ရခိုင်တွင် ကျောင်းသားများနှင့် အသက်မပြည့်သေးသူများလည်း ဖမ်းဆီးခံလာရသည်ဟု ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂကပြော

လက်ရှိ တက္ကသိုလ်ကျောင်းသားတွေ၊ အခြေခံကျောင်းသားတွေအပေါ်မှာ ပိုပြီးတော့ပစ်မှတ်ထားပြီး ဖမ်းဆီးလာတဲ့ပုံစံမျိုး ကျနော်တို့မြင်တယ်ပေါ့။ အခြားနိုင်ငံတွေမှာဆိုရင် ကျောင်းသားတွေ ပြစ်မှုကျူးလွန်တယ်ဆိုရင်တောင် ကျောင်းသားတွေကို သပ်သပ် တရားစီရင်ရေး စစ်ပေးတာပေါ့နော်။ နောက်ပြီး အခုလိုရက်အကြာကြီး အချုပ်ခန်းထဲတွေမှာ ထည့်ထားတာမျိုး မရှိဘူး

By Admin 15 Nov 2022

ရခိုင်တွင် ကျောင်းသားများနှင့် အသက်မပြည့်သေးသူများလည်း ဖမ်းဆီးခံလာရသည်ဟု ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂကပြော

၂၀၂၀ ပြည့်နှစ်က ဆန္ဒဖော်ထုတ်သည့် ကျောင်းသားများကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့မှုကြောင့် စစ်တွေမြို့မရဲစခန်းရှေ့တွင် ကျောင်းသားများ တောင်းဆိုခဲ့စဉ်။

DMG ၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာပြီးနောက် မြန်မာစစ်တပ်က သံသယထားကာ ဖမ်းဆီးသူများထဲတွင် ကျောင်းသားများနှင့် အသက်မပြည့်သေးသူများလည်း ပါဝင်လာသည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်ကပြောသည်။

ထိုသို့ဖမ်းဆီးခံရမှုများအပြင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့်လည်း ကျောင်းသူ၊ကျောင်းသားများ ထိခိုက်သေဆုံးနေရကြောင်းလည်း ၎င်းကဆက်ပြောသည်။

“လက်ရှိ တက္ကသိုလ်ကျောင်းသားတွေ၊ အခြေခံကျောင်းသားတွေအပေါ်မှာ ပိုပြီးတော့ပစ်မှတ်ထားပြီး ဖမ်းဆီးလာတဲ့ပုံစံမျိုး ကျနော်တို့မြင်တယ်ပေါ့။ အခြားနိုင်ငံတွေမှာဆိုရင် ကျောင်းသားတွေ ပြစ်မှုကျူးလွန်တယ်ဆိုရင်တောင် ကျောင်းသားတွေကို သပ်သပ် တရားစီရင်ရေး စစ်ပေးတာပေါ့နော်။ နောက်ပြီး အခုလိုရက်အကြာကြီး အချုပ်ခန်းထဲတွေမှာ ထည့်ထားတာမျိုး မရှိဘူး”ဟု ကိုဦးသန်းနိုင်ကဆိုသည်။

ကျောင်းသားအချို့မှာ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာကြသော်လည်း လက်ရှိဖမ်းဆီးခံထားရသည့် ကျောင်းသူ၊ကျောင်းသား ၃ ဦးရှိကာ ယင်းအထဲတွင် အသက်မပြည့်သေးသူ ၂ ဦးပါဝင်ကြောင်း ရက္ခိုင့်ပြည် ကျောင်းသားသမဂ္ဂ၏ စာရင်းအရသိရသည်။ လက်နက်ကြီးကျည်ထိမှန်မှုတွေကြောင့်လည်း ကျောင်းသူ၊ကျောင်းသား ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျောင်းသူတစ်ဦးဖြစ်သည့် မင်းပြားမြို့နယ်၊ ပြိုင်းတောင်ကျေးရွာမှ အသက် ၂၅ နှစ်အရွယ် မအေးမြစန္ဒာမှာ ဆွေမျိုးများထံ သွားရာမှာ မောင်တောမြို့နယ်၊ ကြိမ်ချောင်းအမှတ်(၂၄) စစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်ထိ ပြန်မလွတ်သေးပေ။

ကျောင်းသူ၊ကျောင်းသားများကို ဖမ်းဆီးခြင်းမှာ ၎င်းတို့၏ ပညာရေးကို ပိတ်ဆို့လိုက်သည်နှင့်တူကြောင်း မအေးမြစန္ဒာ၏ မောင်ဖြစ်သူ ကိုမျိုးငြိမ်းချမ်းကပြောသည်။

“ကျောင်းသားတွေကို ဖမ်းဆီးတာက ရခိုင်ကလူငယ်တွေရဲ့ တိုးတက်မှုကို သီးသန့်ပိတ်ဆို့တာနဲ့တူတယ်။ ပညာတတ်တွေ မရှိအောင် လုပ်နေတာနဲ့တူတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်အတွင်း ကျောင်းသူ၊ကျောင်းသားများ လက်နက်ကြီးကျည်ထိမှန်ပြီး ထိခိုက်သေဆုံးရမှု၊ ဖမ်းဆီးခံရမှုများနှင့် ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းများသို့ တင်ပြတောင်းဆိုသွားရန်ရှိကြောင်းလည်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သိရသည်။

DMG မှ ကောက်ယူထားသည့် စာရင်းအရ ၂၀၂၂ ခု နှစ်ဆန်းပိုင်းမှ လက်ရှိအချိန်ထိ မြန်မာစစ်တပ်ကဖမ်းဆီးခဲ့သူများတွင် လူကြီး ၁၃၃ ဦး၊ အသက်မပြည့်သေးသူ ၉ ဦးနှင့် အသက်အရွယ်မသိရသေးသူ ၁၉၁ ဦးရှိခဲ့သည်။ ရက္ခိုင့်တပ်တော်မှ ဖမ်းဆီးခဲ့သူများတွင် လူကြီး ၃ ဦးနှင့် အသက်အရွယ်မသိရသေးသူ ၁၀ ဦးပါဝင်သည်။ ယခုအချက်အလက်များမှာ လက်လှမ်းမီသလောက် ကောက်ယူထားခြင်းဖြစ်၍ မြေပြင်နှင့်ကွဲလွဲမှုရှိနိုင်သည်။

လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ကလေးငယ်များထိခိုက်သေဆုံးမှုမှာ ဩဂုတ်လမှ အောက်တိုဘာလအထိ သုံးလအတွင်း ကလေးငယ် ၆ ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ယခုနိုဝင်ဘာလတွင်လည်း လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ၁၈ နှစ်အောက်အရွယ် တစ်ဦးသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ကျောင်းသူ၊ကျောင်းသားများ၏ အခွင့်အရေးမှာ ယခင်ကတည်းက အပြည့်အဝမရရှိကြဘဲ ယခုအခါ အခွင့်အရေးများ ပို၍ဆုံးရှုံးနေရသည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူများကပြောဆိုကြသည်။

ဗီဒီယိုများ