အင်တာနက်ပြန်ဖွင့်ပေးရန် ဆန္ဒပြခဲ့သည့် ကျောင်းသား(၇)ဦး ထောင်ဒဏ်တစ်လချမှတ်ခံရ

ရခိုင်နှင့် ချင်းပြည်နယ်မှာ အင်တာနက်ပြန်ဖွင့်ပေးရန်အပါအဝင် ရခိုင်အရေးဆန္ဒပြတောင်းဆိုခဲ့ကြသည့် ကျောင်းသား (၇)ဦးကို ယမန်နေ့ မတ်လ ၂၅ ရက်နေ့တွင်၊ ရန်ကုန် ကမာရွတ်မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁)လကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

By အောင်ထိန် 26 Mar 2020

အင်တာနက်ပြန်ဖွင့်ပေးရန် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရန်ကုန်တွင် ဆန္ဒဖော်ထုတ်နေကြစဉ်။ (ဓာတ်ပုံ - ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်))

အောင်ထိန် | DMG
မတ်လ ၂၆၊ ရန်ကုန်

ရခိုင်နှင့် ချင်းပြည်နယ်မှာ အင်တာနက်ပြန်ဖွင့်ပေးရန်အပါအဝင် ရခိုင်အရေးဆန္ဒပြတောင်းဆိုခဲ့ကြသည့် ကျောင်းသား (၇)ဦးကို ယမန်နေ့ မတ်လ ၂၅ ရက်နေ့တွင်၊ ရန်ကုန် ကမာရွတ်မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁)လကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

၎င်းတို့ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အင်တာနက်ပြန်ဖွင့်ပေးရန် အပါအဝင် ဘူးသီးတောင်မြို့နယ်က စာသင်ကျောင်းအား လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ဖြေရှင်းပေးရေး၊ ပြည်တွင်းပြည်ပသတင်းမီဒီယာများကို လွတ်လပ်စွာ သတင်းရယူခွင့်ပေးရန် ဆန္ဒပြခဲ့သောကြောင့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ဥပဒေ ပုဒ်မ (၁၉)ဖြင့် ကမရွတ်မြို့နယ်ရဲစခန်းက အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မတ်လ (၅)ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ဒါကတော့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ လွတ်လပ်စွာ တောင်းဆိုနေကြတဲ့ ကျောင်းသားတွေကို ဒီလိုမျိုးအပြစ်ပေးတာကတော့ မှန်တာပြောရင် ဒီလိုဖြစ်မယ်ဆိုတဲ့ ပုံစံလေးတစ်ခု ဖြစ်သွားတယ်” ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သံတမန်ရေးရာတာဝန်ခံ ကိုသော်ဇင်ထွန်းကပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသူများမှာ ကိုနောင်ထက်အောင်၊ ကိုအောင်ပြည့်စုံဖြိုး၊ မနှင်း၊ မအေးမြတ်မွန်ကျော်၊ ကိုသုတစိုး၊ ကိုစစ်နိုင်၊ ကိုသက်တင်အောင် တို့ဖြစ်သည်။ ရဲတပ်ဖွဲ့က ၎င်းတို့အပါအဝင် ကိုမြတ်ဟိန်းထွန်းနှင့် ကိုကျော်လင်းတို့ကိုလည်း အမှုဖွင့်ခဲ့ပြီး လက်ရှိတွင် ၎င်းတို့နှစ်ဦးမှာ တိမ်းရှောင်လျက်ရှိသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် အစိုးရက ကြိုတင်အသိမပေးဘဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။

ထို့နောက် စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ယင်းမြို့နယ်များကို ထပ်မံဖြတ်တောက်ခဲ့သည်။

ဗီဒီယိုများ