တပ်မတော်က ထိန်းသိမ်းထားသည့် အမ်းဒေသခံများပြန်လွတ်လာ

တပ်မတော်သားများလက်ထဲတွင် ရက်သတ္တပတ်ကြာ ထိန်းသိမ်းခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ဒေသခံ ၂၆ ဦးမှာ ယနေ့(မေလ ၂၃)ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

By မျိုးသီရိကျော် 23 May 2020

Photo - Ko Myo Lwin Ann


မျိုးသီရိကျော် | DMG
မေ ၂၃ ၊ အမ်း

တပ်မတော်သားများလက်ထဲတွင် ရက်သတ္တပတ်ကြာ ထိန်းသိမ်းခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ဒေသခံ ၂၆ ဦးမှာ ယနေ့(မေလ ၂၃)ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

ယခုပြန်လွတ်လာသူများမှာ အမ်းမြို့နယ် ဒါးလက်အလယ်ကျွန်း၊ ဒါးလက်အနောက်ရွာ၊ လိပ်ကုန်း၊ ပြိုင်းကုန်း၊ ဇရပ်ကွင်း၊ ရှမ်းကုန်းကျေးရွာတို့မှဖြစ်ကြသည်။

“သူတို့က ဒီနေ့ (၄)နာရီ (၁၅)မိနစ်လောက်မှာလွတ်လာကြတာပါ” ဟု အလယ်ကျွန်းကျေးရွာတွင် နေထိုင်သူ တစ်ဦးက DMG သို့ ပြောသည်။

မေလ ၁၇ ရက်နေ့တွင် အလယ်ကျွန်းကျေးရွာမှ ငါးရှာသွားစဉ်ပျောက်ဆုံးသွားသူ ၁ ဦး၊ ၎င်းပျောက်ဆုံးသူအား မေလ ၁၈ ရက်နေ့တွင်လိုက်ရှာသူ ၁၄ ဦး၊ ဒါးလက်အနောက်ရွာမှ သီဟိုစေ့ဝယ်ရန်သွားသူ ၅ ဦးအပြင် အခြား ကျေးရွာများမှဒေသခံများအပါအဝင် စုစုပေါင်း ၃၀ ဦးကို တပ်မတော်မှထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

၎င်းတို့အား စစ်ဆင်ရေးနယ်မြေအတွင်း တပ်မတော်သားများ၏ သွားလာလှုပ်ရှားမှုများကို သတင်းပေါက်ကြား သွားမည်စိုးရိမ်၍ ယခုကဲ့သို့ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ယနေ့လွတ်မြောက်လာသူတစ်ဦးက DMG သို့ ပြောသည်။

“ကျနော်တို့ကို ခဏတာထိန်းသိမ်းထားတာပါ။ ရိုက်နှက်တာတွေလည်းမရှိပါဘူး။ ဘာမှမလုပ်ပါဘူး။ ထမင်း ကိုလည်း သူတို့စားသလိုမျိုးစားရပါတယ်။ ခြိမ်းခြောက်တာတွေလည်း မရှိပါဘူး။ အဲ့မှာ

(၇)ရက်လောက် နေခဲ့ ရပါတယ်။ အခုလို ပြန်လွတ်လာတာလည်းပျော်ပါတယ်”ဟု ပြန်လွတ်လာသူ အလယ်ကျွန်းကျေးရွာမှ ဦးစိုးမြင့်က ဆိုသည်။

တပ်မတော်မှထိန်းသိမ်းထားသူများထဲမှ ဒါးလက်အနောက်ရွာရှမ်းကုန်းမှ ၄ ဦးကို မေလ ၂၀ ရက်နေ့တွင် ပြန်လည်လွတ်ပေးခဲ့ကာ ယနေ့တွင် ကျန် ၂၆ ဦးအား ပြန်လည်လွတ်ပေးခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