ရခိုင်ဘာသာစကားကို စစ်တွေနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ရုံးသုံးအဖြစ် သတ်မှတ်

စစ်တွေနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ရုံးသုံးဘာသာစကားကို ရခိုင်ဘာသာအဖြစ် တရားဝင် ပြောင်းလဲသတ်မှတ်ကြောင်း မတ်လ ၁၇ ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပြီး ယင်းသတ်မှတ်ချက်အပေါ် ကျောင်းသားများကလည်း လက်ခံကြသည်။

18 Mar 2022

DMG ၊ မတ် ၁၈

စစ်တွေနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ရုံးသုံးဘာသာစကားကို ရခိုင်ဘာသာအဖြစ် တရားဝင် ပြောင်းလဲသတ်မှတ်ကြောင်း မတ်လ ၁၇ ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပြီး ယင်းသတ်မှတ်ချက်အပေါ် ကျောင်းသားများကလည်း လက်ခံကြသည်။

ရခိုင်စာပေ အသုံးတွင်ကျယ်လာစေရေးနှင့် နည်းပညာတက္ကသိုလ်(စစ်တွေ) ကျောင်းသူ၊ကျောင်းသားများအား ရခိုင်စာပေအရေးအသားနှင့် အကျွမ်းဝင်မှုရှိစေရေး မတ်လ ၁၅ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ထိုသို့ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ ရခိုင်စာပေကို အသုံးတွင်ကျယ်လာစေရေးနဲ့ တက္ကသိုလ်ကကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ရခိုင်စာအရေးအသားတွေနဲ့ ရင်းနှီးကျွမ်းဝင်လာစေရေးအတွက် အဓိကမျှော်မှန်းထားပြီး လုပ်ဆောင်လိုက်တာ ဖြစ်တယ်”ဟု စစ်တွေနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ယာယီဥက္ကဋ္ဌ ကိုခိုင်စိုးလင်းက DMG ကိုပြောသည်။

ထိုသို့ပြောင်းလဲသတ်မှတ်လိုက်ခြင်းမှာ မိမိတို့၏ ရခိုင်ဘာသာစကားကို ထိန်းသိမ်းခြင်းဖြစ်၍ ကောင်းသောလက္ခဏာတစ်ရပ်ဖြစ်ကြောင်းနှင့် တခြားလူမျိုးများအနေဖြင့်လည်း အစွန်းရောက်သည်ဟု မထင်စေလိုကြောင်း နည်းပညာတက္ကသိုလ်(စစ်တွေ)မှ တတိယနှစ်ကျောင်းသား ကိုတင်အောင်ခန့်ကဆိုသည်။

“ငယ်ငယ်ကတည်းက ဗမာဘာသာနဲ့သင်ကြားခဲ့ရလို့ တိုင်းရင်းသားအများစုဟာ ကိုယ့်ဘာသာစကားကို မသိကြဘူး။ အခုလိုပြောင်းလဲလိုက်တာဟာ ကောင်းတဲ့လက္ခဏာပါ။ အခြားလူမျိုးတွေကတော့ လူမျိုးရေး အစွန်းရောက်တယ်ထင်ကြမယ်။ တကယ်တော့ အစွန်းရောက်တာမဟုတ်ပါဘူး။ ကိုယ့်ဘာသာစကားကို ထိန်းသိမ်းတာလို့ပဲမြင်တယ်”ဟု ကိုတင်အောင်ခန့်ကပြောသည်။

နည်းပညာတက္ကသိုလ်(စစ်တွေ)မှ နောက်ထပ်တတိယနှစ်ကျောင်းသား ကိုချမ်းမြေ့အောင်ကလည်း “ဒီလို ရုံးသုံးဘာစကားအဖြစ် ရခိုင်စကားကိုသတ်မှတ်လိုက်တာဟာ ကိုယ့်လူမျိုးဘာသာစကားကို တန်ဖိုးထားတာ ဖြစ်တယ်”ဟု ဆိုသည်။

လက်ရှိတွင် ရခိုင်စာပေရေးသားခြင်းမှာ တရားဝင်အတည်ပြုသတ်မှတ်ထားသော အဘိဓာန်၊ စာလုံးပေါင်း သတ်ပုံကျမ်းများမရှိသေးသည့်အတွက် ရခိုင်ဒေသိယစကားကိုလိုက်၍ ကွဲပြားသောစာရေးဟန်များ ရှိနေခြင်းကြောင့် ရခိုင်ဘာသာစကားကို ရုံးသုံးဘာသာအဖြစ်သတ်မှတ်သုံးစွဲရာတွင် အခက်အခဲတချို့ ရှိနေသေးကြောင်း စစ်တွေနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက်ကဆိုသည်။

ဗီဒီယိုများ