ရခိုင်က မြို့နယ်အချို့တွင် စစ်ဆေးရေးတင်းကြပ်မှုများရှိသည့်အတွက် ခရီးသွားလာရေးအခက်တွေ့နေ

ရခိုင်ပြည်မြောက်ပိုင်းက မြို့နယ်အချို့မှာ ယခုရက်ပိုင်းအတွင်း စစ်တပ်ကတင်းကြပ်စွာ စစ်ဆေးမှုရှိလာသည့်အတွက် ဒေသခံများခရီးသွားလာသည့်အခါ အခက်ကြုံတွေ့နေရသည်ဟု ဒေသခံများထံမှ သိရသည်။

27 Jun 2022

DMG ၊ ဇွန် ၂၇

ရခိုင်ပြည်မြောက်ပိုင်းက မြို့နယ်အချို့မှာ ယခုရက်ပိုင်းအတွင်း စစ်တပ်ကတင်းကြပ်စွာ စစ်ဆေးမှုရှိလာသည့်အတွက် ဒေသခံများခရီးသွားလာသည့်အခါ အခက်ကြုံတွေ့နေရသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ်တို့တွင် မြို့အဝင်အထွက်နှင့် စစ်တပ်မှ တပ်စခန်းရှိသည့် နေရာများမှဖြတ်သန်းသွားလာသည့် ခရီးသည်များကို မှတ်ပုံတင်၊ လက်ကိုင်ဖုန်းနှင့် ခရီးသည်အိတ်များကို ပါ စစ်ဆေးမှုများရှိခဲ့သည်ဟု ဒေသခံများကဆိုသည်။

စစ်တွေမှ ရသေ့တောင်သို့ သွားရောက်ခဲ့စဉ်စစ်ဆေးခံခဲ့ရသည့် ဒေသခံ ကိုထူးထူးက “ ကျနော်တို့သွားတုန်းက ဇွန် ၂၄ ရက်လောက်ကဆိုရင် လက်ကိုင်ဖုန်း၊ မှတ်ပုံတင်နဲ့ ခရီးသည်အိတ်တွေကိုလည်းစစ်ဆေးပါတယ်။ ဘယ်သွားတာလဲ။ ဘာလုပ်တာလဲဆိုပြီးတော့ မေးမြန်းတယ်။ ရေချမ်းပြင် ဂိတ်မှာဆိုရင် တစ်နာရီလောက် စောင့်ခဲ့ရတယ် ” ဟုဆိုသည်။

ယခုကဲ့သို့ခရီးသွားဧည့်သည်များကို စစ်ဆေးမေးမြန်းနေခြင်းမှာ ခရီးသည်များအတွက် စိတ်လုံခြုံမှုမရှိသလို၊ အလုပ်ကိစ္စ၊ လူမှုရေး၊ စီးပွားရေးကိစ္စများတွင်လည်း နှောင့်နည်းကြန့်ကြာမှုများဖြစ်စေသည်ဟု သူကဆိုသည်။

အလားတူ မြောက်ဦးမြို့မှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကလည်း မြို့အဝင်အထွက်တွင် စစ်တပ်မှ စစ်ဆေးမေးမြန်းမှုများရှိနေသည့်အတွက် အလုပ်ခွင်သို့ တစ်ဦးတည်းမသွားရဲခြင်း၊ လက်လုပ်လက်စားသမားများမှာ အပြင်ထွက်သို့ထွက်၍ အလုပ်မလုပ်ရဲခြင်းများရှိကြောင်းသိရပြီး အလုပ်နားထားသူအချို့လည်းရှိကြောင်း သိရသည်။

