စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံမတင်ရန် ALD ဗဟိုကော်မတီဆုံးဖြတ်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် စစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံမတင်ရန် ပါတီဗဟိုကော်မတီဝင်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

By Admin 25 Feb 2023

ယနေ့ ကျောက်ဖြူမြို့တွင် ပြုလုပ်ခဲ့သည့် ALD ပါတီဗဟိုကော်မတီ အစည်းအဝေး။
ယနေ့ ကျောက်ဖြူမြို့တွင် ပြုလုပ်ခဲ့သည့် ALD ပါတီဗဟိုကော်မတီ အစည်းအဝေး။

DMG ၊ ဖေဖော်ဝါရီ ၂၅

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)အနေဖြင့် စစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံမတင်ရန် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ပြုလုပ်သည့် ပါတီဗဟိုကော်မတီဝင်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ကျောက်ဖြူမြို့တွင်ပြုလုပ်သည့် ပါတီဗဟိုကော်မတီအစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(CEC) များ၊ ဗဟိုကော်မတီဝင်(CC)များနှင့် မြို့နယ်ကော်မတီဝင် စုစုပေါင်း ၃၁ ဦးတက်ရောက်ခဲ့ပြီး ပါတီဝင်များ၏ သဘောတူညီချက်ဖြင့် ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ALD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဦးမြတ်ထွန်းက ပြောသည်။

“ဒီနေ့ ကျောက်ဖြူမြို့မှာ မြို့နယ် ၁၀ မြို့နယ်က ပါတီက ဗဟိုအလုပ်အမှုဆောင်တွေ၊ မြို့နယ်ကော်မတီဝင်တွေ တွေ့ဆုံခဲ့တယ်။ ပါတီဝင်အကုန်လုံးက လာမယ့်ရွေးကောက်ပွဲမှာ ဝင်မပြိုင်တဲ့အတွက် ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ နောက်ပြီးတော့ ဒီရွေးကောက်ပွဲက ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ တစ်ယောက်မှမသိဘူး။ နောက်ပြီး ပြည်သူတွေကလည်း စိတ်ဝင်စားမှုမရှိတဲ့အတွက် ကျနော်တို့ပါတီအနေနဲ့ မှတ်ပုံမတင်တော့ဘူး” ဟု ၎င်းက ဆိုသည်။

ALD ပါတီအစည်းအဝေးကို စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊ မာန်အောင်၊ တောင်ကုတ်၊ သံတွဲမြို့နယ်မှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပါတီဝင်များတက်ရောက်ခဲ့ကြသည်။ 

စစ်ကောင်စီက ကျင်းပလာမည့် ရွေးကောက်ပွဲမှာ အတုအယောင်ရွေးကောက်ပွဲဖြစ်သည့်အတွက် ရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ALD ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က DMG ကို ဖြေဆိုထားသည်။

“ကျနော်တို့ပါတီမှာ မူဝါဒက ရှင်းရှင်းလင်းလင်းရှိတယ်။ အခုဖြစ်လာမယ့် အတုအယောင်ရွေးကောက်ပွဲကို ကျနော်တို့ကတော့ လုံးဝလက်မခံဘူး။ လက်မခံတဲ့အပြင် ဒီရွေးကောက်ပွဲမှာ ကျနော်တို့ ဝင်ရောက်မယှဉ်ပြိုင်သလို ဒီရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုသင့်ဘူးလို့ ယူဆတယ်။ ဒီရွေးကောက်ပွဲ မဖြစ်မြောက်အောင်လည်း တွန်းအားပေးရမှာဖြစ်တယ်။ အာဏာရှင်စနစ် အဓွန့်ရှည်ဖို့ဟာကိုတော့ တိုက်ခိုက်ရမယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်တွင် အင်အားကြီးပါတီ (၃)ခုရှိသည့်ထဲမှ ရခိုင်အမျိုးသားပါတီ(ANP)မှာ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်/မတင်ကိစ္စကို မြို့နယ်ကော်မတီဝင်များ၏ သဘောထားမှတ်ချက်များ ကောက်ယူနေကြောင်း DMG သို့ ပြောဆိုထားသည်။

ရခိုင့်ဦးဆောင်ပါတီ(AFP)မှာ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်မည်ဟု ပြောဆိုထားသော်လည်း ရွေးကောက်ပွဲကော်မရှင်ထံ လက်ရှိအချိန်ထိ ပါတီမှတ်ပုံတင်ခြင်း မရှိသေးပေ။

#R007

ဗီဒီယိုများ