ရခိုင်စစ်ဘေးရှောင်များအတွက် အိန္ဒိယမှ ကန်ဒေါ်လာ(၂)သိန်းကျော်တန်ဖိုးရှိသော ထောက်ပံ့ပစ္စည်းများလှူဒါန်း

“စစ်ဘေးရှောင်တွေအတွက် အမှန်တကယ်လိုအပ်တယ်ထင်လို့ တကယ့်ကို လူသားချင်းစာနာတဲ့အနေနဲ့လှူဖွယ်ပစ္စည်းတွေကို လှူဒါန်းရတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က တာဝန်ရှိပုဂ္ဂိုလ်ကြီးတစ်ယောက်က ကျနော်တို့ကို တင်ပြလာတဲ့အတွက် ဒီဟာကို လှူဒါန်းရခြင်းဖြစ်တယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်က ပြောသည်။

22 Jan 2020

ကျော်သူဌေး | DMG
ဇန်နဝါရီ ၂၁၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်များအတွက် အိန္ဒိယနိုင်ငံအစိုးရမှ အမေရိကန်ဒေါ်လာ (၂)သိန်းကျော် တန်ဖိုးရှိသော ထောက်ပံ့ရေးပစ္စည်းများကို ဇန်နဝါရီလ (၂၁)ရက်နေ့က စစ်တွေမြို့၊ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးဆိပ်ကမ်းတွင် လွဲှပြောင်းပေးအပ်ခဲ့သည်။

အိန္ဒိယအစိုးရအနေဖြင့် ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ် ရှေ့ရှုသည့်အစိတ်အပိုင်းအနေဖြင့် ပေးအပ်လွဲှပြောင်းပေးရခြင်းဖြစ်သည်ဟု အိန္ဒိယဘက်က ပြောသည်။

“စစ်ဘေးရှောင်တွေအတွက် အမှန်တကယ်လိုအပ်တယ်ထင်လို့ တကယ့်ကို လူသားချင်းစာနာတဲ့ အနေနဲ့လှူဖွယ်ပစ္စည်းတွေကို လှူဒါန်းရတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က တာဝန်ရှိပုဂ္ဂိုလ်ကြီးတစ်ယောက်က ကျနော်တို့ကို တင်ပြလာတဲ့အတွက် ဒီဟာကို လှူဒါန်းရခြင်းဖြစ်တယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ် H.E.Shri.Saurabh Kumar က ပြောသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများလှူဒါန်းရန်အတွက် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက တင်ပြခဲ့ခြင်း ဖြစ်သည်။ အကျိုးဆက်အဖြစ် ဆန်အိတ်ပေါင်း (၂၀၀၀၀)၊ ဆန်ကြာဆံ၊ ပဲဆီ၊ Toor Dal ၊ Chana Dal ၊ငရုတ်ကောင်း၊ နနွင်း၊ နံနံမုန့်၊ ဆားနှင့်တာပေါ်လိန်များကို အိန္ဒိယက လှူဒါန်းခဲ့သည်။

ယင်းထောက်ပံ့ပစ္စည်းများကို ပြည်နယ်အစိုးရအဖွဲ့က လက်ခံခဲ့ပြီး စစ်ဘေးရှောင်များကို တိတိကျကျအပ်နှံသွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားခဲ့သည်။

အဆိုပါ လွဲှပြောင်းပေးအပ်ပွဲသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားမှုမှာ တစ်နှစ်ကျော်ကြာမြင့် နေပြီဖြစ်ကာ စစ်ဘေးရှောင်(၁)သိန်းကျော်အထိရှိလာသည်။

ဗီဒီယိုများ