လူနည်းစုမွတ်ဆလင်အရေး ဖြေရှင်းဖို့ဆိုလျှင် ရခိုင်အရေးကိုအရင် ကျယ်ကျယ်ပြန့်ပြန့် အဖြေရှာဖို့လို

လက်ရှိအချိန်အထိတော့ ရခိုင်အရေးအပေါ် ကမ္ဘာကစိတ်ဝင်စားမှုက လူနည်းစုမွတ်ဆလင်ကိစ္စ ဖြစ်ပြီး အဲဒီအပေါ်ကိုပဲ အဓိကအဖြစ် အာရုံစူးစိုက်ထားပါတယ်။ အဲဒါကို ပြောင်းလဲရပါမယ်။

By Admin 28 Jan 2023

လူနည်းစုမွတ်ဆလင်အရေး ဖြေရှင်းဖို့ဆိုလျှင် ရခိုင်အရေးကိုအရင် ကျယ်ကျယ်ပြန့်ပြန့် အဖြေရှာဖို့လို

ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းအုပ်စု၊ ကန္ဒရွာ(မွဆလင်ရွာ)၌ စပါးကောက်လှိုင်းပုံများ မီးရှို့ခံရမှုနှင့် ဆက်စပ်၍ အမှုဖြစ်စဉ်ဆိုင်ရာ စစ်ဆေးမှုကို AA က ၂၀၂၂ ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ။

DMG (ဘာသာပြန်ဆောင်းပါး)

မြန်မာနိုင်ငံအနောက်ခြမ်းမှာ တည်ရှိတဲ့ ရခိုင်ပြည်နယ်ကို မသေချာမရေရာမှုတွေကသာ လွှမ်းခြုံထားဆဲပါပဲ။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့  ရက္ခိုင့်တပ်တော်အေအေ တို့ကြား အလွတ်သဘော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလနှောင်းပိုင်းမှာ ရရှိခဲ့ပါတယ်။ လပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေဟာ ဒီသဘောတူညီချက်ကြောင့် ရပ်တန့်သွားတယ်ဆိုပေမယ့် ရေရှည်မြဲမယ့်ဟန်တော့ မရှိပါဘူး။ ဒီ အပစ်ရပ် သဘောတူညီချက်ဟာ ရခိုင်ပဋိပက္ခနောက်ကွယ်က အကြောင်းရင်းတွေကို ဖြေရှင်းနိုင်စွမ်း မရှိသလို ရခိုင်ပြည်နယ် အခြေအနေက ဓားသွားပေါ်မှာ လမ်းလျှောက်ပြီး ဟန်ချက်ညီအောင်ထိန်းနေရဆဲပါပဲ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီကို မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ခုခံတွန်းလှန် နေကြပေမယ့် ရခိုင်ပြည်နယ်ရဲ့အနေအထားကတော့ တစ်မျိုး တစ်ဘာသာပါ။

ရှေးရှေးကတည်းက ရခိုင်ဘုရင်တွေသီးသန့်အုပ်ချုပ်ခဲ့တဲ့ ရခိုင်ဘုရင့်နိုင်ငံတော်ကြီးက ကွဲပြားတဲ့နိုင်ငံရေးဒိုင်းနမစ် တွေနဲ့အတူ ကွဲပြားတဲ့ယဉ်ကျေးမှုနဲ့ ကွဲပြားတဲ့သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားပါတီတွေက နိုင်ငံရေးအပေါ် ကာလရှည်ကြာ လွှမ်းမိုးချုပ်ကိုင်ထားခဲ့ပြီး ရာထူးကဖြုတ်ချခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအပါအဝင် အရင်အစိုးရ အဆက်ဆက်တွေအနေနဲ့လည်း ကြီးမားတဲ့အောင်မြင်မှုတွေ မရရှိခဲ့ပါဘူး။

နောက်ပြီး မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်ဖြစ်တစ်ခုတဲ့ ရခိုင်ပြည်နယ်မှာ အထီးကျန်နိုင်ငံဆိုတဲ့ အတိတ်ကအရိပ်ဆိုးတွေကနေ လွတ်မြောက်ပြီး စီးပွားရေးဖွံ့ဖြိုးဖို့ တရုတ်နဲ့အိန္ဒိယ နှစ်နိုင်ငံစလုံးရဲ့ အခြေခံအဆောက်အဦးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်နေပါတယ်။ 

