ရက္ခိုင်က ကျောင်းသားတို့၏ လားရာ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် နွေဦးတော်လှန်ရေး ကာလတွင် သေဆုံးသွားသော ပြည်သူ(၂၀၈၄)ဦးရှိလာသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့စာရင်းကဆိုသည်။

By မင်းထွန်း 25 Jul 2022

DMG ၊ ဇူလိုင် ၂၅

(ဆောင်းပါး)

ရက္ခိုင်ပြည်အတွင်းက လူဦးရေခြောက်သိန်းကျော်ကို တစ်နှစ်ကျော်ကြာသည့်တိုင် အင်တာနက်လိုင်း ဖြတ်တောက်ကာ ကမ္ဘာနှင့်အဆက်အသွယ်ဖြတ်ခဲ့မှုသည် ကမ္ဘာမှာ စံချိန်တင်လောက်သည့် အင်တာနက်ဖြတ်တောက်မှု (သို့မဟုတ်) လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ခဲ့သည်။

အင်တာနက်ဖြတ်တောက်ထားမှုအား ဆန့်ကျင်ကန့်ကွက် ဆန္ဒဖော်ထုတ်မှုကြောင့် အမှုဖွင့်အရေးယူခံရသူ စုစုပေါင်း ၅၂ ဦးအထိရှိခဲ့ကြောင်း ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် လွတ်လပ်စွာ ထုတ်ဖော်ဆိုခွင့်အရေးဆောင်ရွက်နေသည့် (အသံအဖွဲ့)က ထုတ်ပြန်ခဲ့သည်။ ထိုသို့ လူတို့၏ရပိုင်ခွင့် မဆုံးရှုံးစေရန် ရှေ့ထွက်တောင်းဆိုခဲ့ကြသူများထဲတွင် ရက္ခိုင်က ကျောင်းသားများလည်း ပါဝင်ခဲ့သည်။

ရက္ခိုင်ပြည်အတွင်းက မြို့နယ် ၈ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် အစိုးရက ကြိုတင်အသိမပေးဘဲ အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ပြီး ၂၀၂၀ ခုနှစ် သြဂုတ်လ ၂ ရက်နေ့မှ အင်တာနက်ကို ပြန်လည်ဖွင့်ပေးခဲ့သည်။
NLD အစိုးရလက်ထက် လှုပ်ရှားမှု

NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် ရက္ခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးပဋိပက္ခ ပြင်းထန်ခဲ့သည်။ ထိုစစ်ပွဲနှင့်အတူ ရက္ခိုင်ပြည်အတွင်းက မြို့နယ်အချို့ကို အစိုးရက အင်တာနက်လိုင်းဖြတ်တောက်ခဲ့ပြီး သံသယရှိသည့် ဒေသခံ ၂၀၀ ကျော်ကို မြန်မာစစ်တပ်က သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည်။

ထိုအခြေအနေများကြောင့် “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ Burmese Government Get Out ၊ Burmese Army Get Out”ဆိုသည့် ကြွေးကြော်ဆန္ဒဖော်ထုတ်သံများမှာ စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးရှေ့တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့က ထွက်ပေါ်ခဲ့သည်။ ထိုသို့အသံထွက်ရန် ကျောင်းသားများက ဦးဆောင်ခဲ့ကြခြင်းဖြစ်သည်။

ရက္ခိုင်က စစ်ပွဲသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြန်လည်ငြိမ်သက်သွားခဲ့ပြီး ၂ နှစ်တာ တိုက်ပွဲကာလအတွင်း ပြည်သူတို့၏လိုအပ်ချက်နှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတို့ကို ကျောင်းသားများက နည်းမျိုးစုံဖြင့် အသံထွက်ပေးခဲ့သည်။ ထို့ကြောင့်လည်း ကျောင်းသားများ ဖမ်းဆီးထောင်ချခံခဲ့ရသည်။ ထိုသို့ အကျဉ်းကျခံရသည့်အထဲတွင် ရက္ခိုင်ကကျောင်းသားများသာမက ပြည်မရှိ ကျောင်းသားများလည်း ပါဝင်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် လှုပ်ရှားမှု

