အကြမ်းဖက်ပုဒ်မများနှင့် တရားစွဲခံထားရသော ရခိုင်လူငယ်များ၏ မိသားစုဝင်အချို့ ဘဏ်မှ ငွေထုတ်ခွင့်မရ

ရခိုင်အသင်း(စင်္ကာပူ)မှ ခေါင်းဆောင်များအပါအဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုခံနေရသူများအား ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ စက်တင်ဘာ ၂၀ ရက်နေ့က ရုံးထုတ်ရာတွင် မိသားစုဝင်များက ပြောဆိုခဲ့ခြင်းဖြစ်သည်။

By မြတ်ဝင်းကျော် 21 Sep 2019

ဖမ်းဆီးတရားစွဲဆိုခြင်း ခံထားရသော ရခိုင်အသင်း(စင်္ကာပူ) ခေါင်းဆောင်များ

မြတ်ဝင်းကျော် | DMG
စက်တင်ဘာ ၂၁ ၊ ရန်ကုန်

ရန်ကုန်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများနှင့် တရားစွဲဆိုခံနေရသော ရခိုင်လူငယ်တို့၏ မိသားစုဝင်အချို့ကို ဘဏ်မှငွေထုတ်ခွင့်မပေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရခိုင်အသင်း(စင်္ကာပူ)မှ ခေါင်းဆောင်များအပါအဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုခံနေရသူများအား ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ စက်တင်ဘာ ၂၀ ရက်နေ့က ရုံးထုတ်ရာတွင် မိသားစုဝင်များက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်မသားကိုလည်း ဒီလိုမျိုး ချုပ်နှောင်ထားတယ်။ ပိုက်ဆံထုတ်မရအောင်လည်း ဒီလိုမျိုးလုပ်ထားတော့ ကျွန်မတို့မှာ သဲကိုစားပြီးနေရမှာလား။ ဘဏ်ကငွေထုတ်လို့မပေးဘူး ” ဟု ကိုဟိန်းဇော်၏ မိခင်ဖြစ်သူက ဆိုသည်။

စင်္ကာပူနိုင်ငံ၌ နေထိုင်ခဲ့သည့် ကိုဟိန်းဇော်သည် ဇနီးဖြစ်သူနှင့်အတူ ၎င်းတို့၏ နာမည်ဖြင့် KBZ ဘဏ်တွင် ဘဏ်အကောင့်ဖွင့်လှစ်ထားကာ လစဉ် ငွေများစုဆောင်ထားကြောင်း၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူ ဇနီးဖြစ်သူမှာလည်း လိုအပ်လျှင် ငွေထုတ်ယူသုံးစွဲလျက်ရှိသော်လည်း ယခုအခါ ယင်းသို့ငွေထုတ်ခွင့်မရခြင်းဖြစ်သည်။

“တရားမဝင်တဲ့ ပိုက်ဆံ တစ်ပြားမှမပါဘူး။ သူနဲ့ သူ့မိန်းမနှစ်ယောက် နာမည်နဲ့ဖွင့်ထားတာ။ ဥပမာ-လင်သေသွားရင် မယားထုတ်၊ မယားသေသွားရင်လင်ထုတ် အဲဒီလိုတွဲပြီးလုပ်ထားတာ။ အခု မောင်ဟိန်းဇော်နာမည် ပါလို့ ပိတ်ထားတယ်ဆိုတော့ အမှုကိစ္စပြီးတဲ့အထိ ထမင်းမစားဘဲ စောင့်နေရမှာလား” ဟု ၎င်းက ဆက်၍ ပြောသည်။

သို့သော် မိသားစုဝင်အချို့မှာမူ တရားစွဲဆိုခံနေရသူတို့၏ အမည်ဖြင့်မဟုတ်ဘဲ သီးခြားဖွင့်လှစ်ထားသဖြင့် ဘဏ်များမှ ငွေထုတ်ယူ၍ရကြောင်း သိရသည်။

ရုံးချိန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲဆိုခံထားရသူ တရားခံပြေး ကိုသန်းထွန်းနိုင်နှင့် မောင်စိုးမြင့်တို့နှစ်ဦးအား ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း၊ ဝရမ်းအား တရားရုံးသို့တင်သွင်းခဲ့ပြီး နောက်ထပ်ရုံးချိန်းများတွင် ပုဒ်မ ၅၀(ည)၊ ၅၂(က)တို့နှင့် တရားစွဲခံထားရသည့် ကိုအောင်မြတ်ကျော်ပါ (၈) ဦး အမှုနှင့်အတူ မှင်ပြာသက်သေများကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ဒုတိယ ခရိုင်တရားသူကြီး(၃) ဦးမင်းသန့်(ပြန်ကြားရေးအရာရှိ)ထံမှ သိရသည်။

ထို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေမပုဒ်မ ၅၀(ည)ဖြင့် သီးခြားတရားစွဲခံထားရသည့် ကိုအောင်မျိုးဝင်း နှင့်ဆက်စပ်နေ၍ ပုဒ်မ ၅၀(ည)ဖြင့် ထပ်မံကာ တရားစွဲဆိုခံထားရသူ ကျော်ဟန် စစ်တွေမြို့ ရူပမြောက် ရပ်ကွက်၊ သာထွန်းအောင် ရမ်းဗြဲမြို့နယ် သာယာတောနှင့် ထွန်းမင်းနိုင်(ခ)အေးထွန်း ရန်ကုန်တိုင်း ထန်းတစ်ပင် နေထိုင်ကြသူ ၃ ဦးကို  ဖမ်းဆီးနိုင်ခြင်းမရှိဟု ဝရမ်းအား တင်သွင်းခဲ့ကြောင်း ပြန်ကြားရေးအရာရှိက ဆိုသည်။

ရခိုင်အသင်း(စင်္ကာပူ)မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုအောင်မြတ်ကျော်ကမူ တရားစီရင်ရေး၌ အပေါ်က ကြိုးကိုင်လှုပ်ရှားခြင်းတို့ရှိနေကြောင်း ပြောဆိုခဲ့သည်။

ဗီဒီယိုများ