ကိုဗစ်ကာလအတွင်း မင်းပြားတွင် တိုက်ပွဲရက်ဆက်ဖြစ်ပွား

ရခိုင်ပြည်နယ်တွင် ကူးစက်ပျံ့နှံ့မှုမြန်သည့် COVID-19 ရောဂါ ဒုတိယလှိုင်းဖြစ်ပွားမှု မြင့်မားနေသော်လည်း မင်းပြားမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားလျက် ရှိနေကြောင်း ဒေသခံများထံမှသိရသည်။

By အောင်ထိန် 02 Oct 2020

အောင်ထိန် | DMG
အောက်တိုဘာ ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ကူးစက်ပျံ့နှံ့မှုမြန်သည့် COVID-19 ရောဂါ ဒုတိယလှိုင်းဖြစ်ပွားမှု မြင့်မားနေသော်လည်း မင်းပြားမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားလျက် ရှိနေကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါမြို့နယ်၏ မေလွမ်းကျေးရွာနှင့် ဖား‌ပျော်(ချင်း)ကျေးရွာအကြားတွင် စက်တင်ဘာ ၃၀ ရက်‌နေ့က လည်းကောင်း၊ အောက်တိုဘာ ၁ ရက်မှာ ရာမောင်တံတားအနီး ဆနွင်းတောင်၌လည်းကောင်း တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ရာမောင်တံတားအနီး ဖြစ်ပွားသောတိုက်ပွဲမှာ အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက မိနစ် ၃၀ ကျော်ခန့် ဖြစ်ပွားခဲ့ပြီး ဆက်လက်၍ ညနေပိုင်း ၅ နာရီအချိန်မှ ည ၇ နာရီအချိန်ခန့်ထိ တိုက်ပွဲဆက်ဖြစ်ခဲ့ကြောင်း မင်းပြား မြို့နယ်သေကံကျေးရွာမှ ဒေသခံများကဆိုသည်။

ယင်းတိုက်ပွဲကြောင့် သေကံကျေးရွာမှ အသက် ၅၃ နှစ်အရွယ်အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရရှိသွားခဲ့သဖြင့် မင်းပြားဆေးရုံးတွင် ဆေးကုသခံယူလျက်ရှိသည်။

“အခု ကိုဗစ်ဖြစ်နေပေမယ့် ကျွန်မတို့မှာ ဆေးမရှိ/ဝါးမရှိနေရတယ်။ စိုးရိမ်တကြီးနဲ့နေထိုင်နေရတယ်။ ကိုဗစ် လည်းတစ်မျိုး၊ နောက်တိုက်ပွဲကြောင်းလည်းတစ်မျိုးဆိုတော့ ကျွန်မတို့မှာ စိုးရိမ်မှုနှစ်မျိုးဖြစ်သွားပြီ” ဟု သေကံ ကျေးရွာမှ ဒေါ်မသန်းဌေးကဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်ရပ်စဲသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့မှာ တပ်မတော်က ကြေညာခဲ့ရာတွင် တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်နှင့် ချင်းပြည်နယ်တို့မပါဝင်ခဲ့ပေ။

ရက္ခိုင့်တပ်တော်(AA)အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့မှလည်း ငြိမ်းချမ်းရေးလုပ်ငန်း၊ ကိုဗစ်ဒုတိယ လှိုင်းအား ထိန်းချုပ်တားဆီးနိုင်ရေးလုပ်ငန်းများနှင့် ရွေးကောက်ပွဲလုပ်ငန်းများကို အထောက်အကူပြုစေရန် အတွက် စက်တင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ တစ်ဖက်သက်အပစ်ရပ်စဲကြောင်း စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂)နှစ်ခန့်ကြာမြင့် လာနေပြီး လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်သည်။

တိုက်ပွဲများရပ်တန့်ကာ နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဒေသခံပြည်သူများက တောင်းဆိုနေကြသည်။

“နှစ်ဖက်စလုံးတိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးသဘောတူ လက်မှတ်ထိုးမှ ကျွန်တော်တို့လည်း အေးချမ်းမယ် ထင်ပါတယ်။ အခုလိုမျိုး တိုက်ပွဲတွေဘဲဆက်ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ဘယ်နေရာမှ လုံခြုံမလဲဆိုပြီး ထွက်ပြေးနေရမှာပဲ” သေကံကျေးရွာမှ ဦးကျော်ငြိမ်းမောင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေး ဒုက္ခသည်ဦးရေမှာ နှစ်သိန်းနှစ်သောင်းကျော်အထိ ရှိလာနေပြီး စစ်ဘေးရှောင်များမှာ စားဝတ်နေရေး၊ ကျန်းမာရေး စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

ဗီဒီယိုများ