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသာမာမှုရှိသည်ဟု အကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အရပ်သားအစိုးရကိုဖြုတ်ချကာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။

အာဏာသိမ်းအစိုးရကို အပြင်းအထန်ရှုတ်ချကန့်ကွက်ကြောင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုနှင့် အာဏာသိမ်း စစ်အစိုးရကို ဖီဆန်နေကြသည့် ပြည်သူ့ဝန်ထမ်းများနှင့်အတူ ပြတ်သားစွာရပ်တည်ကြောင်း ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက သဘောထားကြေညာချက်တစ်စောင်ကို အာဏာသိမ်းပြီး ၅ ရက်မြောက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် လက်ရှိ စစ်တပ်ကအာဏာသိမ်းတာကို ကျနော်တို့မကြိုက်ဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းမှာလည်း အာဏာသိမ်းမှုတွေဟာ ခေတ်နောက်ပြန်ဆွဲတဲ့ပုံစံမျိုးဖြစ်သွားတယ်”ဟု ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂနှင့် ကွန်ပျုတာတက္ကသိုလ်(စစ်တွေ)၏ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်ကပြောသည်။

နွေဦးတော်လှန်ရေးတွင် ပါဝင်တိုက်ပွဲဝင်နေကြသော ကျောင်းသားပြည်သူများနှင့်အတူ တစ်သားတည်း ရပ်တည်ကူညီမည်ဖြစ်ကြောင်းလည်း ရက္ခိုင်ကျောင်းသားသမဂ္ဂ(တက္ကသိုလ် ၁၁ ဖွဲ့)က ၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ပူးတွဲသဘောထားထုတ်ပြန်ကြေညာခဲ့ပြန်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများ ပြည်နယ်အနှံအပြားတွင်ပေါ်ပေါက်ခဲ့သော်လည်း ရခိုင်တွင်ကား ထိုသို့ဆန္ဒဖော်ထုတ်မှုများ နည်းပါးခဲ့သည်။ ယင်းအပေါ် ဝေဖန်မှုများလည်းရှိခဲ့သည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနေနဲ့ အမျိုးသားစီးပွားအတွက် ရက္ခိုင်ပြည်သူများနှင့်အတူ လျှောက်လှမ်းနေသည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက ပြောသည်။

“ပြည်မကကျရင် ဒီမိုကရေစီအရေး၊ စစ်အာဏာရှင်ကျဆုံးရေးတွေကို လှုပ်ရှားကြတယ်။ ရက္ခိုင်ပြည်မှာက အဲဒီထက် အမျိုးသားအကျိုးစီးပွားအတွက် ကျနော်တို့ ရက္ခိုင်ပြည်သူတွေမှာ ကိုယ်ပိုင်နိုင်ငံရေးလမ်းစဉ်တွေရှိတယ်။ အဲဒီလမ်းစဉ်မှာ ကျနော်တို့က ပြည်သူတွေနဲ့အတူတူသွားရတယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် နွေဦးတော်လှန်ရေး ကာလတွင် သေဆုံးသွားသော ပြည်သူ(၂၀၈၄)ဦးရှိလာသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့စာရင်းကဆိုသည်။

ထို့အပြင် ဖမ်းဆီးခံထားရသူ ၁၁၅၈၅ ဦးထဲမှ ထောင်ဒဏ်ချမှတ်ခံထားရသူ (၁၃၁၈)ဦးရှိသည်ဟု (AAPP)၏ ထုတ်ပြန်ချက်ကဆိုသည်။ သို့သော် စစ်အာဏာရှင် ဖီဆန်ရေးလှုပ်ရှားမှုများမှာ ရပ်တန့်သွားခြင်းမရှိဘဲ လက်ရှိအချိန်ထိ နည်းလမ်းပေါင်းစုံဖြင့်တွန်းလှန်နေကြသည်ကို တွေ့ရသည်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ရက္ခိုင်ကကျောင်းသားများမှာ လှုပ်ရှားမှုပုံစံ ပြောင်းလဲသွားခဲ့ကာ အသံတိတ် လှုပ်ရှားနေသည်ဟုဆိုသည်။

