုင်ငံတွင်း အမျိုးသမီးများ အဓိကလုပ်ကိုင်နေသော အထည်ချုပ်လုပ်ငန်းမှ ဆုံးရှုံးရသော အလုပ်အကိုင်အရေအတွက်မှာ ၂၂၀၀၀၀ ခန့်ရှိသည်ဟု ILO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဗီဒီယိုများ