ဆယ်တန်းကျောင်းသားအား ရိုက်နှက်ခဲ့သည့် တပ်မတော်သားများကို ဥပဒေနှင့်ညီ အရေးယူပေးရန် ကျောင်းသားသမဂ္ဂတောင်းဆို

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ဆယ်တန်းကျောင်းသားတစ်ဦးကို ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့် တပ်မတော်သားများအား အများပြည်သူမြင်သာအောင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တောင်းဆိုလိုက်သည်။

By အောင်ထိန် 25 Dec 2020

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်ရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ တရာမျှတမှုရရှိစေရေး ပြည်နယ်အစိုးရရုံးရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များအား စက်တင်ဘာလ (၉) ရက်နေ့က တွေ့ရစဉ်။

အောင်ထိန် | DMG
ဒီဇင်ဘာ ၂၅ ၊ ကျောက်တော်

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ဆယ်တန်းကျောင်းသားတစ်ဦးကို ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့် တပ်မတော်သားများအား အများပြည်သူမြင်သာအောင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တောင်းဆိုလိုက်သည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့က အပေါက်ဝကျေးရွာမှ မောင်အောင်နေဝင်း (အသက် ၁၈) မှာ မိမိနေအိမ်၌ရှိနေစဉ် တပ်မတော်သားနှစ်ဦးက ခေါ်ဆောင်သွားပြီး တစ်နာရီကြာစစ်ဆေးပြီးနောက် ဒဏ်ရာများဖြင့် ပြန်လွတ်လာကြောင်း ၎င်း၏ဖခင်ဖြစ်သူက ပြောသည်။

တပ်မတော်မှ အပြည်မဲ့ပြည်သူများအား ယခုကဲ့သို့ ရိုက်နှက်စစ်ဆေးခြင်းသည် ပြည်သူ့တပ်မတော်တစ်ရပ်အနေဖြင့် လုပ်သင့်သည့်လုပ်ရပ်များမဟုတ်ကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဒီဇင်ဘာလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဖြူစင်အရွယ်ဖြစ်တဲ့ လူငယ်ကျောင်းသားတွေကို ပစ်မှတ်ထားပြီး အကြမ်းနည်းနဲ့ ရိုက်နှက်စစ်ဆေးနေတာတွေကို ကျွန်တော်တို့က ထောက်ပြတာဖြစ်တယ်။ စစ်အာဏာရှင်အငွေ့အသက်တွေ ကျန်ရှိနေတာကြောင့် ကျွန်တော်တို့ကျောင်းသားသမဂ္ဂက နည်းလမ်းတစ်ခုအနေနဲ့ တွန်းလှန်ရတာဖြစ်တယ်”ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ နိုင်ငံရေးကော်မတီတာဝန်ခံ ကိုတိုးတိုးအောင်က ပြောသည်။

အစိုးရအနေဖြင့်လည်း အပြစ်မဲ့ပြည်သူများ မတရားသတ်ဖြတ်ခံနေရမှုအပေါ် ပြည်သူများဖက်မှ မားမားမတ်မတ်ရပ်တည်ခြင်းသည် ၎င်းတို့ကြွေးကြော်နေသော ဖက်ဒရယ်ပြည်ထောင်စုနှင့် အမျိုးသားရင်ကြားစေ့ရေးကို အလှမ်းဝေးစေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများအပေါ် မမြင်ဟန်၊ မကြားဟန်ပြုလုပ်နေခြင်းသည် အများပြည်သူစိတ်ပျက်ဖွယ် ဖြစ်နေရကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဆိုသည်။

“ပြစ်မှုကျူးလွန်သူတွေကို အများပြည်သူထင်သာမြင်သာအောင် ဥပဒေအရ မှန်မှန်ကန်ကန် အရေးယူဆောင် ရွက်စေချင်ပါတယ်။ အရေးယူဖို့မယူဖို့က သူတို့အပိုင်းပေါ။ ဒါပေမယ့် ရခိုင်ပြည်နယ်အတွင်းမှာ အခုလိုမျိုး မတရားလူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ကာလပတ်လုံး ဝေဖန်ထောက်ပြပြီး ဆက်လက်ရင်ဆိုင်နေမှာပဲ” ဟု ကိုတိုးတိုးအောင်က ဆက်လက်ဆိုသည်။

အလားတူ သြဂုတ်လ ၂၈ ရက်နေ့ကလည်း အမ်းမြို့နယ်၊ ပျင်းတော်ကျေးရွာမှ အသက် ၁၈ နှစ်အရွယ် ပညာရေးကောလိပ်ကျောင်းသားတစ်ဦးကို တပ်မတော်သားအချို့မှ ရိုက်နှက်စစ်ဆေးမှုပြုများ ပြုလုပ်ခဲ့သည်။

၎င်းမှာ နေအိမ်၌မိသားစုနှင့် စကားများရာမှ လမ်းလျှောက်ထွက်လာရာ အမ်းမြို့နယ်ရှိ တပ်ရင်း ၇၅၇ အနီးရှိ ဟင်းရွင်ဆည်၌ ထိုင်နေစဉ် အရပ်ဝတ်ဖြင့် တပ်မတော်သားသုံးဦးက လာရောက်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုမှာ ၂ နှစ်ကျော် ကာလအတွင်း သံသယဖြင့် ဖမ်းဆီးခံရမှု၊ ရိုက်နှက်စစ်ဆေးခံရမှုများရှိခဲ့ပြီး ၂၀၂၀ ဇွန်လမှ အောက်တိုဘာလအထိ သံယဖြင့် ဖမ်းဆီးခံရသူ ၁၀၄ ဦး အထိရှိခဲ့ကြောင်း DMG ၏ မှတ်တမ်းအရ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲအလွန်မှစ၍ ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်အပြန်အလှန် ဆွေးနွေးမှုများကြောင့် တိုက်ပွဲများရပ်တန့်နေသည်မှာ တစ်လကျော်အထိရှိနေပြီး ဖမ်းဆီးခံရမှုများလည်း ရပ်တန့်နေခြင်းဖြစ်သည်။

ဗီဒီယိုများ