“လက်ရှိအစိုးရဟာ အာဏာသိမ်းအစိုးရဖြစ်တဲ့အတွက် အရင်လို လူထုလှုပ်ရှားမှုနဲ့ မထိရောက်ဘူးလို့ သုံးသပ်တယ်။ ဆိုတော့ လှုပ်ရှားမှုပုံစံပြောင်းလိုက်တယ်။ ကျနော်တို့အနေနဲ့ လက်တွေ့မြေပြင်မှာ ပိုပြီးထိရောက်အောင် ဘယ်လိုလုပ်ဆောင်သွားမလဲ။ အဲဒါကိုပဲ ပိုပြီးအားထည့်သွားတယ်။ နည်းလမ်းဟာ မတူဖြစ်သွားတယ်”ဟု ကိုကျော်နိုင်ဌေးက ပြောသည်။

ရက္ခိုင်ပြည်က မြို့နယ်တိုင်းတွင် သမဂ္ဂတိုးချဲ့ရေးနှင့် သမဂ္ဂဖြစ်လာရေး၊ ကျောင်းသားသမဂ္ဂများကို စုစုစည်းစည်းနှင့် ပို၍အားကောင်းလာအောင် ဆောင်ရွက်နေပြီး ရက္ခိုင်အမျိုးသားရေးနှင့်ပတ်သက်သည့် လုပ်ငန်းများကိုလည်း လုပ်ဆောင်နေသည်ဟုဆိုသည်။

စစ်ကောင်စီ၏ ဖိနှိပ်မှု

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ အဓိကအားထားရာ စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အပြီးတိုင်ဖယ်ရှားပေးရန် တက္ကသိုလ်တာဝန်ရှိသူတို့ကို စစ်ကောင်စီက ဖိအားပေးစေခိုင်းခဲ့သည်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂရုံးခန်းသာမက ဆရာများသမဂ္ဂရုံးကိုလည်း ဖယ်ရှားခိုင်းခဲ့သည်။

သမဂ္ဂရုံးခန်းများကို ဖယ်ရှားခိုင်းရာတွင် အတိုက်အခံပြုလုပ်ပါက ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဖြေရှင်းရလိမ့်မည်ဟုလည်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟုလည်း စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သမဂ္ဂရုံးများကို (ကျောင်းသားနားနေဆောင်ပြုလုပ်မည်ဟုဆိုကာ) အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ ဖယ်ရှားခြင်းမှာ သမဂ္ဂနှစ်ခု၏ ရပ်တည်ချက်နှင့် လုပ်ငန်းဆောင်တာများကို ဖိနှိပ်ချုပ်ချယ်ကာ အာဏာရှင်ဆန်စွာ ပြုလုပ်ခြင်းဖြစ်သည်ဟု ဖယ်ရှားခံရသည့် သမဂ္ဂကများကဆိုသည်။

“အခွင့်သာတဲ့အခြေအနေတစ်ခုမှာ ရှိမနေတဲ့အတွက် အာဏာရှင်လက်ပါးစေတွေရဲ့ လုပ်ရပ်တွေ ရှောင်လွှဲဖို့အတွက် ရုံးပြောင်းရွှေ့တာပြုလုပ်တော့မှာဖြစ်ပါတယ်"ဟု စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

ထိုသို့ ကျောင်းသားသမဂ္ဂရုံးကို ဖယ်ရှားခိုင်းခြင်းမှာ ရက္ခိုင်ပြည်တွင်းက ကျောင်းသားသမဂ္ဂအားလုံးကို ခြိမ်းခြောက်လိုက်သည့်သဘောဖြစ်သည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် ကွန်ပျုတာတက္ကသိုလ်(စစ်တွေ)၏ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်ကရှုမြင်သည်။

