ရခိုင်နိုင်ငံရေးအခြေအနေများကို တွေ့ဆုံဆွေးနွေးရန် ALD ကမ်းလှမ်းမှု ANP လက်ခံ

လက်ရှိဖြစ်ပေါ်နေသော ရခိုင်နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန်အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၏ ကမ်းလှမ်းမှုကို ရခိုင်အမျိုးသားပါတီ(ANP)က လက်ခံလိုက်သည်။

05 Mar 2020


ခိုင်ရိုးလ | DMG
မတ် ၅၊ စစ်တွေ

လက်ရှိဖြစ်ပေါ်နေသော ရခိုင်နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန်အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၏ ကမ်းလှမ်းမှုကို ရခိုင်အမျိုးသားပါတီ(ANP)က လက်ခံလိုက်သည်။

မတ်လ (၈)ရက်နေ့၊ ရန်ကုန်တွင်ပြုလုပ်မည့် ယင်းဆွေးနွေးပွဲတွင် ANP နှင့် ရခိုင့်ဦးဆောင်ပါတီ(AFP)တို့ကိုဖိတ် ကြားထားသည်။

“ဆွေးနွေးချက်တွေကတော့ လက်ရှိ ရခိုင်နိုင်ငံရေး အခင်းကျင်းတွေပါ။ ဖိတ်စာထဲမှာပါတဲ့ အတိုင်းပဲ။ ဘာတွေ ဆွေးနွေးမယ် ဆိုတာကတော့ အဲဒီဆွေးနွေးပွဲကျမှပဲ သိရပါမယ်” ဟု ALD ပြောရေးဆိုခွင့်ရှိသူ ဦးမြသာက ပြောသည်။

ဆွေးနွေးမည့်အကြောင်းအရာများကို သေချာမသိရသေးသော်လည်း တက်ရောက်ဆွေးနွေးမည်ဟု ရခိုင်အမျိုးသားပါတီ (ANP) ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောသည်။

“ဖိတ်စာရောက်ထားပြီးပြီ။ ရန်ကုန်တိုင်းက ANP ဘက်က တစ်ဦးတက်ရောက်ဖို့ ပါတီကဆုံးဖြတ်ထားတယ်” ဟု ၎င်းကဆိုသည်။

ယင်းဆွေးနွေးပွဲကို တက်ရောက်ရန် ဖိတ်ကြားထားသည်ကို သိရသော်လည်း တက်၊မတက် ဆွေးနွေးမှုမရှိသေး ဟု ရခိုင့်ဦးဆောင်ပါတီ (AFP) ဒု-ဥက္ကဌ ဦးကျော်လွင်က ပြောသည်။

ရခိုင်အမျိုးသားပါတီ(ANP)သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲအများဆုံးအနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။ ANPကို ၂၀၁၄ ခုနှစ်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) နှစ်ပါတီပေါင်းစည်းပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ရခိုင်အမျိုးသားပါတီ(ANP)သည် ၂၀၁၅ ခု ရွေးကောက်ပွဲအလွန်ကာလတွင် ပါတီတွင်းစည်းလုံးမှုပြိုကွဲပြီး ALD အခြမ်းမှ ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ကို ထုတ်ပယ်ခဲ့သည်။ ထုတ်ပယ်ခံရသူများသည် မူလ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အမည်ဖြင့် ၂၀၁၇ ခုနှစ်တွင် ပါတီကို ပြန်လည်ထူထောင်ခဲ့သည်။

အလားတူ ANP ပါတီမှ ထုတ်ပယ်ခံရသူတစ်ချို့နှင့် နုတ်ထွက်သူတစ်ချို့တို့ကလည်း ရခိုင့်ဦးဆောင်ပါတီ (AFP) ကို တည်ထောင်ထားသည်။ ယင်းပါတီကို ဒေါက်တာအေးမောင် ဦးဆောင်တည်ထောင်သည်ဟု ထင်ရှားပြီး လက်ရှိတွင် သားဖြစ်သူ ပြည်နယ်လွှတ်တော်အမတ် ဦးတင်မောင်ဝင်းနှင့် ဒေါက်တာအေးမောင်ကို ထောက်ခံသူများက ဦးဆောင်နေကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသောကြောင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်တွင် ကျင်းပဖြစ်၊မဖြစ် သေသေချာချာ မသိရသေးပေ။

 

ဗီဒီယိုများ