မင်းပြားပေါက်ကွဲမှု အမျိုးသမီးတစ်ဦးသေဆုံး ကလေးငယ်အပါအဝင် ၉ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်က ပေါက်ကွဲမှုတစ်ခုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိသွားကြောင်း ကျေးရွာသားများထံမှ သိရသည်။

By အောင်ထိန် 10 Jan 2021

အောင်ထိန် | DMG
ဇန်နဝါရီ ၁၀ ၊ မင်းပြား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်က ပေါက်ကွဲမှုတစ်ခုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိသွားကြောင်း ကျေးရွာသားများထံမှ သိရသည်။

ထိုပေါက်ကွဲမှုကြောင့် ဒေါ်လှသန်းဝေ (အသက် ၄၅ နှစ်) မှာ အခင်းဖြစ်ပွားရာနေရာ၌ ပွဲရှင်းပြီး သေဆုံးသွားပြီး ဦးသန်းရွေမောင် (အသက် ၂၆ နှစ်)၊ မစိုးသန်းနု (အသက် ၁၆ နှစ်)၊ ဒေါ်နုနုသန်း (အသက် ၄၀ နှစ်)၊ မအေးစိုးချေ (အသက် ၅ နှစ်)၊ မငယ်ချစ်ချေ (အသက် ၇ နှစ်)၊ ကိုကျော်ကျော် (အသက် ၂၀ နှစ်) မမသန်းဌေး (အသက် ၂၃ နှစ်)၊ မအေအေးမိုး (အသက် ၃ နှစ်) နှင့် မောင်တင်ကျော်(အသက် ၁၆ နှစ်) တို့မှာ ဒဏ်ရာရရှိသွားကြောင်း စပါးထားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်က ပြောသည်။

“ကျွန်တော်တို့က ပေါက်ကွဲသံတစ်ပဲကြားတယ်။ ပေါက်ကွဲသံတစ်ခုကြားတော့ ဘယ်နားက ပေါက်ကွဲလည်းလို့ ကြည့်တဲ့အခါ အခင်းဖြစ်တဲ့ အိမ်နားက လူတွေငိုနေကြတယ်။ ကျွန်တော်တို့ သွားကြည့်တော့ လူတွေအားလုံးလဲနေကြတယ်။ တစ်ယောက်က သေသွားတယ်။ သူတို့ အိမ်နားမှာတော့ တွင်းတစ်တွင်းရှိတယ်။ ခဲစတွေ သံစတွေကို တွေ့ရတယ်။ လူနာတွေကို ဆေးရုံပို့ဖို့ စီစဉ်နေလို့ မိုင်းလား လက်ပစ်ဗုံးလားဆိုတာစုံစမ်းဖို့ မရသေးဘူး” ဟု ၎င်းက ပြောသည်။

ထိုသို့ဒဏ်ရာရရှိသွားသူများသည် ယနေ့ နေ့လည်ပိုင်းတွင် နေအိမ်အတွင်း၌ စကားပြောကာ စုဝေးထိုင်နေစဉ် နေအိမ်ရှေ့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ယင်းသို့ ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဒဏ်ရရှိသူထဲမှ မမသန်းဌေး က ပြောသည်။

“ဘယ်လိုမျိုးဆိုတာလည်း မသိလိုက်ဘူး။ ကျွန်မတို့က အိမ်ထဲမှာ ထိုင်နေကြတာ။ ပေါက်သံတစ်ခုတည်းကြား လိုက်ရတယ်။ ကိုယ့်မှာ ဒဏ်ရာရသွားတာကိုလည်း သွေးတွေ ထွက်လာမှသိတယ်။ ကျွန်မမှာ နဖူးနဲ့ ဒူးဆစ်မှာ ဒဏ်ရာရသွားတယ်။ ကျွန်မအရမ်းကြောက်သွားတယ်” ဟု သူမက ပြောသည်။

လက်ရှိတွင် ဒဏ်ရာရှိများသူထဲမှ ကိုသန်းရွှေမောင် (အသက် ၂၆) နှစ်၊ ဒေါ်နုနုသန်း (အသက် ၄၀)နှစ်နှင့် မောင်တင်ကျော် (အသက် ၁၆) နှစ် တို့မှာ ဒဏ်ရာပြင်းထန်သည့်အတွက် မြောက်ဦးဆေးရုံသို့ ယူဆောင်သွားပြီး ကျန် ၆ ဦးမှာ ဒဏ်ရာအခြေအနေ မစိုးရိမ်ရသဖြင့် မြောင်းဘွေတိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသည်မှာ တစ်လကျော် ရှိနေပြီဖြစ်သော်လည်း တိုက်ပွဲဖြစ်ပွားရာဒေသများတွင် မိုင်းနှင့်စစ်ကျန်လက်နက်ဆိုးကျိုးဒဏ်ကို ကြုံနေကြရသည်။

ဇန်နဝါရီလ ၄ ရက်နေ့တွင်လည်း ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာမှ ဒေါ်ခိုင်စံမေမှာ ကျေးရွာအနီးတောင်ပေါ်သို့ ထင်းခုတ်ဖို့သွားစဉ် မိုင်းနင်းမိ၍ ညာဖက်ခြေမျက်စိ ကြွေမွသွားသည့်အပြင် မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် မိုင်းစများကြောင့် ပွန်းပဲ့သည်အထိ ဒဏ်ရာရရှိသွားသည်။

ရခိုင်ပြည်နယ်တွင် တပ်တော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂) နှစ်အထိ ကြာမြင့်လာနေပြီး DMG ၏ အချက်အလက်အရ ၂၀၂၀ ဇန်နဝါရီလ ၂၀၂၀ ပြည့်နှစ် ဇွန်လမှ နိုဝင်ဘာလအထိ မိုင်းထိမှန်မှု၊ လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုတို့ကြောင့် အရပ်သားသေဆုံးသူ ၅၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၅၈ ဦးအထိရှိခဲ့သည်။

ဗီဒီယိုများ