နောက်ဆုံးတော့ ၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်မှာ လူဦးရေ ၃ ဒဿမ ၁ သန်းရှိပြီး စုစုပေါင်းလူဦးရေရဲ့ သုံးပုံတစ်ပုံပမာဏရှိတဲ့ လူနည်းစုမွတ်ဆလင်တွေရဲ့ ဆင်းရဲဒုက္ခတွေအပေါ် နိုင်ငံတကာက ဆက်ပြီး အာရုံစူးစိုက် နေခဲ့ပါတယ်။ ၂၀၁၆ - ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့ဖြိုခွဲမှုတွေကြောင့် မွတ်ဆလင်တစ်သန်းနီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရပါတယ်။ ပင်လယ်ပြင်တွေမှာ လက်ရှိအချိန်ထိ တွေ့နေရသေးတဲ့ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ မွတ်ဆလင်တွေဟာ ရခိုင်ပြည်နယ်မှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ နေထိုင်ဖို့ မျှော်လင့်ချက် ကင်းမဲ့နေတုန်းပဲလို့ အတည်ပြုထားပါတယ်။

ညီညွတ်တဲ့ ရခိုင်နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ လက်နက်ကိုင်တပ်မတော်က ရက္ခိုင့်တပ်တော်(AA) ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၂၀၁၅ ခုနှစ်ကစလို့ ပထမဆုံးအကြိမ်အဖြစ် ထင်ရှားလာသလို လျင်လျင်မြန်မြန်ပဲ ကြီးထွားလာခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ မြန်မာစစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည်အစိုးရက ကျောထောက်နောက်ခံပေးခဲ့ပြီး ရက္ခိုင့်တပ်တော်(AA) နဲ့ တိုက်ပွဲတွေဆင်နွှဲခဲ့ပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာတော့ မြန်မာစစ်တပ်က ရက္ခိုင့်တပ်တော်ကို အပစ်အခတ်ရပ်စဲဖို့ ပထမဆုံးအကြိမ်အဖြစ် ကမ်းလှမ်းလာခဲ့တဲ့အတွက် အပစ်အခတ်ရပ်စဲခဲ့ပါတယ်။ ဒါကြောင့်လည်း ရခိုင်ပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းက ကျေးလက်ဒေသအများအပြားကို ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးက အဖွဲ့ရဲ့တည်ရှိမှုကို ပြန်ပြီးစုစည်းလာနိုင်ဖို့ အချိန်တွေပေးခဲ့ပြီး ကျေးလက်နေလူထုကို အခြေခံအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေပေးပြီး ULA/AA ရဲ့ နိုင်ငံရေးလက်တံကိုလည်း ဆန့်ထုတ်နိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရက္ခိုင့်တပ်တော်မှာ လက်နက်ကိုင် စစ်သည်အင်အား ၃၀,၀၀၀ ကျော်ရှိနေတယ်လို့ အခိုင်အမာပြောဆိုခဲ့သလို မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ အင်အားအတောင့်တင်းဆုံး တပ်မတော်တွေထဲကတစ်ခု ဖြစ်လာခဲ့ပါတယ်။

အဲဒီနှစ်ကာလတွေအတွင်း စစ်အာဏာသိမ်းမှု ခုခံတော်လှန်ရေးစစ်ပွဲတွေကို နှိမ်နင်းဖို့ မြန်မာစစ်တပ်က အာရုံစိုက်နေရတဲ့အတွက် ရခိုင်ပြည်နယ်က အတော်လေးငြိမ်းချမ်းခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ် ဇွန်လမှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို အေအေက ငြင်းပယ်လိုက်ပြီးနောက်ပိုင်း နှစ်ဘက်တင်းမာမှုတွေ ပြန်ပြီးမြင့်တက်လာခဲ့ပါတယ်။ နှစ်ဘက်စလုံးကလည်း တိုက်ပွဲအတွက် ပြင်ဆင်မှုတွေ စတင်ခဲ့ပါတော့တယ်။ ဩဂုတ်လအစောပိုင်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နိုဝင်ဘာ အပစ်အခတ်ရပ်စဲရေးနဲ့သာ ဒုတိယအကြိမ် အဆုံးသတ်ခဲ့ပြန်ပါတယ်။

ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့တိုင်းရင်းသားဒေသတွေမှာတော့ အပစ်အခတ်ရပ်စဲရေးလို သဘောတူညီမှုတွေ စစ်တပ်နဲ့ ရယူတဲ့အခါတိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ ပါဝင်တဲ့ပြဌာန်းချက်တွေကို တောင်းဆိုလေ့ရှိပါတယ်။ ရခိုင်တပ်တော်နဲ့ မြန်မာစစ်တပ်ရဲ့ အပစ်အခတ်ရပ်စဲရေးမှာတော့ ဒီလိုအပိုဒ်တွေ ဖော်ပြထားတာမျိုး မရှိပါဘူး။

အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ချိန်မှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မောင်တောမြောက်ပိုင်းခရိုင်ကြား နယ်စပ်တလျှောက်မှာရှိတဲ့ စစ်ကောင်စီစခန်း ၇ ခုကို ဖျက်ဆီး သို့မဟုတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်က ပြောပါတယ်။ တခြားကင်းစခန်း ၃၇ ခုကနေလည်း စစ်ကောင်စီက ဆုတ်ခွာခဲ့ရပါတယ်။ ရလဒ်ကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ စီးပွားရေးအရရော နိုင်ငံရေးအရပါအရေးပါတဲ့ နယ်စပ်ထိန်းချုပ်မှုကို စစ်ကောင်စီဆက်ပြီး ထိန်းချုပ်ထားနိုင်ဖို့ သိသိသာသာအားနည်းသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်း စပါးရိတ်သိမ်းမှုကာလ ပြီးဆုံးချိန်မှာတော့ အကြမ်းဖက်မှုတွေ ထပ်ပြီး ဖြစ်ပွားလာနိုင်ဖွယ် ရှိပါတယ်။ စစ်ကောင်စီကတော့ အဆုံးအရှုံးတွေကြားကပဲ ရခိုင်ဒေသကို ဆက်ပြီးထိန်းချုပ်နိုင်ဖို့အတွက် ဆက်ပြီး တိုက်ပွဲတွေဆင်နွှဲနေမှာဖြစ်သလို အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့် အသုံးပြုလာပါလိမ့်မယ်။

တကယ်လို့သာ ရက္ခိုင့်တပ်တော်က ရခိုင်အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေအပေါ် ဆက်ပြီး အသာစီးရနေခဲ့မယ် ဆိုရင်တော့ တရုတ်နိုင်ငံရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ နာမည်ကြီးခရီးသွား အပန်းဖြေစခန်းတွေ တည်ရှိရာ ပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ရွှေ့ပြောင်းအုပ်ချုပ်ပါလိမ့်မယ်။ လူထုကြားမှာ အဖွဲ့ရဲ့ ရေပန်းစားမှုက အပေါင်းလက္ခဏာဆောင်ပေမယ့် မြန်မာနိုင်ငံအရှေ့ဘက် နယ်စပ်တလျှောက်မှာရှိတဲ့ သက်တမ်းရင့် တိုင်းရင်းသားနယ်မြေတွေမှာ အုပ်ချုပ်ရေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် မစွမ်းဆောင်နိုင်သေးတာ တွေ့ရပါတယ်၊။ 

ရက္ခိုင့်တပ်တော်က လွတ်လပ်ရေးကြိုးပမ်းနေချိန်မှာပဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ကွန်ဖက်ဒရိတ်ကို ရွေးချယ်ခွင့် တစ်ခုအဖြစ် ပြောဆိုခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ မတူကွဲပြားတဲ့လူမျိုးစုနဲ့ ဘာသာရေးဆိုင်ရာလူဦးရေ ကွဲပြားမှုတွေအတွက် ပိုပြီးပါဝင်လာနိုင်မယ့် အမြင်မျိူးကို သူက ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း လူမျိုးစုအချိုးအစားအတွက် သာတူညီမျှမှုရှိတဲ့ အုပ်ချုပ်ရေးမူဘောင်ကို ပင်မအခြေခံမူဘောင် အဖြစ် ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုမလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ လက်ရှိအချိန်မှာတော့ လူနည်းစု မွတ်ဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှု၊ လူမျိုးတုံးသတ်ဖြတ်မှုဆီဦးတည်တဲ့ ကန့်သတ်ချုပ်ချယ်မှုနဲ့ ဆက်နွယ်နေတဲ့ ကွန်ရက်တွေက အရင်အတိုင်း ရှိနေဆဲပါပဲ။

ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးဒိုင်းနမစ်မှာ ရခိုင်နိုင်ငံရေးပါတီတွေဖြစ်တဲ့ လူမျိုးစုဆိုင်ရာ အမျိုးသားရေးဝါဒီ ၃ ပါတီ ကလည်း တစ်စိတ်တစ်ပိုင်း ဖြစ်နေပါတယ်။ ဆယ်စုနှစ်များစွာ စစ်တပ်ရဲ့ စစ်သွေးကြွအုပ်ချုပ်မှုအောက်မှာ နေခဲ့ရတဲ့အတွက် စစ်အုပ်ချုပ်ရေးဆိုင်ရာ မူဝါဒတွေက လွယ်လွယ်နဲ့ ပျောက်ကွယ်သွားမှာ မဟုတ်တဲ့အပြင် ကိုယ်နဲ့မတူတဲ့ အခြားလူတွေရဲ့ အကြောက်တရားကိုလည်း လှုံဆော်ပေးနေပါလိမ့်မယ်။ 

