တရားရင်ဆိုင်နေရသည့် ရခိုင်ကျောင်းသားလေးဦး စားဝတ်နေရေးအခက်ကြုံနေရ

စစ်ရေးဆန့်ကျင်လှုပ်ရှားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ ဘေး/စီ/မံ ဥပဒေပုဒ်မ-၂၉ ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်မှ ကျောင်းသားလေးဦးမှာ စားဝတ်နေရေးအခက်ကြုံတွေ့နေရကြောင်း ကျောင်းသားများထံမှ သိရသည်။

19 Jun 2021

ဓါတ်ပုံ - ရခိုင်ပြည်အတွင်း လူ့အခွင့်ရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ တရာမျှတမှုရရှိစေရေး ပြည်နယ်အစိုးရရုံးရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များအား စက်တင်ဘာလ (၉) ရက်နေ့က တွေ့ရစဉ်။

DMG ၊ ဇွန် ၁၉

စစ်ရေးဆန့်ကျင်လှုပ်ရှားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ ဘေး/စီ/မံ ဥပဒေပုဒ်မ-၂၉ ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်မှ ကျောင်းသားလေးဦးမှာ စားဝတ်နေရေးအခက်ကြုံတွေ့နေရကြောင်း ကျောင်းသားများထံမှ သိရသည်။

စစ်တွေအကျဉ်းထောင်က ကျွေးမွေးသည့်ထမင်းမှာ စားသောက်၍မဝင်နိုင်အောင် အခြေအနေဆိုးဝါးနေသည်အထိဖြစ်နေသဖြင့် ၎င်းတို့လေးဦးအတွက် စားရေးသောက်ရေးကို အပြင်ကဆောင်ရွက်ရန် ရခိုင်ပြည်ကျောင်းသားသမဂ္ဂအနေဖြင့် အခက်အခဲရှိနေကြောင်း ပြင်မဆက်ဆံရေးတာဝန်ခံ ကိုကျော်ငြိမ်းထွန်းက ပြောသည်။

“ကျွန်တော်တို့ဘက်ကလည်း ကျောင်းသားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့အခါ နောက်ခံ Support မှုကလည်းမရှိဘူး။ အပတ်စဉ်သူတို့အတွက် အစားအစာတွေ ရိက္ခာတွေပို့ပေးတာမှ အခက်အခဲရှိနေတယ်။ သူတို့တစ်ပတ်စာ ရိက္ခာပို့ပေးဖို့ အနည်းဆုံး ငွေနှစ်သောင်းနဲ့ သုံးသောင်းကြားမှာတောင် ရှာဖို့အခက်အခဲရှိနေတယ်” ဟု ကိုကျော်ငြိမ်းထွန်းက ဆိုသည်။

လက်ရှိတွင် တရားရင်ဆိုင်နေရသည့် ကျောင်းသားလေးဦး စားဝတ်နေရေးအတွက် အခြားကျောင်းသားများမှ အလှူငွေကောက်ခံပြီး ရရှိထားသော ငွေကြေးများနှင့် ဖြေရှင်းနေကြရကြောင်း ကျောင်းသားမဂ္ဂမှ သိရသည်။

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အမှုနှစ်ခုဖြင့် တရားစွဲဆိုခံထားရသူများမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) မှ ကိုကောင်းထွန်းတို့ ဖြစ်ကြသည်။

၎င်းတို့လေးဦးမှာ ကိုယ်ကျိုးအတွက် အလုပ်လုပ်ရင်းအကျဉ်းထောင်ထဲရောက်သွားရခြင်း မဟုတ်သည့်အတွက် ပြည်သူလူထုအနေဖြင့် တတ်နိုင်သလောက်ကူညီပေးစေချင်ကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ နိုင်ငံရေးဗျူရို တာဝန်ခံ ကိုတိုးတိုးအောင်က ပြောသည်။

“သူတို့က ပြည်သူတွေအတွက် အလုပ်လုပ်လို့ ထောင်ထဲကို ရောက်သွားသူတွေဖြစ်တယ်။ ကျွန်တော်တို့ စိတ်ထဲမှာတော့ သူတို့ကို ပစ်မထားစေချင်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်သွားရင် နောက်ထပ်လူငယ်တွေကစဉ်းစား စရာဖြစ်လာမယ်။ ထောင်ထဲကို ရောက်သွားရင် တစ်ယောက်မှ ဂရုစိုက်မယ့်သူမရှိရင် နောက်နောင်အမျိုး သားရေးအတွက် အလုပ်လုပ်တဲ့အခါ အခက်အခဲရှိလာမယ်” ဟု ကိုတိုးတိုးက ဆိုသည်။

ရခိုင်ကျောင်းသားလေးဦးမှာ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသည့် စစ် ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ခဲ့သဖြင့် စစ်တွေမြို့မရဲစခန်းမှ ရဲမှူးဇော်နိုင်က တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ- ၅၀၅(ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ၂၀၂၁ ခုနှစ် မတ်လအတွင်းက ပထမအကြိမ်ရုံးထုတ်စစ်ဆေးရာ၌ ဘေး/စီ/မံ ဥပဒေပုဒ်မ- ၂၉ ဖြင့် ကျောင်းသားလေးဦးမှာ ထပ်မံတရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ရခိုင်ပြည်အတွင်း စစ်ရေးကာလ လူ့အခွင့်အရေးချိုး ဖောက်မှုများနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်တို့ သုံးဦးမှာလည်း ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ ဖြင့် တရားစွဲဆိုခဲ့ရသည်။

ယင်းအထဲမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်တို့နှစ်ဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် ငြိမ်းစုစီ ဥပဒေ၊ ဘေး/စီ/မံ ဥပဒေတို့နှင့်လည်း တရားရင်ဆိုင်နေရသည်။

ကျောင်းသားများအား စွဲဆိုထားသည့် အမှုသုံးခုထဲမှ ပြီးခဲ့သည့် မေလ ၆ ရက်နေ့က လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရရုံးရှေ့တွင် ဆန္ဒဖော်ထုတ်မှုကြောင့် စွဲဆိုခံထားရသည့် ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ ကို စစ်တွေမြို့နယ်တရားရုံးက ငွေဒဏ်ချမှတ်ခဲ့သည်။

လက်ရှိ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၉ စသည့် ပုဒ်မနှစ်ဦးဖြင့် ကျောင်းသားလေးဦးတရားရင်ဆိုင်နေရသည်မှာ ၇ လကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခအား ဆန့်ကျင်ရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂမှ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် ကျောင်းသားများရှိပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသော ကျောင်းသားများလည်းရှိသည်။

ဗီဒီယိုများ