ထင်းခုတ်ရန်သွားသည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်စွာဒဏ်ရာရ

“သက်အန္တရာယ်ပါ စိုးရိမ်ရတယ်။ မျက်လုံးတွေက လုံးဝဖွင့်လို့မရဘူး။ ကျွန်တော်အစ်မမှာ ကလေးသုံးယောက်ရှိတယ်။ အစ်မတစ်ယောက် အခုလိုဖြစ်သွားတဲ့အတွက် အရမ်းကို စိတ်မကောင်းဖြစ်မိတယ်”ဟု ၎င်းက ပြောသည်။

By အောင်ထိန် 05 Jan 2021



အောင်ထိန် | DMG
ဇန်နဝါရီ ၅ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာမှ အမျိုးသမီးတစ်ဦး မိုင်းထိမှန်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဒဏ်ရာရရှိသွားသူ ဒေါ်ခိုင်စံမေ (၄၃) နှစ်မှာ ဇန်နဝါရီလ ၄ ရက်နေ့ နေ့လည်ပိုင်းတွင် ရွာ၏အရှေ့ဖက် ၇ မိုင်ခန့်ဝေးသည့်နေရာသို့ ညီမဖြစ်သူနှင့်အတူ ထင်းခုတ်ရန်သွားစဉ် မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း မောင်ဖြစ်သူ ဦးကျော်လှထွီးက ပြောသည်။

“သက်အန္တရာယ်ပါ စိုးရိမ်ရတယ်။ မျက်လုံးတွေက လုံးဝဖွင့်လို့မရဘူး။ ကျွန်တော်အစ်မမှာ ကလေးသုံးယောက်ရှိတယ်။ အစ်မတစ်ယောက် အခုလိုဖြစ်သွားတဲ့အတွက် အရမ်းကိုစိတ်မကောင်းဖြစ်မိတယ်”ဟု ၎င်းက ပြောသည်။

မိုင်းထိမှန်မှုကြောင့် ဒေါ်ခိုင်စံမေမှာ ညာဖက်ခြေမျက်စိ ကြွေမွသွားသည့်အပြင် မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် မိုင်းစများကြောင့် ပွန်းပဲ့သည့်အထိ ဒဏ်ရာရရှိသွားသည်။

၎င်းမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရသည့်အတွက် ကျောက်တော်ဆေးရုံကနေ စစ်တွေမြို့ ပြည်သူ့ဆေးရုံ ကြီးသို့ ယနေ့ နံနက်ပိုင်းတွင် ပို့ဆောင်ထားကြောင်း သိရသည်။

ကျောက်တော်မြို့နယ်၊ ခဘော်ကျေးတွင် လူဦးရေး ၃၀၀ ကျော်ရှိပြီး အများစုက တောင်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်နေသူများဖြစကာ ယခုကဲ့သို့ မိုင်းနင်းမိမှုများရှိသည့်အတွက် ဒေသခံများမှာ တောတောင်သို့ သွားရောက်ရန် စိုးရိမ်မှုများရှိနေကြသည်။

ကျောက်တော်မြို့နယ်တွင် မိုင်းနှင့်စစ်ကျန်လက်နက်များ၏ ဆိုးကျိုးကြောင့် ထိခိုက်သေဆုံးသူ ၁၈ ဦးအထိရှိပြီး ယင်းအထဲတွင် ၇၀ ရာခိုင်နှုန်းက ၁၈ နှစ်အောက် လူငယ်များဖြစ်သည့်အတွက် မိုင်းနှင့်ပတ်သက်၍ စိန်ခေါ်မှုတစ်ခုဖြစ်နေကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

“မိုင်းနဲ့ပတ်သက်တဲ့ ဗဟုသုတတွေမရှိ၊ မိုင်းနဲ့ပတ်သက်လို့ အသိပညာပေးမှုတွေမရှိတဲ့အခါ ကျွန်တော်တို့ ကျောက်တော်မြို့နယ်မှာ ဒီအန္တရာယ်က စိန်ခေါ်မှုတစ်ခုဖြစ်လာတယ်။ ဒါက တစ်စုံတစ်ခုကို ခရီးဝေးကိုသွားလို့ ဖြစ်တာလည်းမဟုတ် ရပ်နီးရွာနီး တောတောင်တွေကို မှီခိုလုပ်ကိုင်စားသောက်နေတဲ့ ရွာတွေမှာ ဖြစ်တော့ စိုးရိမ်ရတဲ့ အနေအထားဖြစ်နေတယ်”

စစ်ရေးပဋိပက္ခဖြစ်ပွားရာ ဒေသများမှ လူကြီးများအပါအဝင်၊ ကလေးသူငယ်များသည် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် အသက် သေဆုံးရမှုများ၊ ခန္ဒာကိုယ်အစိတ်အပိုင်း ဆုံးရှုံးရမှုများလည်း မြင့်တက်လျက်ရှိ‌နေသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာ ကာလအတွင်း မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁၃ ဦးသေဆုံးကာ ၅၆ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (UNICEF) က နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရရှိ ကြသည့်အထဲတွင် ၃၅ ရာခိုင်နှုန်းသည် ကလေးသူငယ်များဖြစ်ကြပြီး ယင်းထဲတွင် ရခိုင်ပြည်နယ်မှ ကလေးသူငယ် ထိခိုက်သေဆုံးမှုမှာ ရာခိုင်နှုန်းအများဆုံးဖြစ်ကြောင်း UNICEF ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် တပ်တော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂) နှစ်အထိ ကြာမြင့်လာနေပြီး DMG ၏ အချက်အလက်အရ ၂၀၂၀ ဇန်နဝါရီလ ၂၀၂၀ ပြည့်နှစ် ဇွန်လမှ နိုဝင်ဘာလအထိ မိုင်းထိမှန်မှု၊ လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုတို့ကြောင့် အရပ်သားသေဆုံးသူ ၅၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၅၈ ဦးအထိရှိခဲ့သည်။

ဗီဒီယိုများ