ဒီအခြေအနေတွေကို စစ်ကောင်စီက သိပါတယ်။ အာဏာသိမ်းတဲ့ ပထမနေ့မှာပဲ ပါတီ ၃ ပါတီကို စစ်အုပ်ချုပ်ရေးအဖွဲ့မှာ နေရာပေးဖို့ ကောင်စီက ကမ်းလှမ်းခဲ့ပါတယ်။ အင်အားအကြီးဆုံးဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကလက်ခံခဲ့ပေမယ့် လူထုရဲ့ဆန့်ကျင်မှုတွေကြောင့် နောက်ပိုင်းမှာ ပြန်ပြီးငြင်းပယ်ခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ရွေးကောက်ပွဲအကြို ပြင်ဆင်မှုအဖြစ် ဇန်နဝါရီ ၉ ရက်ကစပြီး ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်းကောက်ယူဖို့ ပြင်ဆင်ထားခဲ့ပြီး ပါတီတွေအပေါ် တွန်းအားပေးလာပါလိမ့်မယ်။ ပါတီတွေအနေနဲ့ ကလည်း အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်မလား၊ မပါဝင်ဘူးလားဆိုတာ ဆုံးဖြတ်ရပါလိမ့်မယ်။ 

လက်ရှိအချိန်အထိတော့ ရခိုင်အရေးအပေါ် ကမ္ဘာကစိတ်ဝင်စားမှုက လူနည်းစုမွတ်ဆလင်ကိစ္စ ဖြစ်ပြီး အဲဒီအပေါ်ကိုပဲ အဓိကအဖြစ် အာရုံစူးစိုက်ထားပါတယ်။ အဲဒါကို ပြောင်းလဲရပါမယ်။

လူနည်းစုမွတ်ဆလင်တွေရဲ့ အကျပ်အတည်းနဲ့ပတ်သက်တဲ့ ဆက်စပ်မှုတစ်စုံတစ်ရာမှ ပျောက်ဆုံးမသွားပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ပြောရရင် လူနည်းစုမွတ်ဆလင်တွေရဲ့ အကျပ်အတည်းက ဦးစားပေးထိုက်ပေမယ့် သီးသန့် ကိစ္စတစ်ခုအနေနဲ့ မယူဆထားသင့်ပါဘူး။  ဒီကိစ္စက ရခိုင်တစ်မျိုးသားလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို အဟန့်အတားဖြစ်စေတဲ့ ကျယ်ပြန့်တဲ့ ဖွဲ့စည်းပုံဆိုင်ရာပြဿနာတွေရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျပ်အတည်းဖြေရှင်းနိုင်ဖို့ အာဆီယံကလည်း သဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ကန့်သတ်မှုတချို့ ရှိနေပါတယ်။ အာဆီယံ ၁၀ နိုင်ငံထဲမှာမှ လာအိုနဲ့ ထိုင်းနိုင်ငံတွေ ကသာ မြန်မာနဲ့နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ မြန်မာနဲ့ အခြားအိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂ လားဒေ့ရှ်နိုင်ငံတို့ကလည်း အာဆီယံနဲ့ အမှန်တကယ် ပူးပေါင်းဆောင်ရွက်တာမျိုး မရှိပါဘူး။

ရခိုင်ပြည်နယ်မှာကြုံနေတဲ့ ရှုပ်ထွေးမှုတွေက အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ခေါင်းရှောင်မနေဘဲ ဖြေရှင်းပေးရမယ်ဆိုတာကို သက်သေပြနေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေ အားလုံးမှာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။ 

ရခိုင်ပြည်နယ်အတွင်း ဆိုးရွားလာနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ နယ်စပ်ဖြတ်ကျော် ကယ်ဆယ်ရေးစင်္ကြံတွေဖွင့်ဖို့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ လက်တွဲရပါလိမ့်မယ်။ ထိုင်းနယ်စပ်တလျှောက် ဖြစ်ပျက်နေတာတွေကို နမူနာယူပြီး အတွေ့အကြုံရှိတဲ့ ဒေသခံအဖွဲ့အစည်းတွေကို အသုံးပြုပြီး ရခိုင်ပြည်နယ်က ဒုက္ခရောက်နေကြသူတွေ ကူညီဖို့ လိုအပ်နေပါပြီ။

ဘုန်းမောင်
Laetitia van den Assum ၏ သဘောထားအမြင် ဆောင်းပါးတစ်ပုဒ်ဖြစ်သော "Broader solution for Myanmar's Rakhine will be key for Rohingya" ကို ဆီလျော်အောင်ရေးသားပါသည်။ 

ဆောင်းပါးရှင် Laetitia van den Assum သည် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ယူကေတို့တွင် နယ်သာလန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ Laetitia van den Assum သည် ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင်လည်း အဖွဲ့ဝင်တစ်ဦးဖြစ်သည်။