KNDF ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား နှစ်လကြာတိုက်ပွဲအတွင်း ဒေသခံ ၇၅ ဦးထိခိုက်သေဆုံး၊ နေအိမ် ၁၈၀ ခန့်ပျက်စီးခဲ့

ကယား(ကရင်နီ)ပြည်နယ်၌ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား နှစ်လကြာတိုက်ပွဲများအတွင်း လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခတ်မှုများကြောင့် ဒေသခံ ၇၅ ဦးသေဆုံးခဲ့သည့်အပြင် နေအိမ်အလုံး ၁၈၀ ခန့်ပျက်စီးခဲ့သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)အဖွဲ့၏ မတ် ၂ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

03 Mar 2022

လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကရင်နီဒေသခံနေအိမ်များ ပျက်စီးခဲ့ရစဉ်။

DMG ၊ မတ် ၃

ကယား(ကရင်နီ)ပြည်နယ်၌ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား နှစ်လကြာတိုက်ပွဲများအတွင်း လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခတ်မှုများကြောင့် ဒေသခံ ၇၅ ဦးသေဆုံးခဲ့သည့်အပြင် နေအိမ်အလုံး ၁၈၀ ခန့်ပျက်စီးခဲ့သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)အဖွဲ့၏ မတ် ၂ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဖေဖော်ဝါရီလအထိ KNDF ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲပေါင်း(၅၅)ကြိမ်ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု (၆၇)ကြိမ်အထိရှိခဲ့ကြောင်း PKPF ကဆိုသည်။

KNDF ပူးပေါင်းအဖွဲ့တာဝန်ရှိသူတစ်ဦးက "ပြီးခဲ့တဲ့နှစ်လလုံးမှာ စစ်ကောင်စီရဲ့တပ်မ ၆၆ နဲ့ နယ်မြေခံတပ်တွေ အင်အား ၃၀၀ ကျော် စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်တာတွေရှိခဲ့တဲ့အတွက်လည်း ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တဲ့အထိဖြစ်ခဲ့ပါတယ်"ဟု ပြောသည်။

ထို့တိုက်ပွဲများအတွင်း ဘာသာရေးအဆောက်အဦး ၃ ခုမှာ လက်နက်ကြီးကျရောက်မှုကြောင့် ပျက်စီးမှုရှိခဲ့သည်။ တိုက်ပွဲပြင်းထန်မှုကြောင့် ကရင်နီဒေသခံ ၁၇၀၀၀၀ ကျော်မှာလည်း ကယားပြည်နယ်အတွင်းရှိ နီးစပ်ရာကျေးရွာများနှင့် တောတောင်များတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။

ကရင်နီစစ်ဘေးရှောင်များခိုလှုံနေထိုင်ရာ နေရာများသို့ လက်နက်ကြီးကျရောက်မှုများရှိခဲ့သဖြင့် စစ်ဘေးရှောင်များ ထပ်မံတိမ်းရှောင်ခဲ့ရကာ နေထိုင်ရေးနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိနေသည်။

ကရင်နီစစ်ဘေးရှောင်များကူညီရေးအဖွဲ့ တာဝန်ရှိသူ "စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ စစ်ဘေးရှောင်တွေနေရာကို ပစ်ခတ်ခဲ့တာရှိခဲ့တော့ အခုလက်ရှိအချိန်အထိ နေရာထိုင်ခင်းကော စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ လိုအပ်လျက်ရှိနေပါတယ်"ဟု ၎င်းမှဆိုသည်။

ဗီဒီယိုများ