CDM တပ်မတော်သားမိသားစုဝင်များအတွက် ပြည်သူများ ကူညီပေးရန် မေတ္တာရပ်ခံ

စစ်ကောင်စီ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့်အနေဖြင့်  အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ပြီး ပြည်သူ့ဘက်သို့ ကူးပြောင်းလာခဲ့သည့် တပ်မတော်သားမိသားစုဝင်များ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ပေါ်နေခြင်းကြောင့် ပြည်သူများက ဝိုင်းဝန်းကူညီပေးကြရန် ပြည်သူ့စစ်သားများအဖွဲ့မှ ယနေ့ နိုဝင်ဘာ၂၆ ရက်တွင်DMG သို့ ပြောသည်။

26 Nov 2021

CDM တပ်မတော်သားမိသားစုဝင်များ နေထိုင်ရန် တပ်မတော်သားတစ်ဦး ပါဝင်လုပ်ဆောင်နေစဉ်။

DMG၊  နိုဝင်ဘာ ၂၆

စစ်ကောင်စီ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့်အနေဖြင့်  အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ပြီး ပြည်သူ့ဘက်သို့ ကူးပြောင်းလာခဲ့သည့် တပ်မတော်သားမိသားစုဝင်များ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ပေါ်နေခြင်းကြောင့် ပြည်သူများက ဝိုင်းဝန်းကူညီပေးကြရန် ပြည်သူ့စစ်သားများအဖွဲ့မှ ယနေ့ နိုဝင်ဘာ၂၆ ရက်တွင်DMG သို့ ပြောသည်။

CDM လုပ်ဆောင်ခဲ့ပြီး မိသားစုတချို့မှာ နေထိုင်စားသောက်ရန် အခက်အခဲဖြစ်ပေါ်နေခြင်းကြောင့် ပြည်သူများမှ တက်နိုင်သလောက် ထောက်ပံ့ပေးနိုင်ရန် အကူအညီတောင်းခဲ့ကြောင်း CDM ပြည်သူ့စစ်သားအဖွဲ့ဝင်တစ်ဦးက ပြောသည်။

"လတ်တလောက အခက်အခဲတွေရှိတာပေါ့။ အဓိက နေဖို့ထိုင်ဖို့ စားသောက်ဖို့အတွက် မိသားစုတချိုက အခက်အခဲရှိလာတယ်။ အဲတာတွေအတွက် ပြည်သူတွေဘက်က တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးဖို့ပဲ လိုအပ်နေပါတယ်" ဟု သူကပြောသည်။

ထို့အပြင် CDM တပ်မတော်သားအနေဖြင့် နေထိုင်ရန်အတွက် နေအိမ်များကို တည်ဆောက်နေပြီး မိသားစုဝင်အားလုံးမှ တပိုင်တနိုင်ဖြင့် ကူညီဆောင်ရွက်ပေးမှုများရှိနေကြောင်း ပြည်သူ့စစ်သားအဖွဲ့ဝင်များက ဆိုသည်။

"မိသားစုဝင်တွေ ပါလာတာကြောင့် ပြည်သူတွေ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ နေဖို့အတွက်က အိမ်တန်းဆောက်ပေးပြီးတော့ လောလောဆယ်မှာ မိသားစု ၁၅ စု အဆင်ပြေနိုင်ဖို့ တည်ဆောက်ပြီးပါပြီ" ဟု ပြည်သူ့စစ်သားအဖွဲ့မှ အမည်မဖော်လိုသူစစ်သည်တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် တပ်မတော်စစ်သည်အရာရှိများအနေဖြင့် အင်အား၂၀၀၀ ကျော်ခန့်ရှိနေပြီး ဆက်လက်၍ CDM ဝင်ရောက်လိုသည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ ထပ်မံရှိနေကြောင်း ပြည့်သူ့စစ်သားများအဖွဲ့မှ ဆိုထားသည်။

ကူညီပေးလိုသည့် ပြည်သူများအနေဖြင့် ပြည်သူ့စစ်သားများပေ့စ်မက်ဆင်ဂျာမှ ဖြစ်စေ၊ ဝက်ဘ်ဆိုက်မှဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဗီဒီယိုများ