- တရုတ်စစ်ရေးပြပွဲမှာ ရေအောက်ဒရုန်း၊ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံး အပါအဝင် လက်နက်ကြီးတွေ ထုတ်ပြ
- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
အိန္ဒိယနယ်စပ် အချက်အချာဂိတ်နေရာများတွင် ရေဒီယိုသတ္တိကြွဓာတ် စစ်ဆေးရေး ကိရိယာများ တပ်ဆင်မည်
အိန္ဒိယနိုင်ငံသည် ၎င်းနှင့် နယ်စပ်ချင်းထိစပ်နေသည့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် နီပေါ အပါအဝင် နယ်စပ်ဂိတ် ရှစ်နေရာ၌ ရေဒီယိုသတ္တိကြွစစ်ဆေးရေး ကိရိယာ (RDE) များ တပ်ဆင်သွားမည်ဟု အိန္ဒိယအာဏာပိုင်များက ပြောကြားလိုက်သည်။
16 Oct 2023

အိန္ဒိယနိုင်ငံသည် ၎င်းနှင့် နယ်စပ်ချင်းထိစပ်နေသည့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် နီပေါ အပါအဝင် နယ်စပ်ဂိတ် ရှစ်နေရာ၌ ရေဒီယိုသတ္တိကြွစစ်ဆေးရေး ကိရိယာ (RDE) များ တပ်ဆင်သွားမည်ဟု အိန္ဒိယအာဏာပိုင်များက ပြောကြားလိုက်သည်။
နျူကလီးယားကိရိယာများ ပြုလုပ်ရာတွင် အသုံးပြုနိုင်သည့် ရေဒီယိုသတ္တိကြွပစ္စည်းများ မှောင်ခိုရောင်းဝယ်မှုကို တားမြစ်နိုင်ရေးအတွက် ယခုကဲ့သို့ စီစဉ်နေခြင်းဖြစ်ကြောင်း ဒေလီစတား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာနယ်စပ် မိုရေးမြို့၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် ပီထရာပိုး၊ အာဂါတာလာ၊ ဒေါ်ကီနှင့် စုတ္တာကန်ဒီ ဂိတ်များ၊ ပါကစ္စတန်နယ်စပ်ရှိ အတ္တာရီဂိတ်၊ နီပေါနယ်စပ်ရှိ ရာရှောနှင့် ဂျော်ဘာနီဂိတ်များရှိ စစ်ဆေးရေးနေရာများတွင် RDE များ တပ်ဆင်သွားမည် ဖြစ်ကြောင်း အမည်မဖော်လိုသည့် အရာရှိတစ်ဦးက နယူးဒေလီရှိ ဒေလီစတား သတင်းထောက်သို့ ပြောကြားသည်။
အဆိုပါ ရှစ်ဂိတ်တွင် လိုအပ်သော ပစ္စည်းများအတွက် မှာယူမှု၊ တပ်ဆင်မှုနှင့် ထိန်းသိမ်းမှုတို့ကို အိန္ဒိယအစိုးရက ပြီးခဲ့သည့်နှစ်တွင် လုပ်ငန်းသဘောတူညီချက် ရယူခဲ့သည်။ အဆိုပါလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်မည့် ကုမ္ပဏီသည် တပ်ဆင်မှုများကို မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း ၎င်းအရာရှိ၏ ပြောကြားချက်ကို ကိုးကားပြီး ဒေလီစတားက အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဖော်ပြသည်။
နယ်စပ်ဂိတ်များရှိ RDE စက်များသည် ကုန်ပစ္စည်း ဖြတ်သန်းမှုများကို စစ်ဆေးပြီး သံသယဖြစ်ဖွယ် အရာများကို ဗီဒီယိုပုံရိပ်များ ရိုက်ယူပေးမည်ဖြစ်သည်။ RDE များအနေဖြင့် နျူကလီးယား ပစ္စည်းများ၊ သဘာဝအရ ရေဒီယိုသတ္တိကြွတတ်သည့် ဓာတ်မြေသြဇာနှင့် ကြွေထည်ကဲ့သို့ ပစ္စည်များ၊ သန့်စင်ယူရေနီယံတွင် တွေ့ရသည့် ဂါမာအိုင်ဆိုတုပ်များကိုလည်း ခွဲခြားစိစစ်ပေးနိုင်မည်ဟု သတင်းတွင်ဖော်ပြချက်အရ သိရသည်။
RDE တပ်ဆင်မည့် အဆိုပါ ဂိတ်များသည် လူများ၊ ကုန်ပစ္စည်းများ နယ်စပ်ဖြတ်ကျော်မှု အလွန်များသော နေရာများဖြစ်ကြောင်း နောက်ထပ် အရာရှိတစ်ဦးက ပြောကြားသည်။ ရေဒီယိုသတ္တိကြွပစ္စည်း များကို နျူကလီးယားလက်နက် သို့မဟုတ် ရေဒီယိုသတ္တိကြွ ဖောက်ခွဲရေးပစ္စည်းများ ဖန်တီးရာတွင် အသုံးပြုနိုင်သည်ဖြစ်ရာ အဆိုပါပစ္စည်းများကို မှောင်ခိုကူးသူများသည် အိန္ဒိယလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လျက်ရှိကြောင်း သူကဆိုသည်။
ယခုကဲ့သို့ စစ်ဆေးရေးပစ္စည်းများ တပ်ဆင်မှုအတွက် အိန္ဒိယအစိုးရသည် အမေရိကန်နိုင်ငံမှ ကုမ္ပဏီများ အပါအဝင် ပြည်ပကုမ္ပဏီအချို့ထံမှ နည်းပညာ အကူအညီများ ရယူခဲ့သည်ဟု ယူဆရကြောင်း ဒေလီစတား သတင်းတွင် ဖော်ပြထားသည်။