AA စစ်ဦးစီးချုပ်ညီအပါအဝင် ရခိုင်လူငယ် (၉)ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်အပါအဝင် ရခိုင်လူငယ် (၉) ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံး၌ ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့မှ သြဂုတ်လ ၉ ရက်နေ့အထိ ချုပ်ရမန်ယူခဲ့သည်။

26 Jul 2019

ရခိုင်အသင်း(စင်္ကာပူ) ခေါင်းဆောင်များဖြစ်ကြသည့် ကိုအောင်မြတ်ကျော်၊ ကိုတင်လှိုင်ဦး နှင့် မအေးမြတ်မွန်

ခိုင်မင်းညို | DMG

ဇူလိုင် ၂၆၊ ရန်ကုန်

ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်အပါအဝင် ရခိုင်လူငယ် (၉) ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံး၌ ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့မှ သြဂုတ်လ ၉ ရက်နေ့အထိ ချုပ်ရမန်ယူခဲ့သည်။

၎င်းတို့ကို မရမ်းကုန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်မည်ဟု သတင်းထွက်ပေါ်ခဲ့သောကြောင့် မိသားစုဝင်များနှင့် ရခိုင်လူမှုရေးအဖွဲ့အစည်းများက စောင့်ဆိုင်းခဲ့ကြသည်။ သို့သော် ရဲတပ်ဖွဲ့က အနောက်ပိုင်းခရိုင်တရားရုံးသို့  ပြောင်းရွှေ့ကာ ချုပ်ရမန်ယူခဲ့ခြင်းဖြစ်သည်။

ရခိုင်အသင်း(စင်္ကာပူ) ခေါင်းဆောင်များဖြစ်သည့် ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုရဲကျော်ထက်တို့အပြင် ကိုမြတ်လင်းဦး၊ ကိုရွှေလှိုင်သန်း၊ ကိုအောင်မျိုးဝင်းတို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)(ခ)(ဂ) တို့ဖြင့် ရန်ကုန်တိုင်းသတင်းရဲတပ်ဖွဲ့က တရားလိုပြုကာ အမှုဖွင့်အရေးယူထားကြောင်း ၎င်းတို့၏ အကျိုးဆောင်ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောသည်။

ဖမ်းဆီးခံထားရသူများကို မိသားစုဝင်များနှင့် အမှုကို လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေများလည်း တွေ့ခွင့်မရခဲ့ပေ။

ဖမ်းဆီးခံ ကိုဟိန်းဇော်၏ မိခင်ဖြစ်သူက “သားလေးလာပြီမေမေလို့ ဖုန်းနဲ့ပြောတဲ့ အသံလေးပဲကြားလိုက်ရတယ်။ ကျွန်မလည်း လေဆိပ်မရောက်ခဲ့ဘူး။ အခုအချိန်ထိ ကျွန်မသားလေးကို မတွေ့ရသေးဘူး။ ဒီနေ့ ဒီရုံး(မရမ်းကုန်းတရားရုံး)မှာ ရုံးထုတ်မယ်ကြားလို့ အရမ်း တွေ့ချင်ဇောနဲ့ ဒီမှာလာပြီးစောင့်နေတာ။ မတွေ့ရဘူး” ဟု ပြောသည်။

ကိုအောင်မြတ်ကျော်အပါအဝင် လူ(၄)ဦးသည် ရန်ကုန်မြို့ အပြည်အပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးခြင်းခံရခြင်းဖြစ်ပြီး ကိုတင်လှိုင်ဦးနှင့် မအေးမြတ်မွန်တို့သည် ဇူလိုင်လ ၁၁ ရက်နေ့တွင်  နေပြည်တော်အနီးတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ကိုတင်လှိုင်ဦးတို့အတူ အငှားယာဉ်မောင်း ကိုမြတ်လင်းဆိုသူလည်း ဖမ်းဆီးခံခဲ့ရသည်။

ကိုရွှေလှိုင်သန်း နှင့် ကိုအောင်မျိုးဝင်းတို့မှာ မည်သည်မှလာ၍ မည်သည့်နေရာတွင် ဖမ်းဆီးခံခဲ့ရကြောင်းကို မသိရှိရသေးပေ။

ရခိုင်အသင်း(စင်္ကာပူ) ခေါင်းဆောင်(၆)ဦးကို ဇူလိုင်လ ၁၀ ရက်နေ့က ရက္ခိုင့်တပ်တော်(AA)ကို  ထောက်ပံ့နေသည်ဟုဆိုကာ စင်္ကာပူအစိုးရက ဖမ်းဆီးပြီး  မြန်မာနိုင်ငံကို  ပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်သည်။ ၎င်းတို့သည် AA ကိုထောက်ပံ့နေသူများ မဟုတ်ကြောင်း၊ စစ်ဘေးရှောင်များကို ထောက်ပံ့နေသူများသာဖြစ်သည်ဟု မိသားစုဝင်များက ပြောဆိုကြသည်။

 

ဗီဒီယိုများ