စစ်ကောင်စီနှင့် ဆက်ဆံရေးရပ်တန့်ရန် ဖင်လန်နှင့် ဆွစ်ဇာလန်ကို မြန်မာအရပ်ဖက်အဖွဲ့ ၄၅၀ ကျော် တောင်းဆို

ဖင်လန်နှင့် ဆွစ်ဇာလန် နိုင်ငံတို့အနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို ပံ့ပိုးပေးနေမှုအပါအဝင် ထိတွေ့ဆက်ဆံရေးများအား ရပ်တန့်ပေးရန် မြန်မာပြည်တွင်း အရပ်ဘက်အဖွဲ့ ၄၅၅ ဖွဲ့က နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

By Admin 11 Nov 2023

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးတို့ ၂၀၁၈ ခုနှစ်က နေပြည်တော်တွင် တွေ့ဆုံစဉ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးတို့ ၂၀၁၈ ခုနှစ်က နေပြည်တော်တွင် တွေ့ဆုံစဉ်။

DMG ၊ နိုဝင်ဘာ ၁၁ 

ဖင်လန်နှင့် ဆွစ်ဇာလန် နိုင်ငံတို့အနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို ပံ့ပိုးပေးနေမှုအပါအဝင် ထိတွေ့ဆက်ဆံရေးများအား ရပ်တန့်ပေးရန် မြန်မာအရပ်ဖက်အဖွဲ့ ၄၅၅ ဖွဲ့က နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်း မပြုလုပ်ရန် တောင်းဆိုရခြင်းမှာ စစ်ကောင်စီ၏ လုပ်ငန်းစဉ်များ ပြတ်တောက်စေရန် ရည်ရွယ်သည်ဟု တောင်းဆိုမှုပြုလုပ်သည့် ၄၅၅ ဖွဲ့တွင် ပါဝင်သည့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) ဥက္ကဌ ကိုစောထွန်းက ပြောသည်။

“စစ်ကောင်စီရဲ့ အသက်ရှူပေါက်တွေဖြစ်တဲ့ ပြည်တွင်းကရတဲ့ စစ်ကောင်စီရဲ့ရင်းမြစ်တွေကို ဖြတ်တောက်ဖို့နဲ့ ပြည်ပက သူတို့ကိုအသိအမှတ်ပြုတဲ့ ရင်းမြစ်တွေကို ဖြတ်တောက်လိုက်မှ စစ်ကောင်စီရဲ့ လူမဆန်တဲ့လုပ်ရပ်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိန်းချုပ်တဲ့နေရာမှာ ဒီလိုတောင်းဆိုမှုတွေပြုလုပ်တာက အများကြီး ထိရောက်တာကြောင့် တောင်းဆိုမှုမှာ ပါဝင်ခဲ့တာဖြစ်တယ်” ဟု သူက ပြောသည်။ 

စစ်ကောင်စီကို ကူညီမည့်အစား မြန်မာပြည်သူတစ်ရပ်လုံး ကြိုးပမ်းလျက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့သောငြိမ်းချမ်းရေး ပေါ်ပေါက်လာအောင် ပံ့ပိုးကူညီပေးရန် အရပ်ဖက်အဖွဲ့များက ဖင်လန်နှင့် ဆွစ်ဇာလန် နိုင်ငံတို့ကို တိုက်တွန်းထားသည်။ 

ဖင်လန်အစိုးရသည် မကြာသေးမီက CMI-Martti Ahtisaari Peace Foundation မှတဆင့် မြန်မာစစ်အုပ်စု၏ အမည်ခံ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီအား လျှို့ဝှက်ဖိတ်ကြားကာ ဖင်လန်နိုင်ငံ၊ ဟယ်စင်ကီမြို့တွင် တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။   

စစ်အုပ်စု၏ ကိုယ်စားလှယ်အဖွဲ့အား ဖိတ်ကြားတွေ့ဆုံခြင်းမှာ ဖင်လန်အစိုးရသည် စစ်အုပ်စုအပေါ် အသိအမှတ်ပြုမှု၊ ကြိုဆိုမှုနှင့် ပံ့ပိုးမှုတို့ကို ပြသနေသည်ဟု အရပ်ဖက်အဖွဲ့များက ပြောသည်။ 