“စစ်တွေတက္ကသိုလ်သမဂ္ဂကို ဖယ်ရှားနိုင်တယ်ဆိုရင် ကျနော်တို့ ကွန်ပျုတာတက္ကသိုလ် ကျောင်းသားသမဂ္ဂကိုရော။ နောက်တခြား ရက္ခိုင်ပြည်မှာရှိတဲ့ ကျောင်းသားသမဂ္ဂတွေပါ ဖယ်ရှားလို့ရတယ်လို့ ခြိမ်းခြောက်တဲ့ပုံစံမျိုးဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ဖိနှိပ်မှုများရှိသော်လည်း ကျောင်းသားသမဂ္ဂအနေဖြင့် ရရာလမ်းကြောင်းမှနေ၍ ရက္ခိုင်အမျိုးသား အကျိုးစီးပွားအတွက် ကြိုးပမ်းနေမည်ဖြစ်ကြောင်း စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ထိပ်ပိုင်းခေါင်းဆောင် ကိုကျော်နိုင်ဌေးကပြောသည်။
“ကျောင်းသားသမဂ္ဂတွေရဲ့ လှုပ်ရှားခွင့်ကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်တာဖြစ်တယ်။ ဒါပေမယ့် စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂလည်း ပျောက်မသွားဘူး။ ကျနော်တို့က လုပ်စရာရှိတာ ဆက်လုပ်သွားမှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိမှာ သမဂ္ဂရုံးနေရာမရှိသည့်အတွက် ကျောင်းသားများကို စည်းရုံးရာတွင် အခက်အခဲများဖြစ်ပေါ်ရကာ တက္ကသိုလ်ကျောင်းတွင်း လိုအပ်ချက်များနှင့်ပတ်သက်ပြီး လှုပ်ရှားရာတွင်လည်း ယခင်လောက် ထိရောက်မှုမရှိဟု ကိုကျော်နိုင်ဌေးကပြောသည်။

အစိုးရနှင့် စစ်တပ်ကိုဆန္ဒပြသည့်အတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ ထိပ်ပိုင်းခေါင်းဆောင် ကိုကျော်နိုင်ဌေးကိုလည်း ကျောင်းတာဝန်ရှိသူတို့က နိုင်ငံရေး ဆက်မလုပ်ရန် ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် သတိပေးစာထုတ်ကာ ဖိအားပေးခဲ့သေးသည်။

ကိုကျော်နိုင်ဌေးမှာ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် အပိုင်း(ဃ)၊ ကျောင်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုများ အမှတ်စဉ်(၂)အား ကျူးလွန်သည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ယင်းသို့သတိပေးခြင်းဟု သတိပေးစာတွင်ပါရှိသည်။

“နောက်နောင် ပြစ်မှုတစ်ခုခုကျုးလွန်ပါက သင်တန်းမှရပ်စဲသည့်အထိ အရေးယူမည်ဖြစ်ကြောင်း သတိပေး လိုက်သည်”ဟု စစ်တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဇော်က လက်မှတ်ရေးထိုးထားကာ သတိပေးထားသည်။

ကိုကျော်နိုင်ဌေးအပါအဝင် ရခိုင်ကျောင်းသားလေးဦးတို့မှာ မြန်မာစစ်တပ်နှင့် အစိုးရကို အလိုမရှိကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ဖမ်းဆီးခံရကာ ထောင်ဒဏ် ၂ နှစ်နှင့်ခြောက်လ ချမှတ်ခံခဲ့ရသည်။ ၎င်းတို့မှာ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှာ လွတ်ရက်စေ့၍ လွတ်မြောက်လာခဲ့သည်။

လက်ရှိ ရက္ခိုင်ကျောင်းသားများ၏လျှောက်လှမ်းမှာ “ကိုယ့် ကံကြမ္မာကို ကိုယ်ဖန်တီးရေး”ဆိုသည့် ရက္ခိတလမ်းစဉ်ပေါ်တွင် လျှောက်လှမ်းနေသည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်ကပြောသည်။

“ကျနော်တို့က လက်ရှိ ရက္ခိတလမ်းစဉ်အပေါ်မှာပဲ အားကိုးတယ်”ဟု ၎င်းကဆိုသည်။

မင်းထွန်း-ရေးသည်။

ဗီဒီယိုများ