ရက္ခိုင်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် နှစ်ဦးအား ထောင်ဒဏ် ၁ လချမှတ်

ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ အထွေထွေအတွင်းရေးမှူး ကိုမြတ်ဟိန်းထွန်းနှင့် အဖွဲ့ဝင် ကိုကျော်လင်းတို့အား ငြိမ်း၊စု၊စီ ဥပဒေပုဒ်မ (၁၉)ဖြင့် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်တရားက ဇူလိုင် ၂၃ ရက်နေ့တွင် ထောင်ဒဏ် ၁ လ ချမှတ်လိုက်သည်။

By အောင်ထိန် 23 Jul 2020

အောင်ထိန် | DMG
ဇူလိုင် ၂၃ ၊ ရန်ကုန်

ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ အထွေထွေအတွင်းရေးမှူး ကိုမြတ်ဟိန်းထွန်းနှင့် အဖွဲ့ဝင် ကိုကျော်လင်းတို့အား ငြိမ်း၊စု၊စီ ဥပဒေပုဒ်မ (၁၉)ဖြင့် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်တရားက ဇူလိုင် ၂၃ ရက်နေ့တွင် ထောင်ဒဏ် ၁ လ ချမှတ်လိုက်သည်။

“လူသားတိုင်းရဲ့ အခွင့်အရေးဆိုင်ရာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ ဆုံးရှုံးလျှက်ရှိနေပြီး တောင်းဆို ချက်တွေကိုလည်း အစိုးရနဲ့ မြန်မာ့တပ်မတော်က တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့စွာ လျစ်လျှူရှုထားဆဲ ဖြစ်တယ်” ဟု ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)က ယနေ့ထုတ်ပြချက်တွင် ရေးသား ထားသည်။

ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)အပါအဝင် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီး)၊ ဗ.က.သများအဖွဲ့ချုပ်တို့သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရခိုင်နှင့် ချင်းပြည်နယ်တွင် အင်တာနက်ဖွင့်ပေးရေးအပြင် ဘူးသီးတောင်မြို့နယ်ရှိ စာသင်ကျောင်းအား လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကို တာဝန်ယူ၊ တာဝန်ခံမှုရှိစွာဖြင့် ဖြေရှင်းပေးရေး၊ ပြည်တွင်းပြည်ပသတင်းမီဒီယာများကို လွတ်လပ်စွာ သတင်းရယူခွင့်ပေးရန် စသည်ဖြင့် ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ထိုသို့ ဆန္ဒပြတောင်းဆိုခြင်းကြောင့် ကျောင်းသားသမဂ္ဂအသီးသီးမှ အဖွဲ့ဝင် ၉ ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ နှင့် အမှု ဖွင့်ခဲ့ကြောင်း၊ ယင်း ၉ ဦးထဲမှ ၇ ဦးကို မတ်လ ၂၅ ရက်နေ့က ထောင်ဒဏ် ၁ လမှတ်ခဲ့ပြီး ယခုအခါ ကျောင်းသား ၂ ဦးကို ထောင်ဒဏ် ၁ လ ချမှတ်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၁)ရက်နေ့က အစိုးရက အင်တာနက်ပိတ်ပင်ခဲ့သည်။

ထို့နောက် စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ယင်းမြို့နယ်များကို ထပ်မံ ဖြတ်တောက်ခဲ့သည်။

သို့သော်လည်း အင်တာနက်ပိတ်ထားခံရသည့် မြို့နယ်များထဲမှ မောင်တောမြို့နယ်ကို ယခုနှစ် မေလ ၃ ရက် နေ့တွင် အစိုးရက အင်တာနက်ပြန်လည်ဖွင့်ပေးခဲ့ကာ ကျန်မြို့နယ်များအား ဆက်လက်၍ အင်တာနက်ပိတ်ထားခံရသည်မှာ တစ်နှစ်နှင့် တစ်လကျော် ရှိပြီဖြစ်သည်။

ဗီဒီယိုများ