“အဲဒီလို လုပ်ဆောင်တာဟာ ဒီမိုကရေစီအခြေခံမှုတွေနဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ လိုလားတောင့်တချက်တွေကို ဆန့်ကျင်ချိုးဖောက်လိုက်တာဖြစ်တယ်” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။  

အရပ်ဖက်အဖွဲ့အစည်း ၄၅၅ ဖွဲ့က ယခုကဲ့သို့ တပြိုင်တည်း တောင်းဆိုလိုက်သည်မှာ တနိုင်ငံလုံးရှိ ပြည်သူများ၏ ဆန္ဒလည်းဖြစ်သည်ဟု နိုင်ငံရေးသုံးသပ်သူများက ပြောသည်။ 

“ကိုယ်ကျိုးအတွက် စစ်ကောင်စီကို လေကြောင်းလက်နက်၊ စက်ယန္တရားလက်နက်တွေ ကူညီပေးတာ စတဲ့  စစ်ပွဲအတွက် အထောက်အကူဖြစ်တာတွေကို လူသားချင်းစာနာမှုကိုကြည့်ပြီး မထောက်ပံ့သင့်ဘူး။ အခုလို တောင်းဆိုမှုအပေါ် မလိုက်လျောပေးရင် စစ်ကောင်စီနဲ့ဆက်ဆံတဲ့အတွက် အဲဒီနိုင်ငံတွေကလည်း သွေးညှီပက်သွားမှာပဲ။ အဲဒါကို သမိုင်းက အဖြေပေးသွားလိမ့်မယ်” ဟု နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။ 

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့အထိ အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း အနည်းဆုံး ပြည်သူ ၄,၁၇၄ ဦးအား သတ်ဖြတ်ထားပြီး လူပေါင်း ၁ ဒဿမ ၇ သန်းကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု အရပ်ဖက်အဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ယင်းအပြင် ၂၀၂၃ ခုနှစ်၊ မေလမှ ဩဂုတ်လအထိ ကာလတိုအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၇၂ ကြိမ်ရှိပြီး ယင်းဖြစ်စဉ်များအတွင်း အရပ်သား ၇၂ ဦး သေဆုံးခဲ့ကာ ၁၆၃ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု  ဖော်ပြထားသည်။  

ဆွစ်ဇာလန်အစိုးရသည်လည်း Centre for Humanitarian Dialogue Swisspeace နှင့် ပူးတွဲ၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပခဲ့သည်။ 

ထိုသို့ စစ်ကောင်စီ၏ အတုအယောင် NCA ကြိုးပမ်းမှုများကို ဆွစ်ဇာလန်အစိုးရက ပံ့ပိုးကူညီခြင်းသည် မြန်မာစစ်အုပ်စုအား တရားဝင်ဖြစ်စေမှုကို အထောက်အကူဖြစ်စေသည်ဟု အရပ်ဘက်အဖွဲ့များက ဆိုသည်။ 

“မြန်မာပြည်သူလူထုအား စစ်အာဏာရှင်စနစ်အောက် အတင်းအဓမ္မ ပြန်လည်သွတ်သွင်းစေမယ့် စစ်ကောင်စီရဲ့ အညှာတာမဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုလည်း သက်ဆိုးရှည်စေမှာဖြစ်တယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ဆွစ်ဇာလန်နှင့် ဖင်လန်နိုင်ငံတို့သည် အခြားနိုင်ငံအနည်းငယ်နှင့် ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)၏ လုပ်ငန်းကော်မတီတစ်ခုဖြစ်သည့် နည်းပညာအထောက်အကူပြု အတွင်းရေးမှူးရုံး (TSC) မှတဆင့် လူသားချင်းစာနာမှု အကူအညီများပေးအပ်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။  

ထို့ကြောင့် ဖင်လန်နှင့် ဆွစ်ဇာလန်နိုင်ငံ အစိုးရများအနေဖြင့် စစ်အုပ်စုအတွက် တရားဝင်မှုနှင့် အသိအမှတ်ပြုမှုပေးအပ်ခြင်းကို ရပ်တန့်ရန်၊ ယင်းအစား မြန်မာပြည်သူများအတွက် အပြည့်အဝပံ့ပိုးကူညီရန် အရပ်ဖက်အဖွဲ့များက တောင်းဆိုထားသည်။ 

#D004 #DMG

ဗီဒီယိုများ