မြန်မာ့အရေး စိုးရိမ်ဖွယ်ရာဖြစ်သော်လည်း အရေးယူပိတ်ဆို့ရန် မလိုအပ်ဟု စင်ကာပူပြော

မြန်မာနိုင်ငံတွင် “စိုးရိမ်ဖွယ်ရာ အပြောင်းအလဲများ” ရှိနေသော်လည်း သူ့အနေဖြင့် အာဏာသိမ်းမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် အရေးယူပိတ်ဆို့မှုများကို မထောက်ခံကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ ပိတ်ဆို့မှုများကြောင့် ပြည်သူလူထု ထိခိုက်နစ်နာနိုင်ကြောင်းလည်း ဝန်ကြီးက ပြောကြားသည်။

By Foreign Desk 18 Feb 2021

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဗီဗီယန် ဘာလာကရစ်ရှနန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၆ ခုနှစ် မေလ ၁၈ ရက်နေ့က မြန်မာနိုင်ငံတွင် တွေ့ဆုံစဉ်။ (ဓာတ်ပုံ - စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာန)

မြန်မာနိုင်ငံတွင် “စိုးရိမ်ဖွယ်ရာ အပြောင်းအလဲများ” ရှိနေသော်လည်း သူ့အနေဖြင့် အာဏာသိမ်းမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် အရေးယူပိတ်ဆို့မှုများကို မထောက်ခံကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ ပိတ်ဆို့မှုများကြောင့် ပြည်သူလူထု ထိခိုက်နစ်နာနိုင်ကြောင်းလည်း ဝန်ကြီးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်လာမည်ဟု မျှော်လင့်ကြောင်း၊ သို့မှသာ လက်ရှိ အာဏာရယူထားသည့် စစ်အုပ်ချုပ်ရေးကောင်စီနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှနန်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် အဓိကရင်းနှီးမြှုပ်နှံမှုများ  ပြုလုပ်နေသည့် စင်ကာပူအနေဖြင့် ဆူပူမှုများ၊ ဆန္ဒထုတ်ဖော်မှုများ၊ အစိုးရဝန်ထမ်းများ ဖမ်းဆီးခံရမှု၊ အင်တာနက် ဖြတ်တောက်မှု၊ စစ်သားများ နေရာချထားမှုနှင့် မြို့တွင်းလမ်းမများပေါ် သံချပ်ကာကားများ ထွက်ပေါ်လာမှုတို့အပေါ် စိုးရိမ်ကြောင်းလည်း ဝန်ကြီးက ဆိုသည်။

 “လက်နက်မပါတဲ့ အရပ်သားတွေအပေါ် အကြမ်းမဖက်သင့်ပါဘူး။ ငြိမ်းချမ်းတဲ့အဖြေတစ်ခု ထွက်ပေါ်လာဖို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဝန်ကြီးက ပြောကြားသည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ယခုအာဏာသိမ်းမှုသည် မြန်မာ့စီးပွားရေးကို နောက်ပြန်ဆုတ်သွားစေသည့် လုပ်ရပ် ဖြစ်ကြောင်း၊ စင်ကာပူမှ စီးပွားရေးလုပ်ငန်းများ အနေဖြင့် မြန်မာနှင့် အရဲစွန့် ဆက်ဆံရမည့် ပုံရိပ်အပေါ် ပြန်လည် သုံးသပ်ကောင်း သုံးသပ်နိုင်ခြေရှိကြောင်းလည်း ဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

အရေးယူပိတ်ဆို့မှုများ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ခြင်းသည် ဆင်းရဲမွဲတေမှု မြင့်မားသည့် အောက်ခြေမြန်မာလူထုကို ထိခိုက်စေနိုင်ကြောင်း၊ ဤအချက်ကို ဂျာမနီအပါအဝင် အနောက်နိုင်ငံများနှင့် ဆွေးနွေးရာတွင်လည်း ထည့်သွင်းပြောကြားခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။

အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူ ရှိနေသည့် အာဆီယံနိုင်ငံများအနက် ဝန်ကြီးကရစ်ရှနန်၏ ပြောကြားချက်သည် အကျယ်ပြန့်ဆုံး ပြောကြားချက်တစ်ခု ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