“ဒေသခံတွေမှာ အလုပ်ခွင်ထဲကိုလည်းမသွားရဲကြတော့ဘူး။ လယ်ထွန်ဖို့တောင်မသွားရဲကြဘူး။ လက်လုပ်၊ လက်စားသမားတွေ၊ သုံးဘီး၊ ဆိုင်ကယ် ကယ်ရီဆွဲတဲ့သူတွေ ဈေးသည်တွေဆိုရင် လုံးဝမသွားရဲကြတော့ဘူး ဖြစ်နေပါတယ်။ ရေရှည်မှာလည်း ဒီအတိုင်းဖြစ်လာမယ်ဆိုရင် အကုန်လုံးဒုက္ခရောက်ကြမယ်။ စားသောက်ကုန်တွေလည်း ပြတ်ပြီးတော့ စားဖို့သောက်ဖို့လည်း အခက်အခဲဖြစ်သွားနိုင်ပါတယ် ” ဟုဆိုသည်။

မြောက်ဦးမြို့တွင် စစ်တပ်မှရပ်ကွက်အတွင်း ကားဖြင့်လှည့်လည်ခြင်းများ နေ့စဉ်ရှိနေပြီး နာမည်စာရင်းတကွ ဖမ်းဆီးမှုများလည်းရှိနေသည်ဟု သိရသည်။ ယခုကဲ့သို့ စစ်ဆေးမှုများရှိနေသည့်အတွက် ကုန်စည်စီးဆင်းမှုကြန့်ကြာကာ ကုန်ဈေးနှုန်မြင့်တက်ခြင်းနှင့် ကုန်စည်များပြတ်လပ်သွားမည်ကိုလည်း ဒေသခံများစိုးရိမ်နေကြသည်။

မြောက်ဦးမြို့နယ် တိန်ညိုစံပြကျေးရွာမှ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်မယဉ်က“ ဆိုင်အတွက် ဆိုင်ပစ္စည်းဝယ်ဖို့ တောင်မသွားရဲဘူးဖြစ်နေပါတယ်။ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးတာတွေရှိနေတယ်ဆိုပြီး သတင်းတွေကြားရတော့ ပိုပြီးတော့ စိုးရိမ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ကမသွားရဲပါဘူး ”ဟုဆိုသည်။

ရက္ခိုင့်တပ်တော် AA နှင့် မြန်မာစစ်တပ်တို့ စစ်ရေးတင်းမာနေမှုကြားတွင် ဒေသခံပြည်သူများကို ဖမ်းဆီးခြင်းမပြုရန်နှင့် လမ်းသွားလမ်းလာများကို တင်းကြပ်စွာစစ်ဆေးမှုမပြုဘဲ လွတ်လပ်စွာသွားလာခွင့်ရဖို့လည်းဒေသခံများက တောင်းဆိုကြသည်။

အမ်းမြို့မှ စစ်တွေမြို့သို့လာသည့် လမ်းတစ်လျှောက်တွင် စစ်ဆေးဂိတ် ၁၀ ခုထားပြီး စစ်ဆေးနေသည့်အတွက် ခရီးသည်များမှာ စိတ်အနှောင့်အယှက်ဖြစ်နေရသည်ဟု အမည်မဖော်လိုသည့် စစ်တွေ-ရန်ကုန် ပြေးဆွဲနေသော ကားသမားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။   

ရခိုင်ပြည်နယ်အတွင်း တစ်မြို့နဲ့ တစ်မြို့ ကူးသန်းသွားလာနေသည့်ခရီးသွားများကို ယခုကဲ့သို့ တင်းတင်းကြပ်ကြပ်စစ်ဆေးနေခြင်းကြောင့် ဒေသခံများမှာ အခက်ကြုံနေရသလို အခုရက်ပိုင်းအတွင်း မြို့နယ်တချို့မှာ စစ်ကျန်မှိုင်းပေါက်ကွဲခြင်း၊ သေနတ်သံအချို့ကိုလည်း ကြားခဲ့ရခြင်းကြောင့် ဒေသခံများမှာ တိုက်ပွဲဖြစ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။

ယခုလအတွင်းတွင် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်မြို့တို့မှ မြန်မာစစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးတို့ကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးသွားပြီး မြန်မာစစ်တပ်ဘက်ကလည်း အဆိုပါမြို့နယ်များမှ ဒေသခံ ၇၀ ဦးခန့်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

ဗီဒီယိုများ