သံတွဲတွင် အောက်စီဂျင်ထုတ် စက်ရုံတည်ဆောက်ရန် ကြိုးပမ်းနေ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဆေးရုံတွင် လိုအပ်သည့် အောက်စီဂျင်အား အလွယ်တစ်ကူရရှိနိုင်ရန်အတွက် အောက်စီဂျင်ထုတ် စက်ရုံကိုတည်ဆောက်ရန် စတင်ကြိုးပမ်းလျက်ရှိနေပြီး အလှူရှင်များ လိုအပ်နေသေးကြောင်း စက်ရုံတည်ဆောက်ရေးအဖွဲ့ တာဝန်ရှိသူများ ထံမှသိရသည်။

10 Jul 2021

DMG ၊ ဇူလိုင် ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဆေးရုံတွင် လိုအပ်သည့် အောက်စီဂျင်အား အလွယ်တစ်ကူရရှိနိုင်ရန်အတွက် အောက်စီဂျင်ထုတ် စက်ရုံကိုတည်ဆောက်ရန် စတင်ကြိုးပမ်းလျက်ရှိနေပြီး အလှူရှင်များ လိုအပ်နေသေးကြောင်း စက်ရုံတည်ဆောက်ရေးအဖွဲ့ တာဝန်ရှိသူများ ထံမှသိရသည်။

သံတွဲမြို့နယ်၊ သိမ်ကုန်းကျောင်းဆရာတော် ဦးတေဇိန္ဒမှ ဦးဆောင်ကာ ယင်းအောက်စီဂျင်ထုတ်စက်ရုံကို ဆောက်လုပ်ရန်ပြင်ဆင်နေခြင်းဖြစ်ပြီး လက်ရှိစက်ရုံတည်ဆောက်ရန် မြေနေရာနှင့် ငွေကြေးအလှူရှင်အချို့ရှိနေပြီဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

"မြေနေရာကတော့ ရှိပြီးပြီ။ အလှူငွေတွေလည်း နည်းနည်းတော့ရနေပြီ။ သံတွဲဆေးရုံရဲ့ အောက်စီဂျင်လိုအပ်ချက်ကို ဖြေရှင်းဖို့က ဒီနည်းလမ်းတစ်ခုဘဲရှိတယ်။ အခုကိုဗစ်ကာလဆိုရင် အောက်စီဂျင်က ပိုလိုနေတယ်။ ပြည်မဖက်ကို ဖြည့်ဖို့ပို့တဲ့အခါလဲ အခက်အခဲတွေရှိတယ်။ လိုသလောက်ကို ဖြည့်ဖို့ပြောလို့မရဘူး စောင့်ရတယ်။ အဲဒါကြောင့် ဒီစက်ရုံကိုတည်ဆောက်ဖို့ လုပ်လိုက်တာ" ဟု ဆရာတော်ကမိန့်သည်။

အဆိုပါစက်ရုံကို ရွေဆံတော်တောင်ပေါ်တွင် တည်ဆောက်ရန် ရည်မှန်းထားပြီး အောက်စီဂျင်ထုတ် စက်ရုံတည်ဆောက်ရေးအတွက် ငွေကျပ်သိန်း ၁၅၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြသည်။

သံတွဲခရိုင်ဆေးရုံတွင် အောက်စီဂျင်သုံးနှုန်းမှာ တစ်နေ့လျှင် အလုံးရေ ၂၀ ခန့်ရှိပြီး အောက်စီဂျင်ဖြည့်ရန် ပို့ဆောင်ရာ၌ တစ်နေ့လျှင် ၁၀ လုံးသာရရှိသဖြင့် တစ်ခါတစ်ရံ အောက်စီဂျင်ပြတ်လပ်မှုနှင့် ကြုံတွေ့ရသည်များရှိကြောင်း ဆရာတော်ကမိန့်သည်။

"အရင်တုန်းကတည်းက အရေးပေါ်အောက်စီဂျင် ဝယ်မရလို့ အသက်ဆုံးရှုံးသူတွေလဲ ရှိခဲ့ဖူးတယ်။ ဒီအတိုင်းဆက်သွားရင် ဒီလိုအခက်အခဲတွေထပ်ပြီးဖြစ်လာမယ်။ ရေရှည်အတွက် တွေးမယ်ဆိုရင် ခရိုင်ဆေးရုံတစ်ခုဖြစ်တဲ့အတွက် ဒါကလိုအပ်တယ်။ ဆောက်ကိုဆောက်လုပ်ရမယ်"ဟု ဆရာတော်ကမိန့်သည်။

သံတွဲဆေးရုံအတွက် လိုအပ်သည့်အောက်စီဂျင်ကို ယခင်က အစိုးရနှင့် အလှူရှင်တစ်ချို့မှ ကူညီလှူဒါန်းပေးခဲ့သော်လည်း ယခုအခါ ဝယ်ယူရေးအပိုင်းတွင် အခက်အခဲရှိသဖြင့် အလှူရှင်များအနေနှင့်လည်း လှူဒါန်းမှုများမပြုလုပ်နိုင်ကြောင်း သံတွဲဆေးရုံတာဝန်ရှိသူထံမှ သိရသည်။

လက်ရှိသံတွဲခရိုင်ဆေးရုံအတွင်း ကိုဗစ်အတည်ပြုလူနာနှင့် သံသယရှိသူ ၄၀ ကျော်ကို စောင့်ကြည့်ထားရှိပြီး ယင်းအထဲမှာ အသက်ရှူမဝ၍ အောက်စီဂျင်ပေးကုသနေရသူ ၉ ဦးရှိကြောင်း သိရသည်။

ဗီဒီယိုများ